ပြည်တွင်းသတင်းသမားများ အခက်အခဲတွေကြား ရပ်တည်ရှင်သန်

ရန်ကုန်မြို့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲတခုအတွင်း အပြေးအလွှားသတင်းယူနေတဲ့ သတင်းထောက်တဦးကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)

မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းသတင်းဌာနအတော်များများ ပိတ်သိမ်းခံရသလို ကျန်ရှိနေတဲ့သတင်းဌာနတချို့မှာလည်း အခက်အခဲတွေကြား ရှင်သန်ရပ်တည်နေကြရတယ်လို့ သတင်းသမားတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို နန်းလောဝ်ကတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းသတင်းဌာနအတော်များများ လိုင်စင် ပိတ်သိမ်းခံခဲ့ရပါတယ်။ ပြည်တွင်းသတင်းဌာနတချို့ ပိတ်သိမ်းကြသလို တချို့သော လက်ချိုးရေတွက်လို့ရတဲ့သတင်းဌာနအချို့ကတော့ နိုင်ငံရေးအခင်းအကျင်းသစ်မှာ လုပ်ငန်းရေရှည်ရပ်တည် ရေးအတွက် အခက်အခဲတွေကြားက ရှင်သန်နေရတယ်လို့ ဆိုပါတယ်။ သတင်းဌာနတခုအနေနဲ့ရပ်တည်နိုင်ရေးမှာ အတော်လေးခက်ခဲလာနေသလို သတင်းဌာနတွေနဲ့ သတင်းသမားအများစုဟာ ခြိမ်းခြောက်မှုမျိုးစုံ၊ ရပ်တည်နိုင်ဖို့အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ မန္တလေးအခြေစိုက် VOM (Voice of Myanmar) သတင်းဌာနကို တည်ထောင်သူ ဦးနေလင်းက ပြောပြ ပါတယ်။

"နစက- က အာဏာရယူပြီးတဲ့နောက်ပိုင်းမှာ စကားလုံးကအစ စိစစ်ရတယ်။ အာဏာသိမ်းတယ်-လို့ ရေးလို့မရဘူး။ 'စစ်ကောင်စီ'လို့ ကျနော်တို့အတွင်းထဲနေတဲ့သူတွေက ရေးလို့မရဘူး။ အဲလို ရေးလိုက်ရင်လည်း ပြဿနာရှိမယ်။ နောက်တခါ မရေးလို့ဆိုပြီးတော့ တဘက်ကလည်း ကျနော်တို့ကို စွပ်စွဲတာမျိုးစုံတွေရှိတယ်။ ဘာတွေတုန်းဆိုတော့ 'စစ်တပ်ရဲ့မီဒီယာ' တို့၊ တချို့ဆို ရိုင်းရိုင်းစိုင်းစိုင်း '...မ' တို့ အပြောခံရတာမျိုးတွေအထိ ရှိတယ်။ ဘက်မျှဖို့ ကျနော်တို့က တော်တော်ကိုသတိထားပြီး သတင်းရေးနေရတယ်။ အခက်အခဲက တည်ဆဲဥပဒေကလည်းတမျိုးပေါ့၊ ဒီ တော်လှန်ရေးဆိုတဲ့အုပ်စုရဲ့အမြင်ကလည်းတမျိုး၊ ဒီကြားထဲမှာက ပြည်တွင်းထဲမှာနေရတဲ့မီဒီယာက တအားကို ကြားညပ်နေတာပေါ့။ ဘက်မျှအောင်ကြိုးစားပေမဲ့လည်း ဘယ်သူမှ မကြိုက်ဘူး။ နှစ်ဘက်စလုံးက မကြိုက်ဘူး။​အဲလိုမျိုး ဖြစ်နေတယ်။ အဲဒီတော့ လွတ်လပ်ခွင့်ကတော့ တော်တော်ကြီးကို ခြိမ်းခြောက်ခံရတယ်၊ အသက်အန္တရာယ်အထိကို ကျနော်တို့က စိုးရိမ်ရတယ်။"

VOM သတင်းဌာနရဲ့အယ်ဒီတာချုပ် ဦးနေမျိုးလင်းနဲ့ သတင်းထောက်တဦးဟာ အာဏာသိမ်းပြီးတဲ့နောက် နှစ်လကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ထောင်ကပြန်လွတ်လာပြီးနောက်လည်း သတင်းဌာနကို ဆက်လက်လုပ်ကိုင်နေသူဖြစ်ပါတယ်။

ယနေ့ခေတ်သတင်းဌာန အယ်ဒီတာချုပ်ဦးသက်ဇင်ကတော့ သတင်းဌာနအနေနဲ့ ပြည်တွင်းမှာ ရပ်တည်နိုင်ဖို့ စိန်ခေါ်ချက်တွေများစွာရှိနေသလို၊ အာဏာပိုင်တွေအပြင် ပြည်ပကဝေဖန်တိုက်ခိုက်မှုတွေရဲ့ ဒဏ်ကိုပါရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

"ဟုတ်တယ်၊ ကျနော်တို့အထဲမှာနေရတာက အပြင်မှာလူတွေရေးသလိုမျိုးတော့ ရေးလို့မရဘူး။ ပြည်သူကိုသစ္စာဖောက်တာလည်းမဟုတ်ဘူး။ အာဏာပိုင်တွေနဲ့ပေါင်းနေတာလည်းမဟုတ်ဘူး။ ကျနော်တို့ယုံကြည်ချက်နဲ့ကျနော်တို့လုပ်နေတာ။ နှစ်ဘက်ခံစားရတယ်ဗျ။ တဘက်က အာဏာပိုင်တွေအောက်မှာ ရုန်းကန်ရတဲ့တဘက်ရှိသလို တဘက်ကလည်း အပြင်မှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ မီဒီယာသမားတွေက ကျနော်တို့ကို အာဏာပိုင်တွေနဲ့ပေးစားတယ်၊ စစ်တပ်နဲ့ပေးစားတဲ့ကိစ္စတွေဖြစ်တယ်။ ကျနော်တို့ ပြည်တွင်းမှာရပ်တည်လို့ရပေမဲ့ အပြင်ကနေ ကျနော်တို့ကိုရပ်တည်လို့မရအောင်...ကျနော်တို့က .မီဒီယာ....အကုန်လုံးပျက်စီးသွားအောင်လို့....လုံးဝရပ်တည်လို့မရအောင်လုပ်တဲ့သဘောပါတဲ့အခါကျတော့ အဲဒါကလည်း ကျနော်တို့ရဲ့စာနယ်ဇင်းလွတ်လပ်ခွင့်ကို ချိုးဖောက်တာပဲ။ နှစ်ဘက်ခံစားရတယ်။ တဘက်က အာဏာပိုင်တွေအောက်မှာလုပ်နေရတဲ့အတွက် ကျနော်တို့မှာ သတိကြီးကြီးထားရတယ်။ နေ့စဥ်နဲ့အမျှ ကျနော်တို့မှာ စိန်ခေါ်မှုတွေရှိတယ်။ တဘက်မှာလည်း ကျနော်တို့ကိုနည်းမျိုးစုံနဲ့ တိုက်ခိုက်ပြီးတော့ ကျနော်တို့ကိုရပ်တည်လို့မရအောင် လုပ်နေတဲ့အင်အားစုတွေကလည်း အပြင်မှာရှိတယ်။ အဲဒါ တော်တော် အဆင်မပြေဖြစ်တယ်။အဲဒါက အရေးအကြီးဆုံးပါပဲ။"

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးနောက် ရာနဲ့ချီတဲ့သတင်းသမားတွေကို ဖမ်းဆီးတာတရားစွဲဆိုတာတွေနဲ့ သတင်းဌာနတွေကို ပိတ်ပင်တာတွေ၊ သတင်းသမားတွေကို သတ်ဖြတ်တာအပါအဝင် သတင်းမီဒီယာလွတ်လပ်ခွင့်တွေကို နည်းလမ်းမျိုးစုံနဲ့ ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း သတင်းသမားအတော်များများဟာ နယ်စပ်နဲ့ တိုင်းရင်းသားဒေသတွေကို ရှောင်တိမ်းကြရပြီး သတင်းဌာနတချို့ကတော့ နယ်စပ်နဲ့ တိုင်းရင်းဒေသတွေမှာလည်း ဆက်ပြီး ရပ်တည်ရှင်သန်နေပါတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က မကြာသေးခင်က ထုတ်ပြန်တဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်တွေကြောင့် သတင်းသမားတွေကြားမှာ စိုးရိမ်မှုတချို့ရှိလာပါတယ်။ ဒါပေမယ့်လည်း သတင်းမီဒီယာတွေကို အထူးတင်းကြပ်လာတာမျိုးတော့ မတွေ့ရသေးဘူးလို့ စစ်ပွဲသတင်းတွေယူနေတဲ့ အလွတ်တမ်းသတင်းထောက် ကိုမင်းထက်စံက ပြောပါတယ်။

"တိုက်ပွဲဧရိယာမှာ သတင်းယူတဲ့အချိန်မှာ ကြုံတဲ့အခက်အခဲပုံစံမျိုးပါပဲ။ ဒီသတင်းမီဒီယာနဲ့ပတ်သက်ပြီးတော့ အရေးကြီးတယ်လို့နားလည်ထားတဲ့လူကြီးတွေကျတော့လည်း သတင်းယူရတာ၊ ပြောရတာအဆင်ပြေတယ်ပေါ့နော်။ တချို့အောက်ခြေက ကျနော်တို့သတင်းမီဒီယာက သူတို့အတွက် အရေးကြီးတယ်ဆိုတာမသိတဲ့လူတွေအတွက်ကျတော့လည်း သတင်းထောက် ဆိုလို့ရှိရင် ဒလံ လို့ ထင်တဲ့ပုံစံမျိုးပေါ့နော်။ ဒါမျိုးတွေကြုံရတာတော့ ရှိတယ်ပေါ့နော်၊ ဒါကလည်း အမြဲတစေကြီးတော့ ဖြစ်တာတော့ မဟုတ်ဘူးပေါ့နော်။ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပေမဲ့လည်းပေါ့နော်၊ လက်ရှိယူနေတဲ့အခြေအနေကတော့ အရမ်းကြီးတင်းကြပ်သွားတာ ကန့်သတ်တာမျိုးတော့ မရှိပါဘူး။ အရမ်းကြီး ...ဖိနှိပ်ကန့်သတ်တာမျိုးတော့ ကျနော်တော့ မကြုံရသေးဘူး။"

လက်ရှိ မြန်မာနိုင်ငံဟာ သတင်းသမားတွေကိုအကျဉ်းချတဲ့ ဒုတိယအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေတယ်လို့ CPJ ခေါ် သတင်းသမားများ ကာကွယ်ရေး အဖွဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း သတင်းသမား အများဆုံးအဖမ်းခံရတဲ့နိုင်ငံဟာ တရုတ်ဖြစ်ပြီး မြန်မာက ဒုတိယအများဆုံးဖြစ်ပါတယ်။ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ နှစ်ပတ်လည် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းအရဆိုရင်လည်း စစ်ကောင်စီ အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အခြေအနေတွေကျဆင်းနေပြီး ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၈၀ အနက် သတင်းလွတ်လပ်ခွင့်အဆင့် ၁၇၃ နေရာမှာ ရှိနေကြောင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ပြည်တွင်းသတင်းသမားများ အခက်အခဲတွေကြား ရပ်တည်ရှင်သန်