[Zawgyi/Unicode]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နေပြည်တော်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ မီဒီယာကိစ္စ၊ အကြမ်းဖက် ဆန္ဒဖော်ထုတ်မှုကိစ္စတွေအပါအဝင် နိုင်ငံတော်အဆင့် လာဘ်ပေးလာဘ်ယူမှု ကိစ္စတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ရှင်းလင်းချက်အပေါ်မီဒီယာတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဘယ်လိုအမြင်ရှိနေပါသလဲ။ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ တင်ဆက်ပေးမှာပါ။
မြန်မာ့တပ်မတော်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွါးနေတာပါ။ ဒီလိုဖြစ်ပွါးမှုမှာ တချို့မီဒီယာများရဲ့ သတင်းမှားဖော်ပြချက်နဲ့ သွေးထိုးလှုံဆော်မှုတွေ ပါတယ်လို့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါ။
SEE ALSO: ဒေါက်တာဝင်းမြတ်အေးကို လူကယ်ပြန်ပြည်ထောင်စုဝန်ကြီး CRPH ခန့်အပ်မြန်မာဂျာနယ်လစ်ကွန်ယက်အဖွဲ့အတွင်းရေးမှူး ကိုမြင့်ကျော်က နိုင်ငံရေးအကြောင်းအရင်းကြောင့် ဖြစ်ပွါးလာတဲ့ပြဿနာကို မီဒီယာအပေါ်လွှဲချတာလို့ ဆိုပါတယ်။
“အကြမ်းဖက်မှုတွေ ဖြစ်လာတယ်ဆိုတာက တကယ်တမ်းကျတော့ အာဏာသိမ်းတဲ့ဆီကစတယ်။ ဒီအာဏာသိမ်းတဲ့တဲ့ဟာက နိုင်ငံရေး မကျေနပ်မှုတွေဖြစ်စေတယ်။ တပြည်လုံးကနေ ဆန္ဒပြမှုတွေဖြစ်လာတယ်။ ဒီဟာတွေကို အကြမ်းဖက်ဖြိုခွဲတယ်။ အဲဒီဟာတွေကအဲဒီလိုဖြစ်လာတယ်။ ဒီနေရာမှာ သတင်းမီဒီယာတွေ တင်ပြမှုကြောင့်လို့ ပြောရင်တော့ အဲဒါတွေကို ကျနော်တို့ လက်မခံဘူး။ ဒီဟာတွေဖြစ်တဲ့အကြောင်းအရင်းက နိုင်ငံရေးအကြောင်းရင်းတွေ ရှိတယ်လေ။ အဲဒါတွေကို မီဒီယာကြောင့်လို့ ပြောရင်တော့ နိုင်ငံရေးအကြောင်းအရင်းကို ဖုံးကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးဖြစ်နေမှာပါ။”
တပ်မတော်ကနေ အာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း မီဒီယာသမားတွေကို ဖမ်းဆီးမှုတွေ သတင်းမီဒီယာတွေကို ပိတ်ပင်မှုတွေပြုလုပ်လာခဲ့တာပါ။
ဒါ့အပြင် အဝေးရောက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH ကို ဆက်သွယ်တဲ့ မီဒီယာတွေအနေနဲ့ မတရားအသင်း အက်ဥပဒေ ၁၇ (၁) နဲ့ တရားစွဲခံရမယ်လို့လည်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့တွေကနေ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေလည်း ရှိလာနေတာပါ။
ဒီလိုလက်နက်နဲ့ အဖြိုခွင်းခံနေရတဲ့ဖြစ်စဉ်တွေကြောင့် ပြည်သူတွေအတွင်း ငြိမ်းချမ်းစွာဆန္ဒပြမှုအဆင့်ကနေ လက်နက်ကိုင် အကြမ်းဖက်မှု အသွင်ပြောင်းလဲလာနို်င်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကဆိုပါတယ်။
“စစ်အာဏာရှင်စနစ်ကို မလိုချင်ဘူး။ အဲဒါကို လူထုကနေငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်တာကို ကျနော်တို့ လက်ဗလာနဲ့ ခုခံစရာမလိုဘူး။ အဲဒီကနေတဆင့် ကျနော်တို့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်။ ခုခံတာ တရားတယ်ဆိုတဲ့အပေါ်ကနေ ပြီးတော့ ဒီနောက်ပိုင်းမှာဆိုရင် လူထုဘက်ကလည်း အခုစစ်အာဏာရှင်အုပ်စုနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုဆိုတဲ့ သဘောထားမရှိတော့ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ဖျက်သိမ်းဖို့ သဘောထားရှိတယ်။ နောက်ဆုံးကျတော့ အထွေထွေလက်နက်ကိုင်လှုပ်ရှားမှုဆီကို ဦးတည်သွားတော့မှာပဲလို့ ကျနော်တို့ကယူဆပါတယ်။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသက်တမ်းကာလအတွင်း နိုင်ငံတော်အဆင့် လာဘ်ပေးလာဘ်ယူမှုနဲ့ မသမာမှုတွေရှိခဲ့တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။
လာဘ်ပေးလာဘ်ယူမှု စွဲချက်တင်မှုတွေနဲ့ ပတ်သက်လို့ သီပေါပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးရဲထွန်းက အခုလိုအမြင်ရှိပါတယ်။
“ကျနော်တို့ကတော့ဗျာ.... ဒီမိုကရေစီအစိုးရ တရပ်တက်လာတဲ့အခါ အရင်အစိုးနဲ့ မတူဘဲနဲ့ သန့်ရှင်းတဲ့အစိုးရ မျှော်လင့်တာပေါ့။ အခုကြားရတဲ့ဟာတွေကတော့ တိုင်းပြည်အတွက် စိတ်မကောင်းဘူးပေါ့နော်။ ဒီလိုမသန့်ရှင်းမှုတွေ ဖော်ထုတ်တဲ့နေရာမှာ ဖော်ထုတ်တဲ့သူကလည်း သန့်ရှင်းတဲ့သူဖြစ်တာတော့ ကောင်းတာပေါ့။ အခုတော့ အဲဒီလိုအခြေအနေမဟုတ်ဘူးပေါ့။ အချုပ်အရ ပြောမယ်ဆိုရင်တော့ နိုင်တဲ့သူက ဦးအောင်ဆော်နေကြတာပါပဲ။”
လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရပိုင်းအကြီးအကဲတွေကိုလည်း စစ်ကောင်စီကနေ တရားစွဲဆိုမှုတွေ ရှိနေသလို စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
Your browser doesn’t support HTML5
[Unicode Version]