ပေါင်မြေပြိုမှု သေဆုံးသူ ၅၃ ဦးရှိပြီ

ပေါင်မြေပြိုမှုအတွင်း ကူညီကယ်ဆယ်ရေးလုပ်နေပုံ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက တောင်ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၃ ဦး အထိ ရှိသွားပြီလို့၊ မြန်မာနိုင်ငံ မီးသတ်ဌာနက နောက်ဆုံးဖော်ပြထားပါတယ်။ ကယ်ဆယ်ရှာဖွေရေးတွေ ဝိုင်းလုပ်ပေးနေတဲ့ ဒီမီးသတ်ဌာနအနေနဲ့၊ မနေ့ ညတုန်းက၊ နောက်ထပ်အလောင်း တစ်လောင်း ထပ်တွေ့ခဲ့တာကြောင့် သေဆုံးသူဦးရေ ခုလို မြင့်တက်သွားတာပါ။

ပေါင်မြို့၊ သဲဖြူကုန်းရွာမှာ ပြီးခဲ့တဲ့ သောကြာနေ့က မြေပြိုရေကြီးလာတာကြောင့် ရွာသားတွေလှေနဲ့ ထွက်ပြေးရပြီး နောက်ပိုင်း မီးသတ်သမားတွေ၊ စစ်သားတွေနဲ့ အရေးပေါ်လုပ်သားတွေအနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို တနင်္ဂနွေနေ့မှာ ကြိုးပမ်းလုပ်ကိုင်လာနေခဲ့ပါတယ်။ မြန်မာတပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လက်ရှမှာ မြေပြင်တပ်တွေအနေနဲ့ ဒီရေဘေးရောက်နေရာကို ကောင်းကောင်းရောက်ရှိနိုင်တယ်၊ ဒါပေမဲ့ လိုအပ်လာရင် တပ်မတော် ရဟတ်ယာဉ်တွေနဲ့ပါ ထောက်ပံ့ရေးပစ္စည်းတွေပို့ဖို့ အသင့်ရှိတယ်လို့ AFP ကိုပြောခဲ့ပါတယ်။

စနေနေ့တုန်းကတော့ ဒုသမ္မတ ဟန်နရီ ဗန်ထီးယူအနေနဲ့ သဲဖြူကုန်းရွာကို သွားခဲ့ပြီး ရေဘေးသင့်နေတဲ့ မိသားစုတွေကို ငွေကြေး ထောက်ပံ့မူတွေပေးခဲ့ပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်တွင်းက မြို့ရွာတွေအတော်များများမှာ ရေကြီးတဲ့ဒဏ်တွေကိုခံစားနေရပြီး၊ ရေးမြို့မှာဆိုရင်လည်း တမြို့လုံးအနှံ့ ရေကြီး နေတာကြောင့် နေအိမ်တွေရေမြုပ်ပြီး အရေးပေါ် အကူအညီတွေလိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံအောက်ပိုင်းက မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၊ ပဲခူတိုင်း နဲ့ တနင်္သာရီတိုင်း က နေရာ အနှံ့အပြားမှာ မုတ်သုံမိုးရွာသွန်းမှု များတာကြောင့် ရေကြီး ရေလျှံဖြစ်တာ၊ မြေပြိုတာတွေဖြစ်နေပြီး မွန်ပြည်နယ်အတွင်းမှာတော့ ဒီသဘာဝဘေး အန္တရာယ်တွေကို အဆိုးရွားဆုံး ခံစားနေရတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပေါင်မြေပြိုမှု သေဆုံးသူ ၅၃ ဦးရှိပြီ