မြန်မာ သမ္မတ နှစ်သစ်လွတ်ငြိမ်းသက်သာခွင့် အကျဉ်းသား ၉၅၀၀ကျော် ပြန်လွတ်

မြန်မာနှစ်သစ် အတွက် သမ္မတ ဦးဝင်းမြင့် နှစ်သစ် ဆုတောင်းပေးပို့။ ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး

မြန်မာ သက္ကရာဇ် ၁၃၈၁ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းသား ၉၅၅၁ ဦးကို သမ္မတ ဦးဝင်းမြင့်က ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပါတယ်။ နိုင်ငံသား အကျဉ်းသား ၉၅၃၅ ဦး ပါဝင်ပြီး နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးပါဝင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ Facebook လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဘယ်သူတွေ ပါဝင်သလဲ ဆိုတာတော့ မသိရသေးပါဘူး။ ဒီကနေ့ ကျရောက်တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာဘဲ သမ္မတ ဦးဝင်းမြင့်၊ နောက် ဒုသမ္မတ ဦးမြင့်ဆွေ၊ ဒု သမ္မတ ဦးဟင်နရီ ဗန်ထီးယူတို့ကလည်း နှစ်သစ်ကူး နုတ်ခွန်းဆက်စကားတွေ အသီးသီး ပြောကြားကြပါတယ်။ သမ္မတ ဦးဝင်းမြင့်ကတော့ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်း အစိုးရရဲ့ အောင်မြင်မှုတွေကို အလေးထား ပြောဆိုခဲ့တာမှာတော့ အဂတိတိုက်ဖျက်ရေး၊ မူးယစ်နှိမ်နှင်းရေး၊ နောက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အပြောင်းအလဲ၊ လယ်သမားတွေကို ချေးငွေတိုးပြီး ချထားပေးနိုင်မှု အပါအဝင် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ အဖြစ် သတ်မှတ်ခံထားရတဲ့ မြန်မာနိုင်ငံကို ဒီစာရင်းကနေ လွတ်မြောက်ရေး ဆောင်ရွက်ချက်တွေမှာ တိုးတက်မှုတွေ ရှိနေကြောင်း ပြောဆိုသွားပါတယ်။

ရခိုင်ပြည်နယ်တွင်းက လက်ရှိ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ အခြေအနေ ၊ နောက် ဌာနေပြန်ရေး လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်နေရကြောင်း အသိအမှတ်ပြု ပြောပေမယ့် ဒီအခက်အခဲတွေက ပြည်သူတွေရဲ့ စုပေါင်းအင်အားကို ဖြစ်ထွန်းပေါ်ပေါက်စေတဲ့ အခွင့်အလမ်းကောင်း အဖြစ် မှတ်ယူကြောင်း ပြောဆိုသွားပါတယ်။ ရှေ့လာမယ့် ကာလတွေမှာတော့ အစိုးရ အပေါ် ပြည်သူတွေ မျှော်လင့်သလို ဖြစ်မလာသေးတာတွေ၊ အားမလို အားမရ ဖြစ်နေတာတွေကို အလေးထားပြီး ကြိုးစား ဆောင်ရွက်သွားမယ်လို့လည်း သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားမှာ ကတိပေး ပြောဆိုသွားပါတယ်။

ဒုတိယ သမ္မတ ဦးမြင့်ဆွေကတော့ နိုင်ငံမှာ အမြန်ဆုံး ငြိမ်းချမ်းရေး ရပါစေကြောင်း နှစ်သစ်ကူး ဆုတောင်းထားပါတယ်။ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီယူကလည်း ဒီမိုကရေစီ ခိုင်မာရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့မှာ စည်းလုံးညီညွတ်မှုက အရေးကြီးကြောင်း၊ တိုင်းရင်းသား ပြည်သူတွေကြား နားလည်မှု ယုံကြည်မှုကို တည်ဆောက် နိုင်ပါစေကြောင်း နှစ်သစ် ဆုတောင်းထားပါတယ်။