လက်နက်မဲ့ပြည်သူတွေကို အင်အားသုံး ဖြေရှင်းတဲ့အပေါ် စင်ကာပူဝေဖန်

မန္တလေး ဆန္ဒပြပွဲအတွင်း ပိတ်ဆို့တားဆီးနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

(Zawgyi / Unicode)

လက်နက်မဲ့ အရပ်သားတွေကို အသက်သေစေနိုင်တဲ့ လက်နက်တွေနဲ့ အင်အားသုံး ပစ်ခတ်ဖြိုခွဲတဲ့ ပြစ်မှုကို ဘာအကြောင်းပြချက်နဲ့မှ ခုခံချေပလို့ မရဘူးလို့ စင်ကာပူနိုင်ငံက ပြောပါတယ်။ မနေ့တုန်းက မန္တလေးမြို့ ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူ ၂ ဦး သေဆုံးခဲ့ပြီးတဲ့နောက် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

မန္တလေးမြို့ သင်္ဘောကျင်းမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၃၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အဆိုအရ သိရပါတယ်။

မြန်မာနိုင်ငံတွင်း ဆန္ဒပြသူတွေကို စစ်တပ်က အင်အားသုံး နှိမ်နင်းမှုကြောင့် အရပ်သားတွေ သေဆုံးရတဲ့အပေါ် အလွန်ထိတ်လန့် တုန်လှုပ်မိကြောင်းလည်း စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

လက်နက်မဲ့ အရပ်သားတွေကို သေစေလောက်တဲ့ လက်နက်သုံးပြီး ဖြိုခွင်းတဲ့ ပြစ်မှုအတွက် ဘယ်လိုအကြောင်းပြချက်နဲ့မှ ခွင့်လွှတ်စရာ မရှိဘူးလို့လည်း သူက ပြောပါတယ်။ နောက်ထပ် ဆန္ဒပြသူတွေ ထိခိုက်ဒဏ်ရာရ၊ အသက်သေဆုံးရမယ့် လုပ်ရပ်မျိုးတွေကို အဆုံးစွန် ရှောင်ကြဉ်ဖို့နဲ့ အခြေအနေတွေ ပြန်ပြီး တည်ငြိမ်မှုရဖို့အတွက် အမြန်ဆုံး လုပ်ဆောင်ကြဖို့ အခိုင်အမာ တိုက်တွန်းကြောင်းလည်း ပြောပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါတီအားလုံး နိုင်ငံရေးအရ အဖြေရှာကြဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိဖို့အတွက် အကြမ်းမဖက် ဆွေးနွေးအဖြေရှာကြဖို့လည်း စင်ကာပူ ပြောခွင့်ရက ပြောပါတယ်။

လက်ရှိအခြေအနေ ဆက်ပြီး ပိုဆိုးရွားလာမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ ဆန့်ကျင်ဘက် တန်ပြန်သက်ရောက်မှုတွေ ဆိုးဆိုးရွားရွား ပေါ်ပေါက်လာလိမ့်မယ်လို့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်တဲ့ စင်ကာပူနိုင်ငံက သတိပေးလိုက်ပါတယ်။

ကြာသပတေးနေ့တုန်းကလည်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က လက်နက်မဲ့ အရပ်သားတွေကို အင်အားသုံး အကြမ်းဖက် မနှိမ်နင်းသင့်ဘူးလို့ ပြောကြားထားပါတယ်။

Your browser doesn’t support HTML5

လက်နက်မဲ့ပြည်သူတွေကို အင်အားသုံး ဖြေရှင်းတဲ့အပေါ် စင်ကာပူဝေဖန်

------------------------

(Unicode)







