မြန်မာနိုင်ငံရဲ့ရှေးဟောင်း အမွေအနှစ်တွေရှိရာ မြောက်ဦးမြို့မှာ တိုက်ပွဲတွေ မဖြစ်ပွားသင့်ဘူးလို့ ပြည်ပရောက် တိုင်းရင်းသားတချို့က သတိပေး လိုက်ပါတယ်။ အခုလို ရခိုင်ပြည်နယ်မှာ ရခိုင့်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ မြန်မာ့ တပ်မတော်တို့ကြား တိုက်ပွဲတွေ ကြီးထွားလာရတာဟာ NLD အစိုးရရဲ့ ကိုင်တွယ်မှု အားနည်းချက်ကြောင့်လို့ သုံးသပ်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ရက္ခိုင့်တပ်မတော် AA ဟာ အင်အား ရာဂဏန်းလောက်နဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အခြေစိုက် ရဲတပ်ရင်း ဌာနချုပ်ကို မနေ့ မနက်ပိုင်းက အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က မီဒီယာတွေကို ပြောပါတယ်။
တိုက်ပွဲအတွင်း တပ်မတော်ဘက်က တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ သုံးခဲ့ပြီး နှစ်ဘက် တိုက်ပွဲကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရဲမေတချို့လည်း စစ်သုံ့ပန်းအဖြစ် အဖမ်းဆီးခံရတယ်လို့ နှစ်ဖက်တပ် တာဝန်ရှိသူတွေက VOA ကိုဖြေကြားခဲ့ပါတယ်။
ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုးစေတီတွေရှိရာ မြောက်ဦးမြို့မှာ အခုလို တိုက်ပွဲတွေ ဖန်တီးနေတာဟာ မဖြစ်သင့်တဲ့ လုပ်ရပ်လို့ ဂျာမနီမှာ နေထိုင်တဲ့ ဘာလင်တက္ကသိုလ် အာရှရေးရာဌာန ကထိကဟောင်း ဦးခင်မောင်စောက ရှုမြင်ပါတယ်။
“ ဘယ်သူ့ကြောင့်ဘဲ ဖြစ်ဖြစ် ဒီရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ကြီးတွေ ပျက်တယ်ဆိုရင်တော့ မကောင်းဘူး။ ရှေးဟောင်း အမွေအနှစ်ဆိုတာ ထိန်းသိမ်း ရမှာဘဲ။ ဥပမာ ဒုတိယ ကမ္ဘာစစ်တုန်းက ဆိုရင် အင်္ဂလိပ် စစ်တပ်က သူတို့ စစ်ဆင်ရေး လုပ်ဖို့ စိတ်ကူးတာက ဒီ ဧရာဝတီ ချင်းတွင်းမြစ် အောက်ဘက် မိုင် ၁၀၀ လောက် အကွာက ဖြန့်ဝင်လာမယ်။ အဲဒီ သူတို့ စီမံကိန်းဆွဲခဲ့တာ အဲဒီအစီအစဉ်ကို သမိုင်း ပါမောက္ခကြီး ဒေါက်တာ လုစ်က ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။
ခင်ဗျားတို့ မှန်းတဲ့ နေရာကနေ စစ်ဆင်ရေး သွားလို့ ရှိရင်တဲ့ ပုဂံမြို့ဟောင်းဘက်ကို ဦးတည်နေတယ်။ နှစ်ဦး နှစ်ဘက် အပြန်အလှန် တိုက်ကြလို့ ရှိရင် ပုဂံမြို့ဟောင်းက စေတီ ဘုရားတွေ အကုန်လုံး ပျက်ကုန်ပါလိမ့်မယ်။ ရှေးဟောင်း ယဉ်ကျေးမှုတွေ ပျက်ပါလိမ့်မယ်။ မလုပ်ပါနဲ့ ဆိုပြီး ပြောတယ်။ ပြောတာမှ အင်္ဂလိပ်တွေက လမ်းကြောင်းပြောင်းပြီးတော့ မြစ်နှစ်စင်းကို ကျော်လိုက်ရတယ်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဆိုတာ ထိန်းဖို့ ကောင်းပါတယ်။ အဲလို နေရာမျိုးမှာ တိုက်ပွဲ လုပ်ဖို့ မကောင်းပါဘူး။ ”
ရခိုင်ဒေသမှာဖြစ်နေတဲ့ လက်ရှိတိုက်ပွဲတွေက ဝမ်းနည်းစရာကောင်းပြီး ရှေးဟောင်းလက်ရာတွေရှိရာ မြောက်ဦးမြို့ကို မထိခိုက်စေချင်ဘူးလို့ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က တိုက်တွန်း ပါတယ်။
“ အခု တိုက်နေတဲ့ တိုက်ပွဲကြီးက တိုင်းရင်းသား အချင်းချင်း တိုက်နေတဲ့ တိုက်ပွဲကြီး ဖြစ်နေတယ်။ နောက် တိုင်းပြည် အတွက်လည်း ဘာမှ အကျိုးရှိတာ မဟုတ်ဘူး။ အထူးသဖြင့် အပြစ်မဲ့တဲ့ ရခိုင်ပြည်သူတွေ ဆိုရင် အခု စစ်ပွဲကြောင့် ဒုက္ခရောက်နေကြတာ ၂ သောင်း ၆ ထောင် ကျော်လောက် ရှိနေပြီလို့ ပြောတယ်။ နောက် အခု ဖြစ်နေတဲ့ နေရာတွေမှာလည်း သမိုင်းဝင် ဖြစ်တဲ့ ရှေးဟောင်း နေရာတွေ စေတီပုထိုးတွေ ရှိတဲ့ နေရာမှာလည်း ဖြစ်နေကြတယ်။ အဲဒါလည်း ပျက်စီးမှာလည်း စိုးရိမ်နေကြတယ်။ တခု မေးစရာ ရှိတာက ဘာလို့ သမိုင်းဝင်တဲ့ ဒီလို စေတီ ပုထိုးတွေ နေရာမှာ တပ်စခန်းတွေ ချပြီးတော့မှ ဒီနေရာကိုဘဲ ပစ်နေကြတယ်ဆိုတာ ဒါကတော့ မဖြစ်သင့်ဘူးဗျ။ အဲဒီနေရာက အရေးကြီးတဲ့ နေရာ ထိန်းသိမ်းဖို့ လိုတယ်လို့ ကျနော် မြင်တယ်။ ”
တကယ်တော့ NLD အစိုးရဟာ ရခိုင်ဒေသပဋိပက္ခကို ကိုင်တွယ်ရာမှာ အားနည်းချက်တွေ ရှိခဲ့တယ်လို့ သုံးသပ်သူက ဦးခင်မောင်စော ဖြစ်ပါတယ်။
“ NLD အစိုးရ စတက်လာ ကတည်းက ရခိုင်ပြည် ပြသနာ ကိုင်တွယ်ပုံတွေ မကောင်းဘူး။ NLD ရဲ့ ကိုင်တွယ်ပုံတွေက မကိုင်တွယ်တတ်ဘူး။ ပိုင်ပိုင်နိုင်နိုင် မကိုင်တွယ်တတ်တော့ ရခိုင့် ပြသနာက ကြီးသထက် ပိုပိုပြီး ကြီးကြီးလာတယ်။ အဲဒီမှာ အဲဒီကြားထဲမှာ ဗမာ့ တပ်မတော်က ထုတ်ပြန် ကြေညာတာက ရခိုင် ဒီ AA ကို အပြုတ်တိုက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမိန့်ပေးထားပါတယ် ဆိုပြီး သူတို့ ပြောတာဘဲ။ NLD အစိုးရက ဘာမှ ပြန်မဖြေရှင်းဘူး။ အဲတော့ NLD ကို ရခိုင်လူမျိုး တော်တော်များများက ယုံကြည်မှု မရှိဘူး။ ဒီတိုင်းဘဲ ဖြစ်နေမှာဘဲ။ ပိုပြီး ဆိုးမလာရင် ကံကောင်းဘဲ။ အဲတော့ ဒီထက်ပိုပြီး ကောင်းစေချင်ရင်တော့ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ဘဲ ရှိတယ်။”
NLD အစိုးရရဲ့ လက်ရှိသက်တမ်းက နောက်ထပ် တနှစ်ခွဲလောက်သာ ကျန်တော့တာပါ။ အဲဒီ အချိန်ကာလအတွင်း အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ငြိမ်းချမ်းရေးပြဿနာကို ကိုင်တွယ် ဖြေရှင်း နိုင်လိမ့်မယ်လို့ သူမယုံကြည်ကြောင်း ဒေါက်တာ စိုင်းထွေးမောင်က သုံးသပ်ပါတယ်။
“ ငြိမ်းချမ်းရေး ရဖို့ AA နဲ့စစ်ပွဲရပ်ဖို့ အောင်မြင်နိုင်မလား ဆိုတာ ကျနော် မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုရင် သူတို့ အခု လုပ်နေတဲ့ ငြိမ်းချမ်းရေး Process (လုပ်ငန်းစဉ်) မှာ သူတို့ ခေါ်ပြီးတော့ အကြိမ်ကြိမ် အခါခါ ဆွေးနွေးပြီးနေတာ ကချင်တွေ၊ ရှမ်းတွေ၊ ကရင်တွေ၊ တခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အကြာကြီး သုံးနှစ်ကျော် လေးနှစ် ဆွေးနွေးခဲ့ပြီးပြီ။ ဒါပေမယ့် အခုထိ လုံးဝကို အပစ်အခတ် ရပ်စဲတာလည်း မရှိဘူး။ ငြိမ်းချမ်းရေး ရလာတာလည်း မရှိဘူး။ ဒါကြောင့် အခုမှဘဲ စပြီးတော့ AA ကို ခေါ်ပြီး ဆွေးနွေးတာက ဒီ တနှစ် အတွင်း ၂ နှစ် အတွင်းမှာ ဘယ်လိုမှ မရနိုင်ဘူးလို့ ကျနော် ထင်တယ်။ ”
မြောက်ဦးမြို့ရဲတပ်ရင်း ဌာနချုပ်ကို AA က ဝင်တိုက်ခဲ့တဲ့ ဧပြီလ (၁၀) ရက်နေ့ဟာ ရက္ခိုင့်တပ်မတော် AA ကို ထူထောင်တဲ့ (၁၀) နှစ်ပြည့်နေ့ နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ရခိုင်ဒေသတွင်း မြန်မာ့တပ်မတော်နဲ့AA တို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၂၆,၀၀၀ ကျော် ရှိနေပြီး လုံခြုံရေးပိတ်ပင်မှုတွေကြောင့် ဒုက္ခသည်တွေဟာ ရေသန့်အပါအဝင် စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
Your browser doesn’t support HTML5