သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တိုက်ပွဲကြောင့် မြောက်ဦးဒေသခံ ၆၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့


တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်များ (Photos from Rakhine Ethnics Congress)

မြောက်ဦးမြို့နယ်အတွင်းမှာ ဒီလပိုင်းအတွင်း ဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး၊ မြောက်ဦး ဒေသခံ ၆၀၀၀ကျော် အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသတွင်း ကွင်းဆင်းလေ့လာနေတဲ့ ရခိုင်အမျိုးသားပါတီ စုံစမ်းရေးကော်မရှင်က ပြောပါတယ်။ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတပ်တွေအကြေား တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာတာကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးတိမ်းရှောင်သူတွေ ပိုများလာတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွမ်းအိမ် သတင်းပေးပို့ထားပါတယ်။

ရခိုင်အမျိုးသားပါတီ ANPကနေ စစ်ဘေးဒဏ်ကြောင့် အရပ်ဖက်ပြည်သူတွေထိခိုက်နစ်နာဆုံးရှုံးမှု စစ်ဘေး တိမ်း ရှောင်နေရမှု၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ထိခိုက်နေမှု နဲ့ပက်သက်ပြီးစုံစမ်းဖို့ ကော်မရှင်တရပ် ဖွဲ့ စည်းပြီး ဒီရက်ပိုင်းတွေမှာ မြောက်ဦးမြို့အတွင်း ကွင်းဆင်းလေ့လာခဲ့ပါတယ်။

ဒီလပိုင်းတွေအတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ စစ်ရေးတင်းမာမှု အခြေအနေတွေကြောင့် မြောက်ဦးမြို့နယ် တခုတည်းမှာတင် သေဆုံး ဒဏ်ရာရသူနဲ့ အဖမ်းခံရသူ အရပ်သား လူဦးရေ (၅၀)ကျော်ရှိနေတယ်လို့လဲ စုံစမ်းရေးကော်မရှင်ဥက္ကဌ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌဒေါ်အေးနုစိန်က ပြောပါတယ်။

“ထိခိုက်ဒဏ်ရာရတာနဲ့ ဖမ်းဆီးခံရတာနဲ့သေဆုံးတာနဲ့ ကျွန်မတို့ ယေဘူယျအားဖြင့် (၅၀)ကျော်လောက်ရှိတယ်။ တချို့တလေကတော့ အစကမသိဘူး။ နောက်တော့ဖမ်းထားတယ်။ ရဲစခန်း မှာရှိတယ်။ စစ်တွေကိုပို့လိုက်ပြီး စသည် ဖြင့် ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိဘူး ဖမ်းထားတာတော့သိလိုက်တယ်။”

မြောက်ဦးမြို့နယ်အတွင်း စစ်ဘေး ရှောင်ရွာသားဦးရေကတော့ (၆၀၀၀)လောက်ရှိနေတယ်လို့ ဒေါ်အေးနုစိန်က ဆက်ပြောပါတယ်။

“မြောက်ဦးမြို့နယ်အတွင်းမှာ(၆၀၀၀)ကျော်လောက်ရှိတယ်။ အဲဒီမှာ အထူးသဖြင့်အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တွေ ကလေးတွေ နာမကျန်းတဲ့ သက်ကြီးရွယ်အိုတွေ အများကြီးပါတာကို ကျွန်မတို့တွေ့ခဲ့ရတယ်။ ဆေးရုံမှာလည်း ဒဏ်ရာရတဲ့သူတွေရှိတယ်။”

မြောက်ဦးမြို့အတွင်း ဒီလ (၁၅)ရက်နေ့နဲ့(၁၈)ရက်နေ့တွေက မြို့တွင်း ပစ်ခတ်မှုကြောင့် လူနေ အိမ်တွေ ဒေသခံပြည်သူတွေ သမိုင်းဝင်သာသနိကအဆောက်အအုံ ပျက်စီးမှုတွေ ရှိနေခဲ့တာပါ။

ဒီဖြစ်စဉ်ဟာ AAအဖွဲ့ကနေ မြို့တွင်းအဆောက်အဦပေါ်နေရာယူပြီး လုံခြုံရေးယူရာကနေပြန်လာတဲ့ တပ်မတော် စစ်ကြောင်းကိုပစ်ခတ်လို့ ဖြစ်ပွားရတယ်ဆိုပြီး တပ်မတော်ဘက်က ထုတ်ပြန် ထားပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက AAအနေနဲ့ မြို့ပေါ်မှာ တိုက်ကွက်ဖေါ်လာလို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း အခုလိုပြောပါတယ်။

“တောတွေထဲမှာတိုက်ကွက်မဖေါ်ဘဲ မြို့တွေအပေါ် မှာပြောင်းလဲပြီးတော့ တိုက်ကွက် ဖေါ်တယ်။ ဒီဟာတွေ တမင်ဖန်တီးပြီးတော့မှ ဒီဂွင်ထဲကိုရောက်အောင် တမင်ဆင်တယ်လို့ဘဲ ကျွန်တော်တို့ မြင် တယ်။ ကျွန်တော်တို့သည်အကြောင်းပြချက်မရှိဘဲနဲ့ တမင်သက်သက် ပစ်တာမျိုးကျတော့ ပင်မတာဝန် ကိုက ဒေသတည်ငြိမ်အေးချမ်းရေး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးတွေက ကျွန်တော်တို့ရဲ့ အဓိကတာဝန်ဘဲ။ ဒီဟာကို ဘဲလုပ်တာ။ ဒီလိုလုပ်တဲ့သူဟာ ဒါကိုပျက်စီးအောင် မလုပ်ဘူးဆိုတာတော့ အသေအချာ ကျွန်တော်အာမခံပြောရဲပါတယ်။”

AA အဖွဲ့ကတော့ မြန်မာစစ်တပ်ဘက်က စွပ်စွဲပြောသလို အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာမရှိကြောင်း ပြောဆိုထားပါတယ်။ မြောက်ဦးမြို့အတွင်းကွင်း ဆင်းလေ့လာနေတဲ့ စုံစမ်းရေးကော်မရှင်ဥက္ကဌဒေါ်အေးနုစိန်ကတော့ သူရဲ့တွေ့ရှိချက် ကို အခုလိုပြောပါတယ်။

“မြောက်ဦးမြို့နယ် အတွင်းမှာလဲဖြစ်ပွား သမျှကိစ္စကို ကိုယ်တိုင်ခံစားသိတဲ့သူတွေရယ် ရခိုင်ကုန်သည် အဲဒီမြောက်ဦး ကို အဲဒီအချိန်တုန်းကရောက်နေတဲ့ တခြားလူမျိုးတွေ ၊ နိုင်ငံခြားသားတွေ ကတော့ ဒါဟာတပ်မတော်ကလုပ်တာဘဲ။ ဒီဘက်ပါစတင်ပြီးတော့ ပစ်ခတ်တာမရှိပါဘူး ဆိုတာမျိုးကိုတော့ ကျွန်မတို့ကိုပြောပြတယ်။ အမျိုးသမီးတယောက် တော့ မသန်းသန်းဝင်းဆို ဘယ်ဘက်က ပစ်တယ်ဆိုတာ သူတိတိကျကျပြောနိုင်တယ်။ ကျွန်မတို့စုံစမ်းလေ့လာသမျှ မှာတော့တွေ့ရတယ်။”

ရခိုင်အမျိုးသားပါတီစုံစမ်းရေးကော်မရှင်ကနေ စုဆောင်းရသမျှ အချက်အလက်တွေကို အစီရင်ခံစာမှာဖေါ်ပြပြီး မကြာခင်မှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

ဒီကနေ့မနက်ဖက်က ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ် ပဲသဒူကျေးရွာအနီး ကွမ်းအုံပြင်တောင်တန်းဘပ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် ပဲသဒူနဲ့ သက်ပြေကျ ရွာသား(၅၀၀)ခန့်ဟာ ရွာမှာမနေရဲဘဲ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်း တွေမှာ တိမ်းရှောင်နေကြရတယ်လို့ ပဲသဒူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာလှိုင်က အခုလိုပြောပါတယ်။

“ပဲသဒူအရှေ့ဖက်မှာ ကွမ်းအုံပြင်တောင်ဖက်မှာကျတယ်။ အဲဒီဖက်မှာတော့ရွာတော့မရှိဘူး။ လက်နက်ကြီးသံ လည်းပါတယ်။ လက်နက်ငယ်သံလည်းပါတယ်။ ရွာသားတွေအခြေအနေ ပဲသဒူကနေပြီးတော့ သက်ပြေကျဘုန်းကြီးကျောင်း စာသင်ကျောင်း အဲတာမှာခိုလှုံရတာပေါ့။ သက်ပြေကျရွာ ပဲသဒူရွာဒုက္ခသည်စခန်းကရွာသားတွေပါ (၅၀၀)(၆၀၀) လောက်တော့ရှိတယ်။”

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်AA တို့အကြားတိုက်ပွဲတွေ အရှိန်မြင့် လာ သလို ရခိုင်ပြည်နယ်မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင် နဲ့ ပုဏ္ဍားကျွန်း မြို့နယ် (၆) မြို့နယ်မှာ စစ်ပြေးစစ်ရှောင် ဒုက္ခသည်စခန်းပေါင်း ၃၃ခု ရှိလာသလို စစ်ဘေးရှောင်ဒုက္ခသည် (၂၀၂၀၀)ကျော် ရှိနေပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG