ကန်ကော်မရှင် ဘာသာရေးလွပ်လပ်ခွင့် အစီရင်ခံစာ မြန်မာသံအမတ်ကြီးတုံ့ပြန်

ကမ္ဘာမှာ ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံ စာရင်းထဲ မြန်မာနိုင်ငံကို ဖေါ်ပြထားတဲ့ USCIRF အမေရိကန် ကော်မရှင်ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ အမေရိကန်ပြည်ထောင်စု ဆိုင်ရာ မြန်မာသံရုံးက ပံ့ပိုးပေးထားတဲ့ အချက်အလက်တွေ တခုမှ ထင်ဟပ် ဖေါ်ပြခဲ့ခြင်း မရှိတဲ့အတွက် အလွန်ကို စိတ်ပျက်မိကြောင်း မြန်မာသံအမတ်ကြီးက တုန့်ပြန် ပြောကြား လိုက်ပါတယ်။

ဗွီအိုအေက လက်ခံရရှိတဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ အမေရိကန် ကော်မရှင်ရဲ့ အကြောင်းကြားစာမှာလည်း မြန်မာနိုင်ငံက ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့အချက်အလက်တွေကို မြန်မာသံရုံးအနေနဲ့ရေးသားပေးပို့ဖို့ ဖေါ်ပြထားပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

ဝါရှင်တန်ဒီစီ အခြေစိုက် USCIRF နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင်ရဲ့ တောင်းခံထားတဲ့ အတိုင်း မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် အတွက် အစိုးရရဲ့ ဆောင်ရွက်ချက် တွေကို မြန်မာသံရုံးက အချိန်မီ ပေးပို့ခဲ့ပေမယ့် ဒီအချက်အလက်တွေကို အစီရင်ခံစာမှာ ထည့်သွင်း ဖေါ်ပြခဲ့ခြင်း မရှိတဲ့ အပေါ် အလွန် စိတ်ပျက်မိကြောင်း မြန်မာ သံအမတ်ကြီး ဦးအောင်လင်းက ဗွီအိုအေကို ပြောပါတယ်။

“ ဒီ အမေရိက က ကော်မရှင်က ၂၀၁၉ ခုနှစ်မှာ သူတို့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ဖို့ ရှိတယ်။ ထုတ်တဲ့ နေရာမှာ မြန်မာနိုင်ငံ အနေနဲ့ ထည့်သွင်း ဖော်ပြစေလိုတဲ့ အချက်တွေ ရှိမယ်ဆိုလို့ ရှိရင် ဒီနှစ်ပေါ့ ဖော်ဖော်ဝါရီလ ၄ ရက်နေ့ မတိုင်ခင်မှာ သူတို့ဆီ ပြန်ပြီးတော့ အကြောင်းပါဆိုပြီးတော့ ကျနော်တို့ဆီကို သူတို့ စာရေး ပေးပို့ထားတာ ရှိပါတယ်။ အဲဒီစာကို အကြောင်းပြုပြီးတော့ ကျနော်တို့ နေပြည်တော်ကို တင်ပြခဲ့ပါတယ်။ တင်ပြပြီးတော့ အချိန်မီဘဲ နေပြည်တော်ကနေပြီးတော့ ကျနော်တို့ကို ပြန်ပြီးတော့ ပြန်ကြားဖို့ အတွက်ကို အချက်အလက်တွေ ပေးပါတယ်။

ပေးတဲ့ အခါကျတော့ ကျနော်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သူတို့ဆီကို မြန်မာနိုင်ငံကနေ ပြီးတော့ ဒီ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အလက်တွေရယ်၊ နောက်ပြီးတော့ အခု နိုင်ငံတော် အစိုးရက ဆောင်ရွက်နေတဲ့ အချက်အလက်တွေရယ်၊ နောက်ပြီးတော့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ့် အချက်အလက်တွေကို အတော် ပြည့်ပြည့်စုံစုံနဲ့ သူတို့ဆီကို ပြန်ကြားခဲ့ပါတယ်။ ”

ဒါအပြင် USCIRF က တာဝန်ရှိသူတွေ နဲ့လည်း မနှစ်က တွေ့ဆုံပြီး မြန်မာအစိုးရ ဆောင်ရွက်ချက်တွေကို ရှင်းပြခဲ့ပေမယ့် ဒီနှစ် အစီရင်ခံစာ ထုတ်ပြန်ရာမှာ ဒီဆွေးနွေး ပြောဆိုခဲ့တာတွေကို ထင်ဟပ် ဖေါ်ပြခဲ့ခြင်း မရှိဘူးလို့ သံအမတ်ကြီးက ဆိုပါတယ်။

“ အခု သူတို့ ဒီကော်မရှင် ကိုလည်း ပြီးခဲ့တဲ့နှစ်ကလည်း ကျနော် ကော်မရှင်က တာဝန်ရှိတဲ့သူတွေနဲ့ ကျနော် သွားတွေ့ခဲ့ပြီး ဖြစ်ပါတယ်။ သွားတွေ့ခဲ့ပေမယ့်လည်း သူတို့ကတော့ သူတို့ ဆီမှာ နဂိုကတည်းက သူတို့ ရည်ရွယ်ထားပြီးသား သူတို့ အစီရင်ခံစာ ရှိတဲ့ အတွက်ကြောင့်လည်းဘဲ သူတို့ အစီရင်ခံစာမှာ ထည့်ချင်တဲ့ဟာတွေကို ထည့်သွားတာ ဖြစ်ပါတယ်။ ”

မအင်ကြင်းနိုင် ။ ။ ကျမတို့ ဒီ ဗွီအိုအေကနေပြီးတော့ USCIRF နဲ့ ဒီအင်တာဗျူး လုပ်တဲ့ အချိန်မှာ သူတို့ ကော်မရှင်နာက ပြောတာကတော့ အဓိက ထောက်ပြတဲ့ အကြောင်းရင်းကတော့ ဒီ ရခိုင်ပြည်နယ်က မူဆလင် ရိုဟင်ဂျာတွေ ကိစ္စကြောင့် ဖြစ်တယ်၊ အခုအချိန်ထိ မြန်မာ အစိုးရက ကိုင်တွယ် ဖြေရှင်းနိုင်ခြင်းပေါ့နော် ဒီတာဝန်ရှိတဲ့သူတွေကို အရေးယူ အပြစ်ပေးတာတွေကိုလည်း မတွေ့ရသေးဘူး ဆိုတာမျိုး ထောက်ပြတဲ့ အပေါ်မှာရော သံအမတ်ကြီး ဘယ်လိုမြင်ပါလဲရှင်။

သံအမတ်ကြီး ဦးအောင်လင်း။ ။ သူတို့ရဲ့ စာထဲမှာ ရခိုင်ပြည်နယ် ကိစ္စတွေကို ပထမဆုံး ကျနော့် အနေနဲ့ ရှင်းလင်း ပြောပါရစေ။ သူတို့ ကျနော်တို့ဆီ မေးတဲ့ အထဲမှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ သိလိုပါတယ်ဆိုတဲ့ အချက်တွေ ပါရှိခြင်း မရှိပါဘူး။ သူတို့ကိုလည်း မေးလို့ ရပါတယ်။

သူတို့ ပေးတဲ့စာကို သိချင်တယ်ဆိုလို့ ရှိရင် ကျနော် ဗွီအိုအေကို ပေးလို့ ရပါတယ်။ အကယ်၍များ သူတို့က နေပြီးတော့ အဲဒီစာထဲမှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး သိလိုပါတယ်လို့ ပြောလို့ ရှိရင်လည်း ကျနော်တို့က အဲဒီအချိန်မှာ အချိန်မီ ပြန်ကြားပေးမှာ ဖြစ်ပါတယ်။

သူတို့ အခုမှ စပြီးတော့မှ ရခိုင်ပြည်နယ်မှာ တာဝန်ယူမှု မရှိဘူးတို့ ဘာတို့ ပြောတာက အခုမှ သူတို့ ပြောတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတော် အစိုးရကနေ ပြီးတော့ ပြသနာကို ပြေလည်အောင် ဖြေရှင်းဖို့လည်း ရည်ရွယ်ထားပြီး ဖြစ်ပါတယ်။

ပြသနာ ပြေလည်သွားဖို့ ရည်ရွယ်ထားပြီး ဖြစ်တဲ့ အတွက် ကြောင့်လည်း ကျနော်တို့ အိမ်နီးနားချင်း နိုင်ငံနဲ့လည်း သဘောတူညီချက်တွေ ချုပ်ဆိုထားပြီး ဖြစ်တဲ့ အတွက်အပြင်ကို ကုလသမဂ္ဂရော၊ ကျန်တဲ့ နိုင်ငံတွေနဲ့ရော ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ သူတို့ကနေ ပြောတယ်ဆိုတဲ့ဟာကတော့ ကျနော့် အနေနဲ့တော့ လက်မခံနိုင်ပါဘူး ခင်ဗျ။

ဗွီအိုအေက လက်ခံရရှိတဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ အမေရိကန် ကော်မရှင်က မြန်မာသံအမတ်ကြီးဆီ ပေးပို့ထားတဲ့ စာမှာ-USCIRF ရဲ့ နှစ်စဉ် အစီရင်ခံစာတိုင်း ပြည့်ပြည့်စုံစုံ ဖေါ်ပြနိုင်ဖို့ ကြိုးပမ်းမှု တခု အနေနဲ့ နိုင်ငံအသီးသီးက ဘာသာရေး လွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ အချက်အလက်တွေကို ရနိုင်သမျှ နေရာတွေကနေ ကောက်ယူစုဆောင်း စစ်ဆေးကြောင်းနဲ့ မြန်မာသံအမတ်ကြီး ဘက်ကနေ USCIRF က လာမယ့်နှစ်အတွက် ထုတ်ပြန်မယ့် နှစ်စဉ်အစီရင်ခံစာ အတွက် အချက်အလက်တွေ ပေးပို့လိုတာရှိရင် ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ဖို့ ဖေါ်ပြထားပါတယ်။

USCIRF ရဲ့၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဖေါ်ပြထားခြင်း မရှိတဲ့ အချက်တွေ အဖြစ် ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ဧပြီလ (၃၀) ရက်နေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို ရေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ပေးထားကြောင်း၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့လည်း မတူကွဲပြားမှုကို လေးစားတဲ့ အနေနဲ့ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံ အနှံံ့ဗလီပေါင်း ၄၄၀၇ ခု၊ အစ္စလာမ် ဘာသာရေး ကျောင်းပေါင်း ၄၅၉ ကျောင်း ရှိပြီး မွတ်စလင်လူဦးရေ ၂၆၀ မှာ ဗလီ ၁ ခု နှုန်းရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းပေါင်း ၆၉၉၈ ခုရှိနေကြောင်း၊ ခရစ်ယာန် လူဦးရေ ၄၇၀ မှာ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း တခုစီရှိနေတယ်လို့ ဆိုပါတယ်။ ဘာသာကိုးကွယ်တဲ့ လူဦးရေ ရာခိုင်နှုန်းမှာတော့ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုမှာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ လူဦးရေ ၈၈ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချက်မှာ ၈၇ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့ လူဦးရေ ကတော့ ၄.၆ ရာခိုင်နှုန်း ကနေ ၆.၂ ရာခိုင်နှုန်းထိ တိုးခဲ့ကြောင်းနဲ့ အလားတူ မွတ်စလင် လူဦးရေကလည်း ၃.၉ ရာခိုင်နှုန်း ကနေ ၄.၃ ရာခိုင်နှုန်း အထိ တိုးခဲ့ကြောင်း မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

USCIRF ရဲ့၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံးTier 1 အဆင့် CPCs အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံစာရင်း တွေထဲမှာ- မြန်မာ၊ တရုတ်၊ အီရီထရီယာ၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဆူဒန်၊ တာဂျစ်ကီစတန်၊ တာမီနီစတန်၊ ဗဟိုအာဖရိက သမ္မတ နိုင်ငံ၊ နိုင်ဂျီးရီးယား၊ ရုရှား၊ ဆီရီးယား၊ ဥဘာကစ်စတန်နဲ့ ဗီယမ်နမ်တို့ ပါဝင်ပါတယ်။

Your browser doesn’t support HTML5

ကန်ကော်မရှင် ဘာသာရေးလွပ်လပ်ခွင့် အစီရင်ခံစာ မြန်မာသံအမတ်ကြီးတုံ့ပြန်