တက္ကသိုလ် ကန့်သတ်ချက်သစ် ပညာရှင်နဲ့ ကျောင်းသားတွေလက်မခံ

မြန်မာနိုင်ငံက တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေမှာ လုပ်နေတဲ့ စာတမ်းဖတ်ပွဲ ဆွေးနွေဟောပြောပွဲတွေအပေါ် ကန့်သတ် ချုပ်ချယ်တဲ့ အမိန့်ကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာဟာ တက္ကသိုလ်တွေမှာ ရှိသင့်တဲ့ အစဉ်အလာကနေ သွေဖီလိုက်တာဖြစ်သလို၊ ပြည်သူတွေ သွားချင်တဲ့ ဒီမိုကရေစီ ပညာရေးစနစ်ကို နောက်ပြန်ဆွဲ သွားနေခြင်းသာဖြစ်တယ်လို့ ပညာရေးလောက ပညာရှင်တချို့က ဝေဖန် လိုက်ပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ ဒီထုတ်ပြန်ချက်ကို ဆရာ/ဆရာမအဖွဲ့အစည်းတွေနဲ့ ကျောင်းသားအဖွဲ့အစည်း တွေကလည်း ကန့်ကွက်နေ ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်ပြီး ပြောပြမှာပါ။

တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်ကျောင်းတွေမှာ စာတမ်းဖတ်ပွဲတွေ ဆွေးနွေဟောပြောပွဲတွေ လုပ်လိုတယ်ဆိုရင် ပါမောက္ခချုပ် ၊ ကျောင်းအုပ်ကြီးတွေရဲ့ စိစစ်ချက် ယူရမှာဖြစ်သလို၊ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ထောက်ခံချက်နဲ့အတူ အဆင့်မြင့်ပညာ ဦးစီးဌာနရဲ့ သဘောထား မှတ်ချက်တွေ ရယူပြီး၊ သတ်မှတ်ချက်နဲ့ ကိုက်ညီမှသာ ခွင့်ပြုမှာဖြစ်ကြောင်း မေလ(၂၁)ရက်နေ့က အဆင်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းရဲ့ လက်မှတ်နဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားတာပါ။

ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ မြန်မာနိုင်ငံမှာ တက္ကသိုလ်ကျောင်းသားတွေနဲ့ ပတ်သက်လို့ အခုလို ညွှန်ကြားချက်အမိန့် ထုတ်ပြန်လိုက် တာဟာ NLD အစိုးရရဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ဆိုတဲ့ ရည်ရွယ်နဲ့ ဆန့်ကျင်နေတယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် NNER အဖွဲ့ ဥက္ကဌ ဒေါက်တာသိန်းလွင် က ဝေဖန်လိုက်ပါတယ်။

"ပညာရေးဝန်ကြီးဌာနရဲ့ အမိန့်ညွှန်ကြားစာကို ကျနော်သဘောမတူဘူး။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်တွေက ပညာရပ်ကို လေ့လာရှာဖွေနေတာ တက္ကသိုလ်တွေက ခေတ်စနစ်ရဲ့ နိုင်ငံရေးစနစ်တွေ စီးပွားရေးစနစ်တွေကို ဝေဖန်ထောက်ပြတဲ့နေရာဖြစ်ရမယ် ။ ဒါ ဒီမိုကရေစီနိုင်ငံတခုက အရေးကြီးတဲ့အချက်ပဲလေ။ ဆိုတော့ ကျောင်းသားတွေကို အခုလိုပိတ်ပင်တာက ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း ဆန့်ကျင်နေတယ်။ ကျောင်းသားတွေ ဆရာတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေ၊လွတ်လပ်စွာထုတ်ဖော်ခွင့်တို့ ၊လွတ်လပ်စွာပညာရပ်တွေ လေ့လာခွင့်တို့ ဆိုတာကိုလည်း ပိတ်ပင်တားဆီးရာရောက်တယ် အဲဒါကြောင့် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ကို ကျနော်သဘောမတူပါဘူး။"

ပညာရေးဌာနရဲ့ထုတ်ပြန်ချက်ဟာ တက္ကသိုလ်တွေမှာ ရှိသင့်ရှိထိုက်တဲ့ အစဉ်အလာတွေကနေ သွေဖီလိုက်တာဖြစ်တယ်လို့ ပညာရေး လောကကို မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း ဦးတင်မောင်သန်းက ပြောပါတယ်။

"တက္ကသိုလ်ဆိုတာက စဉ်းစားတွေးခေါ်ပုံကိုရအောင် ရည်ရွယ်ပြီး လုပ်ကြရတဲ့နေရာပေါေ့နာ်။ ဆိုတော့ စဉ်းစားတွေးခေါ်ပုံ ဖွံ့ဖြိုးတိုးတက်မှုကို အများကြီးထိခိုက်တယ်လို့ ကျနော်ထင်တယ်။ တက္ကသိုလ်တွေက စာတမ်းဖတ်ပွဲတွေ ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စကားဝိုင်းတွေနဲ့ မကင်းဘူးပေါေ့နာ်။ ဒီဆုံးဖြတ်ချက်ကို ဆုံးဖြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ပုံ ချည်းကပ်ပုံက ကိုလိုနီခေတ်က တက္ကသိုလ်တွေ ဆုံးဖြတ်ပုံတွေထက်တောင်ပိုပြီး နိမ့်ကျတယ်လို့ပြောရမယ်။ ဒါကြောင့်မို့ ဒါက နိုင်ငံတကာအစဉ်အလာ တက္ကသိုလ်ဆိုတဲ့ စံချိန်စံညွှန်းနဲ့ဆိုလို့ရှိရင် အင်မတန်ဆန့်ကျင်တဲ့ ညွှန်ကြားချက်ပါ။"

ကွန်မြူနစ် သဘောတရားရေးရာ ပညာရှင်ဖြစ်တဲ့ Karl Marx ကားလ်မတ်စ်ရဲ့ နှစ်(၂၀၀)ပြည့်အခမ်းအနားကို ဗကသ ကျောင်းသားတွေ ဦးဆောင်ပြီး မေလ (၅)ရက်နေ့တုန်းက ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမဆောင်မှာ ကျင်းပခဲ့ပြီးနောက်ပိုင်း ပညာရေးဝန်ကြီးဌာနရဲ့ အခုလို ကြေညာချက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ အဲဒီပွဲမှာ စာတမ်းဖတ်ပွဲ ကဗျာရွတ်ပွဲနဲ့ ရုပ်ရှင်ပြပွဲတွေ ပါဝင်ပါတယ်။ နိုင်ငံတကာမှာဆိုရင် နိုင်ငံရေးစနစ် စီးပွားရေးစနစ်တွေကို ဝေဖန်ထောက်ပြတဲ့ တက္ကသိုလ်တွေက နိုင်ငံတော်ကတောင် ဆုချတာမျိုးရှိတယ်လို့ ဒေါက်တာသိန်းလွင် က ထောက်ပြပါတယ်။

"ဒီနိုင်ငံရေးစနစ် စီးပွားရေးစနစ်တွေဆိုတာက အမြဲတမ်းလေ့လာပြီးတော့ ဝေဖန်ထောက်ပြနေမှ ချို့ယွင်းချက်တွေပြင်ပြီးမှ ပိုကောင်းတဲ့ စနစ်ကိုရောက်ရမှာ။ ကျနော်ကတော့ အဲဒီကို သွားစေချင်တယ် ဝေဖန်ထောက်ပြတာတွေ။ တခြား ဒီမိုကရေစီနိုင်ငံတွေဆိုရင် ခေတ်စနစ်ကိုထောက်ပြတဲ့ သုတေသနတွေထုတ်ဖော်နိုင်တဲ့ တက္ကသိုလ် တွေကိုတောင်ဆုတွေပေးတယ်။ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်နိုင်တယ်ဆိုရင် အဲဒီလို တက္ကသိုလ်မျိုးကို ဆုတွေပေးတယ်။ ကျနော်တို့ နိုင်ငံက ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုရင် အဲလိုမျိုးတွေကို အားပေးသင့်တယ်။"

အခုလို ပညာရေးဝန်ကြီးဌာနရဲ့ကြေညာချက်ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ သင့်ဘဝ ဦးတင်မောင်သန်းက သတိပေးလိုက်ပါတယ်။

"London School of Economics လို့ခေါ်တဲ့ လန်ဒန်စီးပွားရေးတက္ကသိုလ် ပါမောက္ခတယောက်ကို ဖိတ်ပါတယ်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ပြောဖို့ပေါ့နော်။ ဒါပေမယ့် အဲဒီ ညွှန်ကြားချက်ကြီး ထွက်လာတဲ့အတွက်ကြောင့်မို့ သူဟာ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ဟောပြောပွဲ၊ ပို့ချချက် မပေးရပဲနဲ့ ကျနော်တို့လို သုတေသန စင်တာမှာ လာပြီးတော့ လုပ်သွားခဲ့ရတယ်။ အဲဒီတော့ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခါတွေမှာ ဒီညွှန်ကြားချက်က အကျုံးဝင်မယ်ဆိုရင် အများကြီးထိခိုက်နိုင်ပါတယ်။ အဆင့်မြင့်ပညာရေး တက္ကသိုလ်ပညာရေး က အင်မတန် နိမ့်ကျနေတဲ့အချိန်မှာ ဒီညွှန်ကြားချက်က တိုးတက်အောင် လုပ်တာမဟုတ်ဘူး။ ပိုပြီး ညှစ်တဲ့ ညွှန်ကြားချက်လို့ပြောရမှာပါ။ နောက်ပြီးကျနော် စိုးရိမ်တာကလည်း ကျောင်းသားလှုပ်ရှားမှုများ ပေါ်လာရင် ကျနော်ကတော့ အံသြမှာ မဟုတ်ဘူးခင်ဗျ။ အဲဒီတော့ ဒီကိစ္စသည် အတော်လေး သက်ရောက်မှုပမာဏ ကြီးသွားနိုင်တယ်လို့ ကျနော်ကတော့ ဒီလိုပဲ ထင်တယ်။"

ပညာရေးဝန်ကြီးဌာနရဲ့ မေလ(၂၁)ရက် ကြေညာချက်အမိန့်နဲ့ပတ်သက်လို့ ဆရာ/ဆရာမများအဖွဲ့က ကန့်ကွက်နေသလို၊ကျောင်းသား အဖွဲ့အစည်းတွေကလည်း ကန့်ကွက်နေကြပါတယ်။

Your browser doesn’t support HTML5

တက္ကသိုလ် ကန့်သတ်ချက်သစ် ပညာရှင်နဲ့ ကျောင်းသားတွေလက်မခံ