ရခိုင်ပြည်နယ်မှာ IDP တွေအပေါ် ကန့်သတ်မှုတွေအတွက် ကုလအထူးကိုယ်စားလှယ် စိတ်ပျက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၈၀ ရာခိုင်နှုန်းဟာ နိုင်ငံသားတွေ ဖြစ်ပေမဲ့လည်း အဲဒီလူတွေရဲ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို အလွန်အကျွံကန့်သတ်ထားတဲ့အပေါ်မှာ စိတ်ပျက်မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ပြောလိုက်ပါတယ်။

ဒါပေမဲ့လည်း အိုးအိမ်စွန့်ခွာထွက်ပြေး နေထိုင်သူတွေ လက်ရှိနေထိုင်နေတဲ့ ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းရေး မဟာဗျူဟာကိုရေးဆွဲခဲ့ပြီး ဒီမဟာဗျူဟာအတိုင်း လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်နေတဲ့အပေါ် ကြိုဆိုတယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့ နေစွဲနဲ့ သတင်းမီဒီယာတွေကို ထုတ်ပြန်လိုက်တဲ့ ကြေငြာချက်ထဲမှာ သူမက ပြောလိုက်ပါတယ်။

Ms. Burgener ဟာ ဇူလိုင်လ ၉ ရက်ကနေ ၁၈ ရက်နေ့အထိ ၁၀ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း သူမဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အလုပ်သမားဝန်ကြီး ဦးသိန်းဆွေ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့သလို၊ တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမျိုးသားလွှတ်တော်ဒု-ဥက္ကဋ္ဌ ဦးအေးသာအောင် နဲ့ တခြားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုတွေ အတွင်း - လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပြင် လူမှုအသိုင်းအဝိုင်းအတွင်းက ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ခွဲခြားဆက်ဆံတာတွေ၊ အမုန်းစကားတွေနဲ့ ဘာသာရေးကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အသုံးချနေတာတွေကိုလည်း အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်လုပ်ဆောင်သွားဖို့ကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Burgener တိုက်တွန်းလိုက်ပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်မှာ IDP တွေအပေါ် ကန့်သတ်မှုတွေအတွက် ကုလအထူးကိုယ်စားလှယ် စိတ်ပျက်