ရှမ်းပြည်နယ် တောင်ပိုင်းရောမြောက်ပိုင်းမှာပါ စစ်ရေးတင်းမာနေ

Fighting betwwn RCSS/SSA AND TNLA- Photo CREDIT to RCSS - SSA News & Information Department

[[Zawgyi/Unicode]]

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုးနဲ့ ကျောက်ဂူကျေးရွာမှာ တိုင်းရင်းသားတပ်တွေကြားတိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတချို့ ကျောက်ဂူရွာမှာ ပိတ်မိနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးဘက်မှာတော့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းတာတွေ ရှိနေတာကြောင့် မကြာခင်တိုက်ပွဲကြီးတွေ ထပ်မံဖြစ်ပွားလာဖွယ်ရှိနေပါတယ်။ ရှမ်းပြည်နယ်ဘက်က စစ်ရေးတင်းမာမှုအခြေအနေ ရန်ကုန်ကသတင်းရေးသားပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

TNLA တအန်း(ပလောင်)၊ SSPP ရှမ်းပြည်မြောက်ပိုင်းပူးပေါင်းတပ်နဲ့ RCSS ရှမ်းပြည်တောင်ပိုင်းတပ်တွေကြားမှာ ပြီးခဲ့တဲ့လပိုင်းက ကျောက်မဲ၊ သီပေါ၊ မိုင်းကိုင်နဲ့ လဲချားမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာက ဒီရက်ပိုင်းအတွင်းမှာတော့ ရပ်စောက်မြို့နယ်ဘက်မှာပါ ဖြစ်ပွားလာနေတာပါ။

လက်ရှိ ရပ်စောက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“နောင်ဝိုးကျတော့ နည်းနည်းတောထဲ ရောက်သွားပြီလေ။ အဲဒီမှာ မနေ့ညက ဖြစ်တယ်။ ဒီနေ့ မနက်ကျတော့ ကျနော်တို့ ကျောက်ဂူရွာထဲမှာ လာဖြစ်တယ်ပေါ့။ အဲဒါတော့ လမ်းပေါ်ရောက်သွားပြီ။ ကျောက်ဂူရွာက ကျနောတို့ မြောက်ပိုင်းနဲ့ တောင်ပိုင်းနဲ့ ဆက်ထားတဲ့လမ်းပေါ်မှာပေါ့။ မဟာမိတ်အဖွဲ့နဲ့ RCSS လို့ သတင်းကြားတယ်ဗျ။ စစ်တပ်နဲ့တော့မဟုတ်ဘူး။ ”

တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံတချို့ ကျောက်ဂူရွာမှာ ပိတ်မိနေတယ်လို့လည်း အခုလို ဆက်ပြောပါတယ်။

“ရပ်စောက်မြို့ပေါ်မှာတော့ အခုချိန်ထိက အေးအေးဆေးဆေးပဲဗျ။ ဘာမှတော့ မဖြစ်သေးဘူး။ ဒါပေမယ့် စစ်ဘေးရှောင်တွေကတော့ နည်းနည်းပြေးတဲ့လူတွေက ပြေးနေပြီ။ ရှောင်တဲ့လူတွေက ရှောင်နေပြီ။ ဒါပေမယ့် ကျောက်ဂူရွာထဲက တချို့တွေက ထွက်မလာရသေးဘူး။ ရပ်စောက်မြို့ကနေ သွားတဲ့ ဧည့်သည်တွေလည်း ကျောက်ဂူမှာ ပိတ်မိနေတယ်ပေါ့။ အဲလိုမျိုးတော့ ရှိတယ်။ လာလို့ရရင်တော့ သူတို့ ထွက်လာမှာ အခုက လာလို့ မရသေးဘူးဗျ။ အဲလိုမျိုးဖြစ်နေတယ်။ ”

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့ ကျောက်ဂူ၊ နောင်ဝိုးဒေသဟာ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်လှုပ်ရှားခဲ့တဲ့နယ်မြေဖြစ်ပြီး ရပ်စောက်မြို့ကနေ မိုင် ၅၀ လောက် ကွာဝေးတာဖြစ်ပါတယ်။ ရပ်စောက်မြို့နဲ့ တမိုင်လောက်အကွာမှာတော့ စစ်ကောင်စီရဲ့ သင်တန်းကျောင်းတွေ အခြေစိုက်တဲ့ ဗထူးတပ်မြို့ တည်ရှိနေတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်မှာ တိုင်းရင်းသားတပ်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့သလို အင်္ဂါနေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်ယာဉ်တန်းဖြတ်သန်းသွားစဉ် အမည်မသိအဖွဲ့က ပစ်ခတ်တာဖြစ်ကြောင်း နမ့်ဖတ်ကာက ဒေသခံတဦးက ပြောပါတယ်။

“နမ့်ဖတ်ကာအထွက် ဟိုဖက် ခိုမုန်းနားရောက်ခါနီးလို့ ပြောတယ်ဗျ။ ည ၁၀နာရီကျော် ၁၁ ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်။ စစ်ကားတွေ တက်သွားတဲ့အချိန်။ ဒါပေမယ့် ဘယ်အဖွဲ့နဲ့ ဆိုတာ မပြောတတ်ဘူးဗျ။ ဒီဘက်ကအဖွဲ့က အစုံရှိတယ်ဆိုတော့။”

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသမှာ KIA ကချင်၊ TNLA တအန်း(ပလောင်) နဲ့ MNDAA ကိုးကန့်အဖွဲ့တွေ အဓိက လှုပ်ရှားနေတာဖြစ်ပါတယ်။ ဒေသတွင်း သတင်းမီဒီယာတွေကတော့ အင်္ဂါနေ့ညက ဖြစ်ပွားတဲ့တိုက်ပွဲဟာ မုံးကိုး၊ ဖောင်းဆိုင်ဘက်ကို သွားတဲ့စစ်ကောင်စီတပ် ယာဉ်တန်းကို MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဖော်ပြကြ ပါတယ်။

မုံးကိုးဒေသခံတဦးကတော့ ဒီမနက် ၂ နာရီလောက်မှာ စစ်ကားအစီး ၂၀ ကျော်လောက် မုံးကိုးမြို့ကို ရောက်ရှိလာကြောင်းနဲ့ တိုက်ပွဲတွေဖြစ်လာနိုင်ကြောင်း အခုလို ပြောပါတယ်။

“နှစ်ဆယ်၊ နှစ်ဆယ်ကျော်လောက်တော့ ရှိမှာဗျ။ ညက ၂ နာရီခွဲလောက်မှာ သူတို့မုံးကိုးထဲကို ရောက်လာတာ။ တိုက်ပွဲဖြစ်ဖို့ များတာပေါ့နော။”

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာ စစ်ရေးတင်းမာနေဆဲရှိပြီး အချိန်မရွေးတိုက်ပွဲကြီးတွေ ဖြစ်လာနိုင်ကြောင်း သုံးသပ်ထားပါတယ်။

“မုံးကိုး၊ ဖောင်းဆိုင်ဘက်မှာကတော့ တိုက်ပွဲနေ့တိုင်းလို မဖြစ်ရင်လည်းဘဲ အမြဲတမ်း အဲဒီဘက်မှာတော့ တင်းမာတယ်လို့ ပြောလို့ရတာပေါ့။ တိုက်ပွဲက ပြန်ပြီးမှ ကြီးလာနိုင်သလိုပေါ့နော။ အဲဒါမျိုးတွေတော့ ရှိပါတယ်။ အဲဒီဘက်မှာ။”

ဒီလ ၈ ရက်နေ့ကတော့ လားရှိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့သလို မုံးကိုးဒေသက သူတို့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ကြောင်း MNDAA ကိုးကန့်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲသတင်းတွေကို ထုတ်ပြန်တာမရှိပါဘူး။

မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လလောက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရှမ်းပြည်နယ် တောင်ပိုင်းရောမြောက်ပိုင်းမှာပါ စစ်ရေးတင်းမာနေ

==========
[[Unicode]]


















==========