NATO စစ်သင်္ဘောတွေ စေလွှတ်ဖို့ ယူကရိန်းတောင်းခံ

ရုရှားနိုင်ငံနဲ့ တင်းမာမှုတွေ ကြုံနေရချိန်မှာ ယူကရိန်းနိုင်ငံ လုံခြုံရေးအတွက် Azov ပင်လယ်မှာ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) က စစ်သင်္ဘောတွေ စေလွှတ်ဖို့ ယူကရိန်းသမ္မတက အကူအညီ တောင်းလိုက်ပါတယ်။

ယူကရိန်းသမ္မတ Petro Poroshenko ရဲ့ ပန်ကြားချက်ကိုတော့ ဒီကနေ့ထုတ် ဂျာမန်သတင်းစာ Bild မှာ ဖော်ပြခဲ့တာပါ။ ဒီနေ့မှာပဲ တူရကီသမ္မတ Recep Tayyip Erdogan ကလည်း ယူကရိန်းနဲ့ ရုရှားတို့ကြား ကြားဝင်ညှိနှိုင်းပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။

၂ နိုင်ငံ ခေါင်းဆောင်တွေနဲ့ တယ်လီဖုန်းက စကားပြောခဲ့ကြောင်းနဲ့ အာဂျင်တီးနားနိုင်ငံမှာ ကျင်းပမယ့် စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံပေါင်း ၂၀ (G-20) ထိပ်သီးအစည်းအဝေးအတွင်း ရုရှားသမ္မတ Vladimir Putin အမေရိကန်သမ္မတ Donald Trump တို့နဲ့ ဒီကိစ္စကို ဆက်လက် ဆွေးနွေးသွားမှာဖြစ်ကြောင်းလည်း တူရကီသမ္မတက ပြောဆိုခဲ့တာပါ။ ထိပ်သီးအစည်းအဝေးအတွင်း ရုရှားနဲ့ အမေရိကန်သမ္မတ ၂ ဦး စနေနေ့မှာ သီးခြားတွေ့ဆုံပြီး ၂ နိုင်ငံကြား ကိစ္စတွေအပြင်၊ ဒေသတွင်းက ပဋိပက္ခတွေ၊ လက်နက်ဖျက်သိမ်းရေး ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိကြောင်းလည်း ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov ကပြောပါတယ်။

Kerch ရေလက်ကြားကတဆင့် ယူကရိန်းနိုင်ငံ Mariupol ဆိပ်ကမ်းကိုသွားဖို့ ကြိုးစားခဲ့ကြတဲ့ ယူကရိန်း သင်္ဘော ၃ စင်းနဲ့ သင်္ဘောသားတွေကိုတော့ Azov ပင်လယ်မှာ ရုရှားတပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာပဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းကတော့ အတူခွဲေ၀ အသုံးပြုဖို့ သဘောတူထားတဲ့ Kerch ရေလက်ကြားကို ရုရှားက ရေနံတင်သင်္ဘောတစင်းနဲ့ ပိတ်ဆို့ခဲ့ကြောင်း ပြောဆိုထားတာပါ။ ရုရှားနိုင်ငံဘက်ကတော့ ယူကရိန်းသင်္ဘောတွေဟာ ရုရှားရေပိုင်နက်ထဲကို ဥပဒေမဲ့ ဝင်ရောက်လာခဲ့ကြောင်း ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

NATO စစ်သင်္ဘောတွေ စေလွှတ်ဖို့ ယူကရိန်းတောင်းခံ