တိုက်ပွဲတွေအရှိန်မြှင့်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

Hamas စစ်သွေးကြွအဖွဲ့ကို ချေမှုန်းဖို့အတွက် စစ်ဆင်ရေးတွေကို အရှိန်မြှင့်ဆက်လုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဒီနေ့ထပ်မံကတိပြုလိုက်ပြီး၊ ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်း အပစ်ရပ်ဖို့ တောင်းဆိုထားတဲ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

Hamas ဘက်က မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေကို လိုက်နာမှာ မဟုတ်သလို၊ ဖမ်းဆီးခံထားရသူတွေ အားလုံးပြန်လွတ်လာရေး၊ Hamas တို့ရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေးစွမ်းရည်အားလုံးကို ဖျက်စီးနိုင်ရေးနဲ့ ဂါဇာထဲကနေ အစ္စရေးကို နောက်ထပ် ဘယ်တော့မှအန္တရာယ်မပြုနိုင်ရေး စတဲ့ရည်မှန်းချက်တွေပြည့်တဲ့အထိ ဆက်ပြီးဆောင်ရွက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် Netanyahu ကပြောကြားခဲ့ပါတယ်။

ဂါဇာမှာ ချက်ချင်းအပစ်ရပ်ရေးဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီမှာ မဲခွဲစဉ်က အမေရိကန်က ဗီတိုသုံး မပယ်ချခဲ့တာကြောင့် ဝါရှင်တန်ကို ဂါဇာအရေးဆွေးနွေးမယ့် ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရေး အစီအစဉ်ကို ဝန်ကြီးချုပ် Netanyahu ကဖျက်ခဲ့ပြီးနောက် ခုလိုပြောကြားခဲ့တာပါ။ Rafah မြို့အပေါ် ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတဲ့ အစ္စရေးနဲ့ အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို ဆွေးနွေးဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်အဖွဲ့ မလွှတ်တော့တဲ့အပေါ် အင်မတန်စိတ်ပျက်တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီးနဲ့ အမေရိကန်အဆင့်မြင့်တာဝန်ရှိသူတွေ ဆွေးနွေးရင်တော့ Rafah ကိုထိုးစစ် မဆင်ဖို့ ဖိအားပေးသွားမယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

တိုက်ပွဲတွေအရှိန်မြှင့်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော