နယူးဇီလန်နိုင်ငံ Christchurch မြို့က ဗလီ ၂ ခုမှာ ပြီးခဲ့တဲ့ သောကြာနေ့က ပစ်ခတ်မှု အတွင်း သေဆုံးသွားသူတွေထဲက တချို့ကို မိသားစု အသိုင်းအဝန်းက ဒီကနေ့ပဲ မြှုပ်နှံ သဂြုႋဟ်ခဲ့ကြပါတယ်။
တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေကို ဘယ်သူ၊ ဘယ်ဝါဆိုတာ ခွဲခြားနိုင်ဖို့လည်း မိသားစုဝင်တွေ အကူအညီနဲ့ ရဲတပ်ဖွဲ့က ဆက်လက်ကြိုးပမ်းနေပါတယ်။ မိသားစုဝင်တွေ ဖြစ်တဲ့အတွက်ရော၊ စာနာမှု၊ ယဉ်ကျေးမှု အရပါ သေဆုံးသူတွေကို မိသားစုထံ အပ်နှံဖို့ အဓိက ဦးစားပေး ဆောင်ရွက်နေကြောင်းလည်း နယူးဇီလန်နိုင်ငံ ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Mike Bush ကပြောဆိုခဲ့တာပါ။
မနေ့ည ၁၁ နာရီခွဲ အချိန်အထိ သေဆုံးသူတွေထဲက စုစုပေါင်း ၂၁ ယောက်ကို တရားဝင် စစ်ဆေး အတည်ပြုခဲ့ပြီး၊ မိသားစုထံ ပြန်လည် အပ်နှံဖို့ အဆင်သင့် ရှိနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ သေဆုံးသူ ၅၀ ထဲက ၂ ယောက်ကိုတော့ ဒီနေ့ပဲ Memorial Park သုသာန်မှာ မြှုပ်နှံသဂြုႋဟ်ခဲ့တာပါ။
ဈာပန အခမ်းအနားကိုတော့ ပြည်ပနိုင်ငံတွေက ရောက်လာသူတွေ အပါအဝင် လူပေါင်းရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Jacinda Ardern ဟာလည်း Christchurch မြို့က ကက်ရှ်မီးယား အထက်တန်းကျောင်းကို သွားရောက်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့တာပါ။ ခံစားချက်တွေကို မျိုသိပ်မထားဖို့နဲ့ ဝမ်းနည်းစရာ ရှိတာကို ဝမ်းနည်းဖို့၊ တိုက်ရိုက် သက်ဆိုင်မှု မရှိခဲ့ရင်တောင် အကူအညီ လိုတယ်လို့ ယူဆရင် တောင်းခံဖို့လည်း ဝန်ကြီးချုပ်က ကျောင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းက လူပေါင်း ရာနဲ့ချီ ဝတ်ပြုဖို့ ဗလီတွေမှာ ရောက်နေစဉ်မှာပဲ တိုက်ခိုက်ခဲ့တာကိုတော့ သေနတ်သမားက ခေါင်းမှာတပ်ထားတဲ့ ကင်မရာနဲ့ ရိုက်ကူးပြီး Facebook လူမှုကွန်ရက်မှာ တိုက်ရိုက်ပြသခဲ့တာပါ။ ရွှေ့ပြောင်းနေထိုင်သူတွေကို ကျုးကျော်သူ အဖြစ်နဲ့ ရည်ညွှန်းပြောဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နောက်မှာပဲ၊ Facebook မှာ ဗွီဒီယို တိုက်ရိုက်ပြသခဲ့တာလည်း ဖြစ်ပါတယ်။ ရက်စက်လွန်းတဲ့ တိုက်ခိုက်မှု ဗွီဒီယိုကိုတော့ နောက်ပိုင်းမှာ လူမှုကွန်ရက်ပေါ်ကနေ ဖယ်ရှားခဲ့ပါတယ်။
Your browser doesn’t support HTML5