မကြာသေးခင်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဗုံးဖေါက်ခွဲခဲ့မှုနဲ့ တရားစွဲဆိုခံထားရသူ ဘင်္ဂလားဒေ့ရှ်လူမျိုး Akayed Ullah ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နောက်ဆုံး သွားရောက်ခဲ့စဉ် Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို သွားရောက် ခဲ့တယ်လို့ သူနဲ့ ဆွေမျိုးတော်စပ်သူတွေက ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ် Akayed Ullah ဟာ ဦးခီးယားမှာ ရှိတဲ့ ကုတုပါလောင် ဒုက္ခသည်စခန်းကို သွားရောက်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေထံသွားပြီး အကူညီတွေ ဝေငှပေးခဲ့တယ်လို့ သူ့ရဲ့ ယောက္ခမ Mahfuja Akhter က Dhaka Tribune သတင်းစာကို ဗုဒ္ဓဟူးနေ့က ပြောပြခဲ့ပါတယ်။ သွားတဲ့ ရက် အတိအကျကိုတော့ မမှတ်မိဘူးလို့ ဆိုပါတယ်။
သူဟာ Cox’s Bazar ကို မနက်ပိုင်းမှာ ရောက်ရှိသွားပြီး Dhaka ကို ညနေပိုင်းမှာ ပြန်ပြီး ရောက်ရှိလာကြောင်း၊ အကူညီမဲ့နေတဲ့ သူတွေအတွက် ဆေးဝါးပစ္စည်းတွေ ပိုပြီးဝယ်ယူနိုင်အောင် ငွေကိုချွေတာတဲ့အနေနဲ့ ဟိုတယ်မှာ မတည်းခိုခဲ့ဘူးလို့လည်း ပြောပါတယ်။
Akayed ဟာ ကုတုပါလောင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းဆိုင်ရာဌာန တာဝန်ရှိသူတွေက အတည်ပြုပြောကြားခဲ့ပါတယ်။ အဲဒီလို သွားရောက်တဲ့နေရာမှာ သူနဲ့အတူ တခြားသူ တဦးတယောက် လိုက်ပါသွားခဲ့တာ ရှိမရှိ ဆိုတာကို သေချာ စီစစ်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
Akayed ဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့မနက်ပိုင်း နယူးယောက်မြို့ရဲ့ လူစည်ကားရာ Time Square မြေအောက်ဘူတာရဲ့ Port Authority ဘတ်စ်ကား ဂိတ်မှာ သူ့ရဲ့ခန္ဓာကိုယ်မှာ စည်းနှောင်ထားတဲ့ အိမ်လုပ် ပိုက်ဗုံး ဖေါက်ခွဲတိုက်ခိုက် ခဲ့ပါတယ်။ Akayed နဲ့အတူ တခြားလူ ၃ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
Akayed က IS အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းအတွက် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ပြောခဲ့ပါတယ်။
သူ့ကို ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းအတွက် ရုပ်ဝတ္ထုပစ္စည်း ထောက်ပံ့ ကူညီပံ့ပိုးမှု၊ လူအများသွားလာတဲ့နေရာကို ဖေါက်ခွဲမှု၊ လူအများသေကြေဒဏ်ရာရစေတဲ့ လက်နက်တွေကို အသုံးပြုမှု စတာတွေနဲ့ Manhattan ပြည်ထောင်စု တရားရုံးမှာ စွဲချက်တင်ထားပါတယ်။
Your browser doesn’t support HTML5
နယူးယောက် ဗုံးခွဲသမား ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းသွားခဲ့