ဆေးဖက်ဆိုင်ရာ နိုဘယ်ဆု အမေရိကန် ပညာရှင် ၂ ဦးရရှိ

နိုဘယ်ကော်မတီ အတွင်းရေးမှူး Thomas Perlmann က ဆေးဖက်ဆိုင်ရာ နိုဘယ်ဆုရရှိသူကို ကြေညာနေစဉ် (အောက်တိုဘာ ၇၊ ၂၀၂၄)

ဒီနှစ်အတွက် နိုဘယ်ဆုပေးပွဲတွေ ဒီကနေ့ စတင်ခဲ့ရာမှာ သက်ရှိတွေရဲ့ မျိုးဗီဇစနစ်နဲ့ ပတ်သက်လို့ တွေ့ရှိချက် အသစ်တွေကို ဖော်ထုတ်နိုင်ခဲ့ကြတဲ့ အမေရိကန် ပညာရှင် ၂ ယောက်ကို ပူးတွဲချီးမြှင့်လိုက်ပါတယ်။

မျိုးဗီဇတွေ အလုပ်လုပ်တဲ့စနစ်ရဲ့ အခြေခံဖြစ်တဲ့ microRNA ကို ရှာဖွေ ဖော်ထုတ်ခဲ့ကြတဲ့ Victor Ambros နဲ့ Gary Ruvkun တို့ကို နိုဘယ်ဆေးပညာဆု ချီးမြှင့်ကြောင်း ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့က ဒီကနေ့ အခမ်းအနားမှာ နိုဘယ်ကော်မတီ အတွင်းရေးမှူး Thomas Perlmann က ကြေညာလိုက်တာပါ။ မျိုးဗီဇ အခြေခံတွေရဲ့ အလုပ်လုပ်ပုံတွေကို ဖော်ထုတ်နိုင်ခဲ့တာဟာ ဆေးပညာမှာ အရေးပါတာကြောင့် အခုလို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ပြောပါတယ်။

Massachusetts ဆေးတက္ကသိုလ်မှာ သဘာဝသိပ္ပံပညာ ပါမောက္ခအဖြစ် လက်ရှိတာဝန်ယူနေတဲ့ Ambros ဟာ အခုဆုရရှိခဲ့တဲ့ သုတေသနကို Harvard တက္ကသိုလ်မှာ လုပ်ခဲ့တာပါ။ ပူးတွဲဆု ရရှိခဲ့တဲ့ Ruvkun ကတော့ Massachusetts အထွေတွေဆေးရုံကြီးနဲ့ မျိုးဗီဇဆိုင်ရာ ပါမောက္ခအဖြစ် တာဝန်ယူနေတဲ့ Harvard ဆေးတက္ကသိုလ်မှာ သုတေသနလုပ်ခဲ့တာပါ။ နိုဘယ်ဆေးပညာဆုအတွက် ဆွီဒင်သုံး ခရိုနာငွေ ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁ သန်း) ချီးမြှင့်မှာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် နိုဘယ်ဆုတွေကို ဒီတပတ်ကစ ချီးမြှင့်ရာမှာ မနက်ဖြန် အင်္ဂါနေ့မှာတော့ ရူပဗေဒဆိုင်ရာဆု၊ ဗုဒ္ဓဟူးနေ့မှာ ဓာတုဗေဒဆိုင်ရာဆု နဲ့ ကြာသပတေးနေ့မှာ စာပေဆု၊ သောကြာနေ့မှာတော့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ကြေညာမှာပါ။ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကိုတော့ လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့မှာ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကြေညာမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဆေးဖက်ဆိုင်ရာ နိုဘယ်ဆု အမေရိကန် ပညာရှင် ၂ ဦးရရှိ