မြောက်ကိုရီးယားစစ်ဖက်အကြီးအကဲရာထူး အပြောင်းအလဲများဖြစ်

မြောက်ကိုရီးယားနိုင်ငံက ထိပ်တန်း စစ်ဘက်ခေါင်းဆောင် ၃ ဦးကို ရာထူးအပြောင်းအလဲ လုပ်လိုက်ကြောင်း တောင်ကိုရီးယားအခြေစိုက် Yonhap သတင်းမှာ ဖော်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီး Pak Yong Sik နေရာမှာ သဘောထားပျော့ပြောင်းတဲ့ No Kwang Chol နဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။ စစ်ဦးစီးအရာရှိချုပ် Ri Myong Su နေရာမှာလည်း Ri Yong Gil နဲ့ အစားထိုးလိုက်သလို နိုင်ငံရေးဦးဆောင်အဖွဲ့ခေါင်းဆောင် Kim Jong Gak ကိုလည်း ဗိုလ်ချုပ်ကြီး Kim Su Gil နဲ့ အစားထိုး ခန့်အပ်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာက အရာရှိကို ကိုးကားပြီး Yonhap သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးဦးဆောင်အဖွဲ့ခေါင်းဆောင် Kim Jong Gak ကို ရာထူး ပြောင်းလဲ ခန့်ထားတဲ့အကြောင်းကိုတော့ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာမှာ ပြီးခဲ့တဲ့လက ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဆောင်တဲ့အနေနဲ့ အဲဒီရာထူး ပြောင်းလဲ ခန့်ထားမှုတွေကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ခေါင်းဆောင် ၃ ဦးဟာ တွေးခေါ်မှုပိုင်းမှာ ပြုလွယ် ပြောင်းလွယ် မရှိတဲ့အတွက် အခုလို ရာထူး ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက Yonhap သတင်းဌာနကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ အခုလ ၁၂ ရက်နေ့မှာ စင်္ကာပူနိုင်ငံမှာ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ ထိပ်သီး စည်းဝေးပွဲကျင်းပတဲ့အခါ နြူကလီးယား ဖျက်သိမ်းရေး သဘောတူညီချက် ရနိုင်ခြေရှိတာကို စစ်တပ်ဘက်ကလည်း သဘောတူ ထောက်ခံအောင် အခုလို ပြောင်းလဲမှုတွေ ပြုလုပ်ခြင်းဖြစ်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောပါတယ်။

အခုလို စစ်တပ်အတွင်း ထိပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေ ပြောင်းလဲမှု ပြုလုပ်တာဟာ မျိုးဆက် ကွာဟမှုကို ပြောင်းလဲတဲ့သဘော ဖြစ်နိုင်ကြောင်းလည်း တခြား ထောက်လှမ်းရေး သတင်းရပ်ကွက်က ပြောကြောင်း Yonhap သတင်းမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယားစစ်ဖက်အကြီးအကဲရာထူး အပြောင်းအလဲများဖြစ်