မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်နဲ့ နျူကလီးယားစမ်းသပ်တာတွေကို ဆက်လုပ်ပြီး ကိုယ့်ကိုယ်ကိုဖျက်ဆီးရေး လမ်းကြောင်း ကို ဦးတည် သွားနေတယ် လို့ တောင်ကိုရီးယား သမ္မတ Park Geun-hye က ပြောလိုက်ပါတယ်။
“ရန်လိုတဲ့လုပ်ရပ်တွေကို မြောက်ကိုရီးယားက မစွန့်လွှတ်သရွေ့ ကမ္ဘာပေါ်က ဘယ်နိုင်ငံကမှ မြောက်ကိုရီးယားနဲ့ ပုံမှန် ဆက်ဆံရေး တည်ဆောက်မှာမဟုတ်သလို ဘယ်အဖွဲ့အစည်းကမှလည်း အကူအညီပေးမှာ မဟုတ်ပါဘူး။ အဆင်ခြင်မဲ့ ရန်လိုတဲ့ လုပ်ရပ်တွေရဲ့အဆုံးမှာ လုံး၀ အထီးကျန်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုဖျက်ဆီးတဲ့ အခြေအနေက စောင့်ကြိုနေတယ်ဆိုတာကို မြောက်ကိုရီးယားအစိုးရ နားလည်သင့်ပါပြီ။” လို့ တောင်ကိုရီးယားသမ္မတ Park Geun-hye က ပြောသွားတာပါ။
Musudan ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို မြောက်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်းကနေ ဒီကနေ့ပစ်လွှတ်စမ်းသပ်တာပါ။ ပထမ တစင်းကိုပစ်လွှတ်တာ မအောင်မြင်ပေမဲ့ ဒုတိယတစင်းကတော့ ကီလိုမီတာ ၄၀၀ လောက်ထိ ရောက်ပြီး တဲ့နောက် ဂျပန် ပင်လယ်ထဲ ကျသွားတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
Musudan ဒုံးကျည်တွေဟာ ကီလိုမီတာ ၃ ထောင်ကနေ ၄ ထောင် အထိ ရောက်နိုင်ပြီး ဂျပန်၊ တရုတ်နဲ့ Guam ကျွန်းက အမေရိကန်စစ်စခန်းတွေကို ပစ်ခတ်နိုင်တယ်လို့ ယူဆထားကြပါတယ်။
ဒီလုပ်ရပ်ဟာ ခွင့်မလွှတ်နိုင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်တွေကို ချိုးဖောက် လုပ်ဆောင်တဲ့ ဒီလုပ်ရပ်ကို ပြစ်တင်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ John Kirby ပြောပါတယ်။ ဒီကိစ္စကို ကုလသမဂ္ဂမှာ တင်ပြမယ်လို့လည်းဆိုပါတယ်။
Your browser doesn’t support HTML5
Your browser doesn’t support HTML5