မြစ်ကြီးနားနဲ့ စစ်ကိုင်းရေဘေးဒေသခံတွေ ဘေးလွတ်ရာပြောင်းရွှေ့

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရေလွှမ်းမိုးနေတဲ့မြင်ကွင်း။ (ဇူလိုင် ၂၊ ၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်က အကြီးအကျယ် ရေလွှမ်းသွားခဲ့ပြီးနောက် အခုရေပြန်ကျချိန်မှာ သေဆုံးသူ ရုပ်အလောင်းတချို့နဲ့ ကျွဲ၊ နွား တိရိစ္ဆာန်အလောင်းတွေကို စတင်တွေ့ရှိနေရတယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် စစ်ကိုင်တိုင်းဘက်မှာလည်း ချင်းတွင်းမြစ်ရေ မြင့်တက်လာတာကြောင့် ဆားလင်းကြီး၊ ကနီ စတဲ့ ချင်းတွင်းမြစ်ကမ်းဘေး နေထိုင်တဲ့ ကျေးရွာအများအပြား ရေနစ်မြုပ်နေပြီး လူတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်း ရေဘေးအခြေအနေ မအိသန့်စင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြစ်ကြီးနားမြို့မှာ ဆိုးဆိုးရွားရွားရေလွှမ်းမိုးခဲ့ပြီးနောက် အခုရက်ပိုင်းအတွင်း ရေပြန်ကျချိန်မှာ လက်ရှိ အလောင်း ၅ လောင်း ရထားတယ်လို့ မြစ်ကြီးနားအခြေစိုက် မျိုးဆက်သစ်လူမှုကယ်ဆယ်ရေအသင်းက ဗွီအိုအေကို ပြောပါတယ်။ ဒါ့ပြင် ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေကလည်း ဆက်သွယ်အကူအညီတောင်းခံထားတယ်လို့ အသင်းရဲ့ ပြောခွင့်ရက အခုလို ပြောပါတယ်။

“စုစုပေါင်း ရေနစ်သေတာတော့ စာရင်းအရတော့ ၅ ယောက်လောက်ရှိတယ်၊ ဒါပေမယ့် တယောက်ပဲ ပိုင်ရှင်မဲ့၊ ကျန်တာက ပိုင်ရှင်ရှိတယ်ဗျ။ ပျောက်ဆုံးနေသူတော့ ရှိတော့ ရှိသေးတယ်။ ဒါပေမယ့် ကျနော်တို့ကို အကြောင်းကြားတာ ကျနော်တို့ ရှာတာရှာတယ်။ ဒါပေမယ့် သူတို့လည်း ပြန်တွေ့လား မတွေ့လားဆိုတော့ ဒီဖုန်းလိုင်းကလည်း မရတော့လေ မြစ်ကြီးနားက အင်တာနက်လိုင်းက ဖြတ်ထားတယ်ဆိုတော့လေ။ ကျနော်တို့မှာ အဲ့လိုအခက်အခဲရှိတယ်၊ လက်လှမ်းမီသလောက်လေ မြစ်ကြီးနားရှိတဲ့ ပရဟိတအသင်းတွေရော တခြားအသင်းတွေရော ချိတ်ဆက်ပြီးတော့ ပုံတွေတော့ ပြပေးထားတယ်၊ (ပျောက်ဆုံးနေသူ) ၃ ဦးလောက်ရှိတယ်ဗျ။ တိရိစ္ဆာန်ကတော့ ကျနော်တို့ အခုမြင်တွေ့ရသလောက် ပေါ်ဦးနဲ့ အလယ်ကုန်းဘက်မှာ တိရိစ္ဆာန်တော့ တော်တော်သေးတယ်။ ပိတ်မိသေတဲ့ ကျွဲ နွားကတော့ ၈ ကောင် ၉ ကောင်လောက် မြင်တယ်ဗျ။ တနေရာတည်းပဲ အကုန်လုံး ပက်လက်တွေနဲ့ အများကြီးပဲ။”

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက် ညနေကတည်းက ဧရာဝတီမြစ်ရေ တရှိန်ထိုးမြင့်တက်လာတာကြောင့် မြစ်ကြီးနားတမြို့လုံးနီးပါး ရေနစ်မြုပ်ပြီး ၃ ရက်ဆက်တိုက် ရေဘေးကြုံခဲ့ရပါတယ်။ ရေလွှမ်းမိုးတဲ့အထဲ ပိတ်မိနေသူ အများအပြားရှိခဲ့သလို ကယ်ဆယ်ရေးအင်အား လုံလောက်မှု မရှိခဲ့ဘူးလို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရေပြန်ကျသွားတဲ့အချိန် ရေးဘေးဒုက္ခသည် အများအပြား နေအိမ်ပြန်နိုင်ပေမယ့် တချို့အနိမ့်ပိုင်းနေရာတွေမှာ ရေလွှမ်းမိုးနေဆဲဖြစ်တာမို့ နေအိမ်မပြန်နိုင်သူ တဒါဇင်ကျော် လောက်ရှိနေသေးတယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။ ရုတ်တရက် ရေကြီးချိန် မြို့ခံအများစုက အဝတ်အစား သုံး၊ လေးထည်နဲ့ မှတ်ပုံတင် စာရွက်စာတမ်းလောက်သာ ကောက်နိုင်ပြီး ကား၊ ဆိုင်ကယ်နဲ့ နေအိမ်ပစ္စည်းတွေ ပြောင်းရွှေ့ချိန်မရဘဲ ပျက်စီးဆုံးရှုံးမှုများပြားတယ်လို့လည်း ဆိုပါတယ်။

ရေပြန်ကျပြီး ၆ ရက်မြောက်နေ့ ဒီကနေ့ ဇူလိုင် ၁၀ ရက်နေ့မှာ မြစ်ရေ ဖြေးဖြေးခြင်း ပြန်တက်လာနေတာကြောင့် ကြက်ပေါင်ခြံလို အနိမ့်ပိုင်းရပ်ကွက်တွေမှာ စောင့်ကြည့်နေရတယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေအသင်းက ဗွီအိုအေကို ပြောပါတယ်။

“အခုက မြစ်ရေက အရင်လောက်တော့ မဆိုးလောက်ဘူး၊ အရင်တခေါက် တက်လာတာလောက် မဆိုးလောက်ဘူးထင်တယ်။ အခုက နည်းနည်းခြင်း မြစ်ရေတက်နေတာဗျ။ တက်နေတာ ပြန်ဝင်နေတုန်းရှိသေးတယ်၊ ဒါပေမယ့် အခုက ကြက်ပေါင်ခြံဘက်နဲ့ ဒီမြေမြင့်ဘက်တွေကို အဓိက မီးသတ် (ဝန်ထမ်း) တွေလည်း အမြဲတမ်း သွားပေးနေတယ်။ ကျနော်တို့လည်း တတ်နိုင်သလောက် ရေတွေကြည့်ပေးနေတယ်။ ဟိုလိုကြီးတော့ ဗြုံးခနဲ တက်မလာသေးဘူး။ ဖြေးဖြေးတက်လာတာပဲ ရှိသေးတယ် ရေက။”

စစ်ကိုင်းတိုင်းဘက်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကတည်းက ချင်းတွင်းမြစ်ရေ ဖြေးဖြေးခြင်းတက်လာလို့ မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာအများအပြား ရေနစ်ပြီး အရေးပေါ်ပြောင်းရွှေ့နေရပါတယ်။ မင်းကင်း၊ ကလေးဝဘက်တွေမှာလည်း ရေဘေးဒုက္ခ စတင်ကြုံတွေ့နေကြောင်း ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဆားလင်းကြီးမြို့နယ် ရွာခံတဦးကတော့ မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာပေါင်း (၁၀) ရွာအထက် ရေနစ်မြုပ်တဲ့ဒဏ်ခံစားနေကြရပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ခုလို ပြောပါတယ်။

“၃ ရက်လောက်တော့ ရှိပြီ။ (ရေ)ဝင်တာကတော့ မနေ့ကမှ ရွှေ့ကြတာ ရွှေ့တာတော့ ဖြစ်သလိုနေနေကြသေးတာ။ အကုန်ရေဝင်တာ ဟို…မြစ်ဆိပ်ကမ်းနားက လက်ပတောင်းက စမှပဲ၊ လက်ပတောင်းတို့ အဲ့ မစိုးရိမ် တဲ့၊ ရွာသစ်ကုန်း၊ ဝဲကြီး၊ ဝဲကွဲ၊ နတ်ကျွန်း၊ နတ်စက်တဲ့။ ပြီးတော့ကျတော့ ခံကုန်း တဲ့ အခုဘက်တွေက အကုန်ဝင်တယ်။ ဆိုးဆိုးဝါးဝါးရေမြုပ်တာတော့ ထန်းတောကြီးက အရင်မြုပ်နေတာ။ ကျန်တဲ့ရွာကတော့ အဲ့လောက်ကြီးမမြုပ်သေးဘူး။ ကုန်းပိုင်းတွေဆိုတော့ ရွှေလှေရယ်၊ ထန်းတောကြီးရယ် တောင်နဲ့မြောက်ပိုင်းရွာက ထန်းတောရယ်၊ ပလောင်တို့ရယ် မြုပ်တယ်လေ။”

အခုလို ရေကြီးနစ်မြုပ်တာက သုံးနှစ်တစ်ခါလောက် ကြုံတွေ့လေ့ရှိတယ်လို့လည်း သူကဆိုပါတယ်။ အခု မြစ်ရေမြင့်တက်လာတာက မိုးရွာသွန်းတာကြောင့်မဟုတ်ဘဲ အထက်ပိုင်းမှာ မြစ်ရေမြင့်တက်ခဲ့တာကကြောင့် ဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။ နောက်ထပ် ရွာခံတဦးကလည်း ရေလွှမ်းမှုကြီးမားတာကြောင့် စပါးစိုက်ခင်းနဲ့ ကွမ်းခြံအခင်းတွေ ထိခိုက်ပျက်စီးကုန်ပြီးလို့ ပြောပါတယ်။

“လက်ရှိတော့ ရွာအရှေ့ဘက်က စပါးပျိုးခင်းတွေ ကွမ်းခြံတွေတော့ ပျက်ကုန်ပြီဗျ။ ရေဝင်သွားလို့၊ မြုပ်နေပြီဗျ။”

ကနီမြို့နယ်ဘက်မှာလည်း ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကြောင်းတလျှောက်က ၂၅ ရွာထက်မနည်း ရေဘေးကြုံနေတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ တက်ကြွလှုပ်ရှားသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ရေဆက်လက် မြင့်နေတာကြောင့် ရေဘေးသင့်ပြည်သူတွေကို နီးစပ်ရာကို အရေးပေါ်ပြောင်းရွှေ့နေကြပြီး စစ်ကောင်စီ ထိုးစစ်ဆင်မှုကြောင့် နေအိမ်မီးရှို့ခံရတဲ့ ကျေးရွာနဲ့ စစ်ဘေးရှောင်တွေ ရေဘေးဒဏ် ပိုမိုကြုံတွေ့နေရတယ်လို့ ပြောဆိုပါတယ်။

လာမယ့် ဇူလိုင်လ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာလည်း မိုးရွာသွန်းမှုပိုပြီး များလာနိုင်ကြောင်း မိုးဇလက ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။