ရှမ်းမြောက် တိုက်ပွဲတွေကြောင့် ဒေသခံတွေ လုံခြုံရေးစိုးရိမ်

ရှမ်းမြောက်ပိုင်း ချင်းရွှေဟော်လမ်းမှာ ဖျက်ဆီးခံရသော တံတား (ဓာတ်ပုံ- ဆောက်လုပ်ရေးဝန်ကြီးဌာန/၀၈၊ ၁၆၊ ၁၉ )

ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအတော်များများမှာ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့က လာရောက်တိုက်ခိုက်တဲ့အတွက် ဒေသခံပြည်သူတွေ အတွက် နယ်မြေလုံခြုံရေး အထူးစိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်လို့ ရှမ်းပြည်နယ် ကျောက်မဲ လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ တိုက်ပွဲတွေကြား ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပိတ်မိပြည်သူတွေကိုသွားကယ်တဲ့ လူမှုကူညီရေးအသင်းကားတစီး လက်နက်ကြီး ကျည်ထိမှန် လို့ တဦးပွဲချင်းပြီး အသက်ဆုံးခဲ့ပြီး တချို့ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၃ဖွဲ့ပူးပေါင်းထားတဲ့ ညီနောင်မဟာမိတ်အဖွဲ့တပ်တွေ ပြင်ဦးလွင် စစ်သင်တန်းကျောင်းနဲ့ နောင်ချိုမြို့တွေကို အင်အားသုံး ဝင်ရောက်စီးနင်း တိုက်ခိုက်မှုဖြစ်ပြီး နောက်ရက်ပိုင်းမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ အပါအဝင် လားရှိုး ကွတ်ခိုင်စတဲ့နေရာ တချို့ကို လာရောက်တိုက်ခိုက်ခဲ့ပြန်ပါတယ်။ အခုတိုက်ပွဲတွေဖြစ်နေတဲ့အနေအထားကြောင့် လမ်းပမ်းဆက်သွယ်ရေး ခေတ္တပြတ်တောက်နေပြီး ဈေးတွေ ကျောင်းတွေ ပိတ်ထားသလို ဒေသခံပြည်သူတွေရဲ့ လုံခြုံရေး အထူးစိုးရိမ်စရာကောင်းတဲ့ အနေအထားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေဘက် ကတော့ ဒေသလုံခြုံရေးအထူးဆောင်ရွက်ပေးနေတယ်လို့ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

အခုလက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲအပါအဝင် ရှမ်းမြောက်ရဲ့ လုံခြုံရေး အခြေအနေကိုတော့ ရှမ်းပြည်နယ် ပြည်နယ် လွှတ်တော်က ကျောက် မဲမဲဆန္ဒနယ် အမှတ်(၁)ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

ဦးစိုင်းထွန်းဝင်း။ ။ ရှမ်းပြည်မြောက်ပိုင်းမှာ ဒီမနက် အချိန်အထိ ဆိုလို့ရှိရင် မြောက်ပိုင်း တပိုင်းလုံးကို နေရာအတော်များများမှာ ဖြစ်သွားတဲ့ အနေအထားကို ရောက်သွား တာပေါ့နော်။ …ဆိုတော့ အဓိက ကတော့ တာဝန်ရှိသူတွေ နှစ်ဘက်စလုံးပေါ့နော်၊ တဘက်တည်းကို ကျနော် မပြောလိုပါဘူး။ တပ်မတော်အပိုင်းပဲဖြစ်ဖြစ်၊ ဒီဘက် လက်နက်ကိုင်အပိုင်းပဲဖြစ်ဖြစ်- ဆိုလိုချင်တာက သူတို့အချင်းချင်းဖြစ်တဲ့ကိစ္စမှာ ဝင်မပါစေချင်ဘူး၊ ပြည်သူတွေကိုလည်း မထိစေချင်ဘူး။ တပ်မတော်ပိုင်းကပဲ ကျူးလွန်၊ ကျူးလွန်၊ လက်နက်ကိုင်ပိုင်းကပဲ ကျူးလွန် ကျူးလွန်၊ နောက်ဆုံး ရှင်းရှင်းပြောရရင်ဗျာ- လမ်းတံတားတွေ ဖျက်စီးတဲ့ကိစ္စတွေ ဆိုလို့ရှိရင် ဒါကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုပဲပေါ့နော်၊ ပြည်သူလူထုကို သတ်တဲ့ကိစ္စတွေဆို ဒါ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အဲလိုမျိုး မဖြစ်စေချင်ဘူးလို့ ကျနော် တောင်းဆိုချင်ပါတယ်။

မဆုမွန်။ ။ ဆရာတို့နယ်မြေမှာရော လုံခြုံရေးအခြေအနေ ဘယ်လိုများ ရှိပါသလဲ။

ဦးစိုင်းထွန်းဝင်း။ ။ မနက်ပိုင်းကတော့ ကျောင်းတွေ ဘာတွေ ဖွင့်တယ်၊ ဈေးတွေဘာတွေ ဖွင့်တယ်။ ညနေပိုင်းကျတော့ ဈေးပိတ်တယ်၊ ကျောင်းတွေဘာတွေ အကုန်ပိတ်တယ်ဆိုတော့ - ဆိုလိုချင်တာက လုံခြံရေးအနေအထားအရ သိပ်ပြီးတော့ အဆင်မပြေတော့တဲ့အနေအထား ရှိတာပေါ့နော်။

ရှမ်းမြောက်ဘက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေသလို ပစ်ခတ်တိုက်ခိုက်မှုတွေကြား ပိတ်မိပြည်သူတွေနဲ့ ဒဏ်ရာပြည်သူတွေကို ဒေသက လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေက လူနာတင်ကားတွေနဲ့ သွားရောက်ကယ်တင် သယ်ဆောင်ပေးနေချိန် မှာပဲ လားရှိုးလူငယ် -ပရဟိတအသင်းရဲ့ လူနာတင်ယာဉ်ကား လက်နက်ကြီး ကျည်ထိမှန်ပြီး ကိုယ်တိုင် လိုက်ပါကူညီပေးနေတဲ့ ဥက္ကဋ္ဌပွဲချင်းပြီးသေဆုံး ခဲ့ရသလို လိုက်ပါသွားတဲ့ လူငယ်ပရိဟိတအသင်းဝင်တချို့လည်း ဒဏ်ရာအပြင်းထန်ရလို့ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြရပါတယ်။ လားရှိုးလူငယ်-လူမှုကူညီရေးအသင်းရဲ့ဘဏ္ဍာရေးမှူး ဦးအောင်ကျော်ဦးက ဖြစ်စဉ်ကို အခုလိုရှင်းပြပါတယ်။

ဦးအောင်ကျော်ဦး။ ။ ဟုတ်ကဲ့ဗျာ-ရှေ့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်ပေါ့နော်- ရွာသားတွေက ကယ်ဖို့ ပြောတာပေါ့။ အဲဒီမှာ …… ဥက္ကဋ္ဌက အကြောင်းကြားတာပေါ့။ ကျနော်တို့ရွာသားတွေ ပိတ်မိနေပါတယ်၊ တချက်လာပြီး ကူညီပေးပါအုံးဆိုတာနဲ့ ဥက္ကဋ္ဌက သွားတာ။ သွားမယ်ဆိုတော့ ကျနော်တို့ ၂ စီးသွားတဲ့အချိန်မှာကိုပဲ ရှေ့မှာ ပစ်နေတယ်။ အဲဒီတော့ ကျနော်တို့က ဥက္ကဋ္ဌ မသွားရင်ကောင်းမယ်၊ ရှေ့မှာတော့ တိုက်ပွဲတွေက ထိတွေ့မှုတွေက များနေပြီ-လို့ဆိုတာ။ သူက ရတယ်-တဲ့။ သူတို့ (အပစ်) နားတာနဲ့ သွားမယ်ဆိုပြီး သွားလိုက်တာ။ သွားရင်းသွားရင်း လှမ်းပစ်လိုက်တာ- အဲဒီမှာ RPG တွေ ပစ်လိုက်တဲ့အခါကျတော့ ကားက လန်ပြီးတော့ ထိမိသွားတာ။ RPG က အဆံတွေ မှန်ပြီးတော့ ထိမိသွားတာ။

မဆုမွန်။ ။ ဟုတ်ကဲ့၊ အဲဒီဖြစ်တဲ့နေရာက ဘယ်နေရာမှာ ဖြစ်တာပါလဲရှင့်။

ဦးအောင်ကျော်ဦး။ ။ လားရှိုးမြို့ကနေ ၁၂ မိုင်ကျော် ဝေးတာပေါ့။ နမ့်တင်းရွာဆိုတဲ့ အဲဒီနေရာလေးမှာ ဖြစ်တာ။

မဆုမွန်။ ။ အဲဒီတော့ ဖြစ်ဖြစ်ချင်း၊ ဖြစ်သွားတဲ့အချိန်မှာ ဘယ်လိုများ ပြန်ပြီးတော့ ဆုတ်လာကြလဲ။ နောက်ပြီးတော့ ဒဏ်ရာရတဲ့လူတွေလည်း ရှိတယ်လို့ သိရတယ်။ သူတို့ရဲ့အခြေအနေလေးလည်း နည်းနည်းတော့ ပြောပြပေးပါရှင့်။

ဦးအောင်ကျော်ဦး။ ။ ဟုတ်ကဲ့ဗျ- ကျနော်တို့က အဲဒီမှာသွားပြီး ဖြစ်တဲ့အခါကျတော့ သူတို့က ပစ်နေတုန်းပဲ။ ဆက်တိုက်ပစ်နေတဲ့အခါကျတော့ ကျနော်တို့ ပထမကားတစီး ထိသွားတဲ့အခါကျတော့ ကျနော်တို့ဒုတိယကား၊ တတိယကားတွေအကုန်လုံး နောက်ပြန်ဆုတ်ပြီး ပြန်လာာကြတာ။ သူတို့ ပစ်ရင်းပစ်ရင်းနဲ့မှ …နည်းနည်းလေး နားနေတော့မှ ကျနော်တို့ ပြန်သွားပြီးတော့ သွားယူရတာ။ အဲဒီမှာ ဒဏ်ရာရတဲ့သူက ၃ ယောက်ရှိတယ်။ တချို့လည်း ခေါင်းတွေထိတယ်။ တချို့လည်း မျက်စိတွေ၊ နားတွေထိသွားတာပေါ့- ဒဏ်ရာရ သုံးယောက်က။ လားရှိုးဆေးရုံကြီးမှာပါပဲ။ ကျနော်တို့ က ပရဟိတဆိုတော့ လူမျိုး၊ ဘာသာမရွေး အကုန်ကယ်ဆယ် ကူညီနေတဲ့ဟာကို ဒီလို ambulance car ကို သူတို့က ဒီလို ပစ်တယ်ဆိုတော့ ကျနော်တို့က ပြောစရာစကားကို မရှိတော့ဘူးပေါ့ဗျာ။

မဆုမွန်။ ။ အဲဒီတော့ အခုလောလောဆယ်ရော အဲဒီဘက်မှာ တိုက်ပွဲအခြေအနေနဲ့ လုံခြုံရေးအခြေအနေ ဘယ်လိုများ ရှိပါသလဲရှင့်။

ဦးအောင်ကျော်ဦး။ ။ လောလောဆယ်ကတော့ တပ်မတော်က အင်အားလည်း နည်းနေတယ်ဆိုတော့ အင်အား ထပ်ဖြည့်စွက်နေတာပေါ့နော်။ လူထုစိုးရိမ်မှုကတော့ မပြောနဲ့အမရေ၊ အခုလည်း ကျောင်းတွေ ဈေးတွေလည်း အကုန်ပိတ်ကုန်ပြီ။ နောက် ရပ်ကွက်တွေမှာရော ပိတ်သွားပြီ။ လူတွေကတော့ ခြောက်ကပ်နေတာပဲ။ ဒါပေမယ့် အခု တပ်မတော်နဲ့ ပြည်သူ့ရဲတွေကတော့ လာပြီး လုံခြုံရေးတွေ ချပေးတယ်။ အပေါ်မှာလည်း ရဟတ်ယာဉ်တွေ ဘာတွေနဲ့သူတို့ ကင်းလှည့်နေတာပေါ့။

အလားတူ ရှမ်းမြောက် ကွတ်ခိုင် ရှုခင်းသာ အကျော်မှာလည်း နောက်ထပ် လူနာတင်ကားတစင်း ပစ်ခံရပြီး မေတ္တာရှင် လူမှုကူညီရေး အသင်း ရဲ့ ကား ပစ်ခတ်တာခံရပေမဲ့ လူထိခိုက်မှု မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

အခုလက်ရှိ ရှမ်းမြောက်ဘက်မှာတော့ လုံခြုံရေးအထူးတင်းကျပ်ထားပြီး တိုက်ခိုက်မှုတွေကြောင့် လမ်းအသွားအလာတွေတွေ ရပ်သွားသလို မြို့တွေမှာလည်း ဒေသခံတွေ ကျီးလန့်စာစားဖြစ်နေတယ်လို့ လားရှိုးနဲ့ကျောက်မဲဒေသခံတွေ ကပြောပါတယ်။

မြန်မာစစ်တပ်ဘက်ကတော့ ဒီရှမ်းမြောက်တိုက်ခိုက်မှုတွေဟာ ရခိုင်ဘက်က စစ်ရေးအရေးနိမ့်မှုကြောင့် တန်ပြန်တိုက်ခိုက်မှုတွေဖြစ်တယ်လို့ပြောဆိုထားသလို မြန်မာအစိုးရဘက်ကတော့ ဒီတိုက်ခိုက်မှုတွေကြောင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကြီးကြီးမားမားထိခိုက်မှုရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ တိုက်ပွဲရပ်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLAတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်နဲ့ AA ရခိုင်တပ် ပူးပေါင်းမဟာမိတ် ၃ဖွဲ့ဘက်ကတော့ တွေ့ဆုံဆွေးနွေးမှုကို မျှော်လင့်ထားပေမဲ့ တိုင်းရင်းဒေသတွေက မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံကာကွယ်တဲ့အနေနဲ့ ပြန်လည် တိုက်ခိုက်ရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ဘက်က ပြည်သူ့စစ်-ပုံပြောင်းအကာကွယ်ယူ လှုပ်ရှားလာနေတဲ့အတွက်ဆိုပြီး ဒေသခံဌာနေပြည်သူ့စစ်တွေကိုလည်း စစ်တပ်နဲ့မပူးပေါင်းဖို့ ဒီကနေ့ သြဂုတ်လ ၁၇ရက်နေ့နေ့စွဲနဲ့လည်း မဟာမိတ်အဖွဲ့ဘက်က ထုတ်ပြန်ကြေညာ သတိပေးထားပါတယ်။

အခုလိုမျိုး မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်အတွင်း အရှိန်မြှင့်လာနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်မိပြီး အသက်ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်း သတင်း ထုတ်ပြန်ပါတယ်။ သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ ထပ်မံတိုက်တွန်းထားပြီး အမြင်မတူကွဲလွဲမှုများကို ဖြေရှင်းနိုင်ရေး ဆွေးနွေးညှိနှိုင်းမှု လိုအပ်ပါကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သြဂုတ်လ ၁၆ရက်နေ့နေ့စွဲနဲ့ သဘောထားထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ရှမ်းမြောက် တိုက်ပွဲတွေကြောင့် ဒေသခံတွေ လုံခြုံရေးစိုးရိမ်