အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေနဲ့ ဆက်နွယ်ပြီး မသင်္ကာသူ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို မြန်မာနိုင်ငံက ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ နယ်စပ်ဖြတ်ကျော် ကျုးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် မသင်္ကာသူ ၃၁၃ ယောက်ကို မြန်မာနိုင်ငံက လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံ အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနကို ကိုးကားပြီး နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။
မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ရာဇဝတ်လုပ်ငန်းတွေကို ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်းနှိမ်နင်းမှုရဲ့ ရလဒ်အဖြစ် ပြောဆိုခဲ့ပေမဲ့ လွှဲပြောင်းပေးသူတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မပြောပါဘူး။ အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေမှာ အဓိကကျတယ်လို့ သံသယရှိသူ တရုတ်နိုင်ငံသား ၂၀ ကိုလည်း မြန်မာနိုင်ငံက ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မနေ့တုန်းကပဲ ၂ နိုင်ငံ တာဝန်ရှိသူတွေ သတင်းထုတ်ပြန်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လထဲ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဖမ်းဆီးမိခဲ့တဲ့ အွန်လိုင်းရာဇဝတ်မှုတွေနဲ့ အလိုရှိနေသူ တရုတ်နိုင်ငံသား ၂၀ ကို လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီကလည်း မနေ့ကပဲ ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့နယ်စပ် ရှမ်းပြည်နယ် မူဆယ်မြို့မှာ အွန်လိုင်းကနေ ငွေလိမ်နေတဲ့ ကျားဖြန့်အဖွဲ့ကို ပြီးခဲ့တဲ့ သီတင်းပတ်က စီးနင်းရှာဖွေရာမှာလည်း လူပေါင်းရာနဲ့ချီ ဖမ်းဆီးခဲ့ပါတယ်။
စက်တင်ဘာ ၂၃ ရက်ကစ မူဆယ်မြို့မှာ ၂ ရက်ကြာ နှိမ်နင်းမှုအတွင်း အမျိုးသမီး ၆ ဦး အပါအဝင် တရုတ်နိုင်ငံသား စုစုပေါင်း ၁၉၄ ဦး၊ အမျိုးသမီး ၁၉၅ ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၃၅၅ ဦး ကို ဖမ်းဆီးခဲ့ကြောင်းလည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ခဲ့တာပါ။ စီးနင်းရှာဖွေမှုတွေအတွင်း အွန်လိုင်း ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်တဲ့ စက်ပစ္စည်းတချို့နဲ့အတူ တရုတ်ယွမ်ငွေ ၇ သိမ်းကျော် သိမ်းဆည်းရမိကြောင်းလည်း ပြောပါတယ်။
Your browser doesn’t support HTML5