ပါကစ္စတန်ဝန်ကြီးချုပ်သစ်အဖြစ် Shehbaz Sharif ရွေးချယ်ခံရ 

ပါကစ္စတန်ဝန်ကြီးချုပ်သစ်အဖြစ်ရွေးကောက်ခံထားရတဲ့ Shehbaz Sharif (ဒု-ယာ) အမျိုးသားလွှတ်တော်မှာ စကားပြောနေစဥ်။ (မတ် ၃၊ ၂၀၂၄ / AFP)

ပါကစ္စတန်လွှတ်တော်က Shehbaz Sharif ကိုဝန်ကြီးချုပ်သစ်အဖြစ် တနင်္ဂနွေနေ့မှာ မဲပေးရွေးချယ်လိုက်ကြပါတယ်။

ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ ပါကစ္စတန်အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တဲ့ကြားမှာပဲ အောက်လွှတ်တော်က ခုလို မဲပေးရွေးချယ်လိုက်ကြတာပါ။ ဝန်ကြီးချုပ်အဖြစ်အရွေးခံရဖို့ အောက်လွှတ်တော်ကိုယ်စားလှယ် ၃၃၆ ဦးထဲက ထောက်ခံမဲ ၁၆၉ မဲလိုအပ်ပြီး Shehbaz Sharif ကထောက်ခံမဲ ၂၀၁ မဲရခဲ့တာဖြစ်ပါတယ်။

အကျဥ်းကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan ရဲ့ထောက်ခံမှုရထားတဲ့ အတိုက်အခံ Omar Ayub ကတော့ ၉၂ မဲသာရခဲ့ပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် Shehbaz Sharif ရွေးချယ်ခံရကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ Ayaz Sadiq ကြေညာလိုက်တဲ့အခါမှာ ဝန်ကြီးချုပ်ဟောင်း Imran Khan ကိုထောက်ခံကြတဲ့ လွှတ်တော်အမတ်တွေဆီက ကျယ်လောင်တဲ့ ကန့်ကွက်သံတွေ ထွက်ပေါ်လာပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ကကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲဟာ Sharif ရဲ့ PML-N ပါတီအပါအဝင် စစ်တပ်ကို ထောက်ခံတဲ့ပါတီတွေအသာရဖို့ မဲမသမာမှုတွေ အကြီးအကျယ်ရှိခဲ့တယ်ဆိုပြီး မစ္စတာ Khan ကိုထောက်ခံကြတဲ့ လွှတ်တော်အမတ်တွေက စွပ်စွဲကြပါတယ်။ လွှတ်တော်အနီးစုဝေးခဲ့ကြတဲ့ ဝန်ကြီးချုပ်ဟောင်း Khan ရဲ့ ဓာတ်ပုံကိုင်ဆောင်ထားတဲ့ သစ္စာခံတွေက Khan ကိုထောက်ခံသံတွေ သံပြိုင်အော်ဟစ်ခဲ့ကြသလို Shehbaz Sharif ကိုလည်း " လုပ်ပိုင်ခွင့် သူခိုး" ဆိုပြီး ကြွေးကြော်အော်ဟစ်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ပါကစ္စတန်ဝန်ကြီးချုပ်သစ်အဖြစ် Shehbaz Sharif ရွေးချယ်ခံရ