ပါကစ္စတန် ဝန်ကြီးချုပ်သစ် ရွေးဖို့ပြင်ဆင်

ပါကစ္စတန် အတိုက်အခံခေါင်းဆောင် Shehbaz Sharif. (ဧပြီ ၇၊ ၂၀၂၂)

(Zawgyi / Unicode)

ပါကစ္စတန်နိုင်ငံမှာ ၄ နှစ်နီးပါး အုပ်စိုးခဲ့တဲ့ Imran Khan ခေါင်းဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ အယုံအကြည်မရှိအဆို ရှုံးနိမ့်သွားပြီး နောက်တရက်အကြာမှာပဲ အတိုက်အခံခေါင်းဆောင် Shehbaz Sharif ကို ဝန်ကြီးချုပ်အဖြစ် မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

အမတ်ဦးရေ ၃၄၂ ဦးပါဝင်တဲ့ အမျိုးသားလွှတ်တော်ခေါ် ပါလီမန် အောက်လွှတ်တော်မှာ တနင်္ဂနွေနေ့က တင်သွင်းခဲ့တဲ့ Imran Khan အပေါ် အယုံအကြည်မရှိအဆိုဟာ လိုအပ်တဲ့ မဲအရေအတွက်ထက် ၂ မဲအသာ ၁၇၄ မဲနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ အသက် ၇၀ အရွယ် အတိုက်အခံခေါင်းဆောင် Sharif ဟာ ပါကစ္စတန်ရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် အရွေးခံရတော့မယ်လို့ လူအများအပြားက ယူဆထားကြတာပါ။

Imran Khan ဟာ ပါကစ္စတန်နိုင်ငံမှာ အယုံအကြည်မရှိအဆိုနဲ့ ထုတ်ပယ်ခြင်းခံရတဲ့ ပထမဦးဆုံးဝန်ကြီးချုပ် ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ပါကစ္စတန်နိုင်ငံ စတင်ထူထောင်ပြီးချိန်ကစပြီး ဒီမိုကရေစီနည်းအရ ရွေးကောက်ခံရတဲ့ ဘယ်ဝန်ကြီးချုပ်ကမှ သက်တမ်း ၅ နှစ် အပြည့်အဝ ထမ်းဆောင်ခဲ့ရတာမျိုး မရှိသေးပါဘူး။

တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ မစ္စတာ Khan ရဲ့ပါတီကို ထောက်ခံသူ ထောင်ပေါင်းများစွာတို့ဟာ မြို့တော် အစ္စလမ္မာဘတ် အပါအဝင် မြို့ကြီးအတော်များများမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

Imran Khan ကို ဝေဖန်သူတွေကတော့ သူဟာ ပါကစ္စတန်စစ်တပ်ရဲ့ အကူအညီနဲ့ အာဏာရရှိလာတာဖြစ်ပြီး လုံခြုံရေးရာထူး ခန့်ထားမှုနဲ့ နိုင်ငံခြားရေး မူဝါဒတွေမှာ သဘောထားကွဲလွဲတဲ့အတွက် စစ်တပ်ရဲ့ထောက်ခံမှု ဆုံးရှုံးခဲ့ရပြီး အတိုက်အခံတွေက ဖြုတ်ချဖို့အခြေအနေ ဖြစ်လာတယ်လို့ ဆိုကြပါတယ်။

Your browser doesn’t support HTML5

ပါကစ္စတန် ဝန်ကြီးချုပ်သစ် ရွေးဖို့ပြင်ဆင်

-----------------------------------

(Unicode)






