ကချင်ပြည်နယ် ရွှေကူရဲစခန်းနဲ့ ရုံးတချို့ ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်

ရွှေကူမြို့မရဲစခန်း

ကချင်ပြည်နယ် ရွှေကူမြို့က ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံး ၂ ရုံးကို ဒေသခံ PDF တွေက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ မနေ့က တရက်တည်း မှာတင် ၃ နေရာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရွှေကူရဲစခန်း ကတော့ ဒီလအတွင်း တတိယ အကြိမ်မြောက် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ကိုရန်နိုင် က တင်ပြထားပါတယ်။

အာဇာနည်နေ့ ရုံးပိတ်ရက်မှာ ရွှေကူမြို့က အထွေထွေ အုပ်ချုပ်ရေးရုံး၊ စည်ပင်သာယာရုံးနဲ့ ရဲစခန်း စတဲ့ နေရာ ၃ နေရာကို ဒေသခံ PDF တွေက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒေသခံတဦးက အခုလို ပြောပါတယ်။

“ထွေအုပ်ရုံးရယ်၊ စည်ပင်ရုံးရယ်၊ ရဲစခန်းရယ် ၃နေရာ။ ဗုံးက တစ်ခါ ချရင် ၂ လုံး ၂လုံး ချတာ။ ၆ လုံးချတာ။ ထိခိုက်မှုတော့ မရှိဘူး။ ထွေအုပ်ရုံးလည်း အာဇာနည်နေ့ဆိုတော့ ပိတ်ထားတော့ လူမရှိဘူး။ ရဲစခန်းကလည်း ထိခိုက်မှုမရှိဘူး။ အပျက်အဆီးတွေ ကတော့ ရှိတာပေါ့။”

ထွေအုပ်ရုံးကို နေ့ခင်း ၁၁နာရီခွဲလောက်မှ ပထမဆုံးဗုံး ချခဲ့ပြီး နောက် ၁၅ မိနစ်လောက် အကွာမှာ စည်ပင်ရုံးကို ချခဲ့တာဖြစ်ကြောင်းနဲ့ ရဲစခန်း ကိုတော့ ညနေ ၃ နာရီလောက်မှာ ချခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ အခြားဒေသခံ တဦးကတော့ ရဲစခန်းကို ဗုံးသီး ချချိန်မှာ ထိခိုက် ဒဏ်ရာရတာ ရှိခဲ့ကြောင်း ပြောပါတယ်။

“ထွေအုပ်ရုံးနဲ့ စည်ပင်ရုံးကို အဝေးကနေပြီး ဒရုန်းနဲ့ လွှတ်လွှတ်ပြီး လာချတာခင်ဗျ။ ရဲစခန်းကို ဒရုန်းနဲ့ ၂ လုံး ချပါတယ်။ စည်ပင်နဲ့ ထွေအုပ်ကို ၄ လုံး။ မနေ့က အာဇာနည်နေ့ပေါ့နော်။ လူမရှိတဲ့ အချိန်ပေါ့။ ပြောမယ်ဆိုရင်တော့။ ရဲကို ၂ လုံးချတဲ့အချိန်ကတော့ ကင်းသမား တယောက် ထိခိုက် ဒဏ်ရာရတယ်လို့တော့ ကြားရပါတယ်။ ပြည်သူတွေကို တော့ အထိအခိုက် ဘာမှ မဖြစ်ဘူး။ နောက် သူတို့ ချတာက သူတို့ သတ်မှတ်တဲ့ ပစ်မှတ်ပေါ့နော်။ အဲဒါမျိုးတွေကိုပဲ အတိအကျ ချတယ်လို့ပဲ သိရပါတယ်။ ရဲစခန်းကို ဒရုန်းနဲ့ အားလုံး ၃ ကြိမ်ပေါ့လေ။ ဒီတပတ် ပတ်ဝန်းကျင် လောက်ပေါ့။”

ရဲစခန်း တိုက်ခိုက်ခံရချိန်မှာ ဧရာဝတီမြစ် အတွင်းက ပစ်ခတ်တာ ဆိုပြီး ရဲစခန်းက မြစ်အတွင်းက လှေကို ပစ်ခတ်တာရှိခဲ့ကြောင်း ဒါပေမဲ့ လူအထိအခိုက် မရှိခဲ့ကြောင်း ဆက်ပြောပါတယ်။

KNG ခေါ် ကချင်သတင်းဌာန ကတော့ အာဇာနည်နေ့ တိုက်ခိုက်မှုမှာ ထွေအုပ်ရုံးက ဝန်ထမ်း ၂ ယောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်းနဲ့ ဆေးကုသ နေကြောင်း ဖော်ပြပါတယ်။ ရွှေကူရဲစခန်းကို ဒီလ ၉ ရက် နေ့နဲ့ ၁၁ ရက်နေ့ ညပိုင်းတွေ ကလည်း ဒရုန်းနဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလ ၁၁ ရက်နေ့ တိုက်ခိုက်မှုမှာတော့ ရဲ ၃ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့ပါတယ်။

Your browser doesn’t support HTML5

ကချင်ပြည်နယ် ရွှေကူရဲစခန်းနဲ့ ရုံးတချို့ ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်