ဒါရိုက်တာဖေမောင်စိမ်း ထောင်ကလွတ်ပြီး သုံးရက်အကြာကွယ်လွန်

မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာ ကိုဖေမောင်စိမ်း

မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာ ကိုဖေမောင်စိမ်းဟာ ထောင်ကနေ လွတ်မိန့်ရပြီး ၃ ရက်အကြာ သြဂုတ် ၁၉ ရက်က ဆာကူရာဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ ကိုဖေမောင်စိမ်းရဲ့ ဈာပနကိုတော့ သြဂုတ် ၂၁ ရက် မနက် ၁၁ နာရီ ရန်ကုန်မြို့ ရေဝေးသုဿန် ခန်းမ (၁) မှာ ပြုလုပ်သွားမယ်လို့ ဇနီးဖြစ်သူ ဒေါ်ခင်စုစုဌေး က ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ဘက်က သတင်းပေးပို့ထားတာကို နန်းလောင်ဝ်ကတင်ပြပေးထားပါတယ်။

မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာ ကိုဖေမောင်စိမ်း ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း နွေဦးတော်လှန်ရေး ကာလ တလျှောက် မှတ်တမ်းရုပ်ရှင်ပညာနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပူးပေါင်းပါဝင် လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့မှာတော့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ထောင်သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။

လွိုင်ကော်အကျဉ်းထောင်တွင်းရှိစဉ် တီဘီရောဂါကူးစက်ခံခဲ့ရပြီး ကျန်းမာရေးဆိုးရွားခဲ့လာခဲ့ပါတယ်။ ခါးရိုးတီဘီရောဂါကြောင့် အောက်ပိုင်းမလှုပ်နိုင်တဲ့အထိ ဖြစ်ခဲ့တယ်လို့ မိသားစုဝင်က ပြောပါတယ်။

မိသားစုရဲ့ တောင်းဆိုမှုကြောင့် သူ့ကို ကရင်နီပြည်နယ် လွိုင်ကော်အကျဉ်းထောင်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လထဲက အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာလို့ ဇနီးဖြစ်သူ ဒေါ်ခင်စုစုဌေးက ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့က ထောင်က လွှတ်မိန့်ရခဲ့ပြီးနောက် အင်းစိန်ဆေးရုံကနေ ဆာကူရာဆေးရုံကို ပြောင်းရွှေ့ကုသခဲ့ပြီး ၃ ရက် အကြာ သြဂုတ် ၁၉ ရက် နေ့လည် ၂ နာရီမှာ ကွယ်လွန်သွားတယ်လို့ ဇနီးဖြစ်သူ ဒေါ်ခင်စုစုဌေးက ဗွီအိုအေကို ပြောပါတယ်။

Act 1 “၈ နာရီ ၁၅ မှာ ထောင်က လက်မှတ်ရတယ်ပေါ့၊ ရတော့ ၁၂ နာရီမှာ ဆာကူရာကို ရွှေ့လိုက်တယ်။ ကင်ဆာတော့ သူတို့ထင်တယ်တဲ့ ဘာတွေညာတွေသူတို့လုပ်ထားတယ်ဆိုတော့ အဖြေတော့ ရပြီးလို့ ပြောတယ်။ အမ အဲ့ဟာတော့ မကြည့်တော့ဘူးလေ။ လူတောင်မရှိတော့ဘူးဆိုတော့ မကြည့်လိုက်တာပေ့ါနော်။ ဒီရှေ့တောက်လျှောက်တော့ ရိုးကျောသေပြီးပဲ တီဘီပိုးက စားသွားတာတော့ နံရိုးတွေလည်း မရှိတော့ဘူး၊ ဘာလည်းမရှိတော့ဘူး။ ဆရာဝန်တွေ အားလုံးကလည်း သူ့ဟာကို ကြည့်ပြီးတော့ အရမ်းသူ့စိတ်ဓာတ် ပြင်းတယ်ပေါ့နော်၊ ဒီထိရောက်အောင်လာနိုင်တယ်၊ အမှန်တော့ အဲ့လောက်ကြီးမှာဆိုရင် သူသေနေတာကြာပြီးပေ့ါ။”

ဖေမောင်စိမ်းရဲ့ ဈာပနကိုတော့ သြဂုတ် ၂၁ ရက် မနက် ၁၁ နာရီ ရန်ကုန်မြို့ ရေဝေးသုဿန် ခန်းမ (၁) မှာ ပြုလုပ်သွားမယ်လို့ ဇနီးဖြစ်သူ က ဗွီအိုအေကို ပြောပါတယ်။ ကိုဖေမောင်စိမ်းမကွယ်လွန်ခင်က အင်းစိန်ဆေးရုံမှာ သံကြိုး၊ ခြေကျင်းနဲ့ ဆေးရုံတက်ရတာလို့ ဆိုပါတယ်။

“အင်းစိန်ဆေးရုံမှာပို့တော့လည်း သူတို့ ရဲလာစောင့်တယ်၊ အလှည့်ကျလာစောင့်တယ်။ ကုတင်နဲ့ခြေထောက်နဲ့တော့ သံကြိုးတော့ ခပ်ထားတယ်ပေါ့နော်။ ခပ်ထားတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ ဗိုလ်လေးတွေရော သူ့အကြောင်းကို သိသွားတော့တဲ့အခါကျတော့ ဆုပ်ဆုပ်ပေးထားပါတယ်။ များသောအားဖြင့်တော့ သံကြိုးနဲ့ခြေကျင်းဆွဲထားတာတော့ များပါတယ်။”

ဒါရိုက်တာ ကိုဖေမောင်စိမ်းဟာ ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့သားဖြစ်ပြီး ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းကနေ ရုပ်ရှင်မှတ်တမ်း အများအပြား ဖန်တီးရိုက်ကူးခဲ့သလို နိုင်ငံတကာ ဆုတွေလည်း အများကြီးရခဲ့သူဖြစ်ပါတယ်။ The River Our Ayerwaddy၊ ဖခင်ဖြစ်သူ ကာတွန်းဦးဖေသိန်းအကြောင်း ရိုက်ကူးထားတဲ့ “ရယ်စရာမလို့တော့ မထင်နဲ့” စသဖြင့် ထင်ရှားတဲ့ မှတ်တမ်းရုပ်ရှင် အများအပြား ဖန်တီးရိုက်ကူးခဲ့တာပါ။ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာ ဖေမောင်စိမ်း ကွယ်လွန်တာဟာ အနုပညာလောကအတွက် နစ်နာမှုကြီးမားတယ်လို့ စာရေးဆရာ၊ ကဗျာဆရာ ဝေမှူးသွင် က ခုလို ပြောပါတယ်။

“ဒီအနုပညာလောကအတွက်တော့ သေချာပေါက်ဆုံးရှုံးမှုပေါ့။ ဒီအနုပညာ Industry ကနေရှိတဲ့လူတွေ တယောက်ပြီးတယောက် အပြင်ကိုထွက် မထွက်လို့ရှိရင် သူတို့ရဲ့ လက်ထဲမှာ ကျဆုံး အခုလိုမျိုးပေ့ါနော်၊ မသေသင့်ဘဲနဲ့ ဆေးကုသခွင့်အလုံစုံမရဘဲနဲ့ အကျဉ်းဦးစီးဌာနရဲ့ ဖိနှိပ်မှုအောက်မှာ အသက်ဆုံးရှုံးသွားတဲ့ဟာက မရေမတွက်နိုင်အောင်ပဲ။ ဒါက တိုင်းပြည်မှာရှိတဲ့ အနုပညာ Industry နစ်နာမှုလို့လည်း ပြောလို့ရပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုဟာ အနာဂတ်လူငယ်တွေလည်း လမ်းပျောက်စေတာပေါ့ဗျာ။ ကျနော်တို့ကတော့ ထိခိုက်ရင်ကွဲရတယ်။ ဝမ်းနည်းရတယ်။ ဆိုးဝါးတဲ့ အဖြစ်အပျက်တခုပဲ၊ အနာဂတ်လူငယ်တွေအတွက်လည်း ဖေမောင်စိမ်းက ကြယ်ပွင့်ပါ ကျနော်ကတော့ အရမ်းနှမျှောပါတယ်ဗျ။”

ကိုဖေမောင်စိမ်းဟာ မြန်မာ့ရုပ်ရှင် အပြောင်းအလဲအတွက် ထိပ်ပိုင်းကဦးဆောင်ပါဝင်ခဲ့ပြီး လူငယ်ရုပ်ရှင်သမားအများအပြားကို လမ်းပြလက်တွဲ ခေါ်ဆောင်ခဲ့သူတဦးဖြစ်တယ်လို့လည်း လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။

Your browser doesn’t support HTML5

ဒါရိုက်တာဖေမောင်စိမ်း ထောင်ကလွတ်ပြီး သုံးရက်အကြာကွယ်လွန်