တတိယအကြိမ် ပင်လုံညီလာခံ ရက်ရွှေ့ဆိုင်း

ဇန်နဝါရီလကုန်ပိုင်း ကျင်းပဖို့ပြင်ဆင်ထားတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ရွှေ့ဆိုင်းလိုက်ပြီလို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။ NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ကန့်ကွက် တောင်းဆို ချက်အရ အခုလို ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒီအခြေအနေကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ ကျင်းပဖို့ ပြင်ဆင်ထားပေမဲ့ အခုတော့ ဖေဖေါ်ဝါရီလထဲ ကျင်းပနိုင်ဖို့ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် PC အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။ NCA မှာ လက်မှတ် ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်တို့ကြား ညှိနှိုင်းဖို့ ကျန်နေသေးတဲ့ အချက်တွေကြောင့်ရော၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွေ NCA မှာလက်မှတ်ထိုးပြီး ပင်လုံညီလာခံတက်နိုင်ရေး ညှိနှိုင်းနေရတာကြောင့် တတိယအကြိမ် ၂၁ ရာစု ပင်လုံကို ရက်ရွှေ့ဆိုင်းရတာဖြစ်ကြောင်း ဦးအောင်စိုးက ပြောပါတယ်။

"လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့ကလည်း ကျနော်တို့က လက်မှတ်ထိုးနိုင်အောင် ကြိုးစားနေတော့ ဇန်နဝါရီလကုန်ပိုင်းကျလို့ရှိရင် အခုအခြေအနေနဲ့ဆိုရင် ဒီဇန်နဝါရီလအတွင်းမှာ မလုပ်တာမျိုးဖြစ်တာပေါ့ဗျာ ။ ဖေဖော်ဝါရီလထဲရောက်သွားမှာပေ့ါဗျာ။ အခုအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်တော့ ဟိုတနေ့က တပ်မတော်က သတင်းစာရှင်းလင်းပွဲလုပ်တော့ ဒီ NCA စာချုပ်ထဲမှာက သူတို့ ဘယ်လိုသဘောတူညီထားတယ် အဲဒီအခြေအနေအတိုင်းပဲ ညှိနှိုင်းရမှာပေါ့ဗျာ။ တပ်မတော်နဲ့လည်း ညှိရမှာပဲ။"

ဖေဖေါ်ဝါရီလထဲမှာ ပင်လုံညီလာခံကျင်းပဖို့ ရွှေ့ဆိုင်းလိုက်ပေမယ့် ဘယ်ရက်မှာ ကျင်းပမယ်ဆိုတာကို ရက်အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးဘူးလို့ ဦးအောင်စိုးက ပြောပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ လူထုတွေ့ဆုံပွဲတွေ ပိတ်ပင်ခံနေရတဲ့ အခြေနေတွေကြောင့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ့်ရက် ရွှေ့ဆိုင်းပေးဖို့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေက တပ်မတော်နဲ့အစိုးရကို တိုက်တွန်းထားကြောင်း ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်း ရှင်းပြပါတယ်။

"အဓိကတော့ ကျနော်တို့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးကိစ္စနဲ့ ပတ်သက်ရင်တော့ နားလည်မှုတွေ တယောက်နဲ့ တယောက် လွှဲမှားတာတွေ မတူတာတွေ မပြည့်စုံတာတွေ ဖြစ်နေပါတယ်။ ကျနော်တို့ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ ကတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီဆိုရင် ကျန်တဲ့ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲအကြိုမှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲတွေက အလိုလိုပါဝင်ခွင့်ရှိပြီးသား လုပ်ခွင့်ရှိပြီးသားလို့ ကျနော်တို့က ဒီလိုနားလည်သဘောပေါက်တယ်။ သို့သော်လည်း တပ်မတော်ဘက်ကတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးမှာလုပ်တယ်ဆိုရင်လည်း လင်းခေးတနေရာမှာပဲ လုပ်ရမယ် ကျန်တဲ့နေရာတွေမှာ ဆွေးနွေးပွဲတွေ လုပ်စရာမလိုဘူးဆိုတဲ့ အခြေခံသဘောထားရှိတယ်။ ဒါကတော့ NCA ကိုအကောင်အထည်ဖော်တဲ့အခါမှာ အချိန်ကြာလာတဲ့အခါကျတော့ နားလည်မှုတွေ NCA အပေါ်မှာ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေက တဖက်နဲ့ တဖက် မတူညီလာတာတွေဖြစ်ပါတယ်။ ဒါတွေကတော့ ညှိနှိုင်းကြရမှာပါ။"

နိုင်ငံရေးဆွေးနွေးပွဲနဲ့ လူထုတွေ့ဆုံပွဲ ပိတ်ပင်ခံနေရတဲ့ အခြေအနေပေါ် မှတ်ချက်မပေးချင်ပေမဲ့ ဒါတွေဟာ NCA အပစ်ရပ်စာချုပ်ကို အတူတကွ ရေးဆွဲခဲ့ကြတဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား အကြေအလည် ညှိဖို့လိုတယ်လို့ PC အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

"NCA ရေးဆွဲခဲ့တုန်းက တိုင်းရင်းသားနဲ့ တပ်မတော်နဲ့ အစိုးရနဲ့ ညှိနိုင်းခဲ့တာလေ။ အခု အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်တော့ NCA အတိုင်းသွားမှ ထိုးပြီးသားအဖွဲ့တွေရော မထိုးရသေးတဲ့ အဖွဲ့တွေရော ၊ နောက်ထပ်ထိုးဖို့ ကျန်နေတဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်းတဲ့အခါမှာလည်း အဲဒီလိုသွားမှဖြစ်နိုင်တဲ့ လမ်းကြောင်းတခု ဖြစ်နေတာ ။ ဒီအထဲမှာ အားနည်းချက် အားသာချက်တော့ ပါမှာပါပဲ။ ကျနော်တို့က ၂၁ ဖွဲ့လုံးလက်မှတ်ထိုးနိုင်အောင် ဒီကနေ့အထိ နေ့တိုင်းကြိုးစားနေတယ်ခင်ဗျ။"

တကယ်တော့ ၂၁ ရာစု ပင်လုံညီလာခံမှာ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုလည်း ဖိတ်ကြားသင့်တယ်လို့ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက တိုက်တွန်းပါတယ်။

"ပထမပင်လုံအစည်းအဝေးမှာ တက်ရောက်တုန်းကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ထိုးတဲ့ လူရော၊ မထိုးတဲ့လူရော ကျနော်တို့ဒီ ညီလာခံ ကိုယ်စားလှယ်များလို့ မသတ်မှတ်ပဲနဲ့ အားလုံးအဆင့်တူပေါ့လေ ညီလာခံတက်ရောက်သူများ ဆိုတဲ့ အဆင့်ထားပြီးတော့မှ ကျနော်တို့ တန်းတူ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီလို ရောက်ဖို့လည်း ကျနော်တို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဆိုတော့ အခုလာမယ့် တတိယ ပင်လုံအစည်းအဝေးမှာလည်း နောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး တက်ရောက်နိုင်ဖို့ ပါဝင်ဖို့ကိုလည်း ကျနော်တို့ဆန္ဒတွေ ပြင်းပြပါတယ်။"

ကန့်သတ်ပိတ်ပင်ခြင်း ခံနေရတဲ့ လူထုတွေ့ဆုံပွဲတွေ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အကောင်အထည် ဖော်နိုင်မှသာ ၂၁ ရာစု ပင်လုံညီလာခံ ဆက်လက်ကျင်းပရေးကို သဘောတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NCA အပစ်ရပ်(၈)ဖွဲ့က ဇန်နဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက် နှစ်ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ကြေညာထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို တစ်နှစ် နှစ်ကြိမ်ကျင်းပဖို့ သဘောတူထားပြီး ပထမဆုံးအကြိမ် ညီလာခံကို ၂၀၁၆ စက်တင်ဘာလမှာတကြိမ် ဒုတိယအကြိမ် ညီလာခံကို ၂၀၁၇ မေလထဲမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

တတိယအကြိမ် ပင်လုံညီလာခံ ရက်ရွှေ့ဆိုင်း