သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအားလုံး ခွင့်ပြုမှသာ ၂၁ ပင်လုံတက်မည်ဟု အပစ်ရပ်အဖွဲ့ ဆုံးဖြတ်


NCAစာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၈)ဖွဲ့ရဲ့ အရေးပေါ်အစည်းအဝေး (NCA-S EAO)
NCAစာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၈)ဖွဲ့ရဲ့ အရေးပေါ်အစည်းအဝေး (NCA-S EAO)

ကန့်သတ်ပိတ်ပင်ခြင်းခံနေရတဲ့ လူထုတွေ့ဆုံပွဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှသာ ၂၁ရာစုပင်လုံညီလာခံကို ဆက်လက်ပြုလုပ်မယ်လို့ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၈)ဖွဲ့ရဲ့ အရေးပေါ်အစည်းအဝေးကနေ ဒီကနေ့ သဘောတူဆုံးဖြတ်လိုက်ကြပါတယ်။ တတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံ ကျင်းပဖို့ စီစဉ်ထားတဲ့ ရက်ပိုင်းအလိုမှာပဲ အပစ်ရပ်အဖွဲ့ ၈ဖွဲ့ဘက်က အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး အခုလို ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ရေး ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ဘယ်လို စိန်ခေါ်ချက်တွေ အခက်အခဲတွေနဲ့ကြုံနေရပါသလဲဆိုတာ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

၂၀၁၈ ဇန်နဝါရီလကုန်ပိုင်းမှာ တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကျင်းပနိုင်ရေး ပြင်ဆင်နေကြချိန်မှာပဲ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့က အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၁ရက်နေ့ကနေ ၁၂ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အရေးပေါ် ကျင်းပခဲ့တဲ့ အပစ်ရပ်အဖွဲ့(၈)ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ရဲ့ အရေးပေါ်အစည်းအဝေးကနေ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှသာ ၂၁ရာစုပင်လုံညီလာခံကို ဆက်လက်ပြုလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် အပါအဝင် သဘောတူချက်(၄)ချက် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်မှ ၂၁ရာစုပင်လုံကို ဆက်ပြုလုပ်မယ်လို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရပါသလဲ ဆိုတာကိုတော့ အရေးပေါ်အစည်းအဝေးအပြီး ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ KNU ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အခုလိုရှင်းပြပါတယ်။

"ကျနော်တို့ ဒီအစည်းအဝေး၂ ရက်တာ အတောအတွင်းမှာ အဓိကတော့ ဒီလာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် ကြားထဲမှာ အခက်အခဲတချို့ရှိတဲ့အပေါ်မှာ ပြန်လည်ဆွေးနွေးပြီးတော့ ဒါကို အစိုးရနဲ့ ဆက်လက်ညှိနှိုင်းဖို့အတွက်တော့ ကျနော်တို့ သဘောတူ ဆုံးဖြတ်ထားခဲ့တယ်။ ဆိုလိုတာက ငြိမ်းချမ်းရေးက ကျနော်တို့ဒီ JICM-Joint Implementation Coordination Meeting ရဲ့ ၆ ကြိမ်မြောက်အစည်းအဝေးပွဲမှာ ဇန်နဝါရီလကုန်အပတ်မှာ ကျင်းပဖို့ သဘောတူညီထားတာရှိတယ်။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆောင်ရွက်ရမယ့် လုပ်ငန်းအစီအစဉ်တချို့တွေကကျတော့ ကျနော်တို့ ပြီးပြတ်အောင်မဆောင်ရွက်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့အစိုးရနဲ့ ပြန်လည်ညှိနှိုင်းပြီးတော့ ဆောင်ရွက်နိုင်ဖို့ အတွက် ကျနော်တို့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်အရ ဆောင်ရွက်ရမယ့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ လူထူတွေ့ဆုံပွဲတွေ ကျင်းပတဲ့အခါ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွင်းမှာ တပ်မတော်ဘက်က ကန့်သတ်ပိတ်ပင်တားဆီးခံနေရတာတွေနဲ့ပတ်သက်ပြီးလည်း နိုင်ငံတော်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာသွားမယ်လို့ အရေးပေါ်အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြတာပါ။ ဆွေးနွေးပွဲတွေကို ပိတ်ပင်ကန့်သတ် တားဆီးခံရမှုတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုကို ထိခိုက်လာစေတယ်လို့ ပဒိုစောကွယ်ထူးဝင်းက အခုလိုပြောပါတယ်။

"အထူးသဖြင့် ဒီညီလာခံ ကျင်းပနိုင်ဖို့အတွက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ဆွေးနွေးတဲ့ နေရာမှာ NCA လက်မှတ်ရေးထိုးထားတဲ့ အစုအဖွဲ့တွေ အားလုံးမှာ ဆွေးနွေးပိုင်ခွင့်ရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ်။ သို့သော်လည်း အခုကျနော်တို့ ဒီ NCA လက်မှတ်ရေးထိုး ပြီးတဲ့ နောက်ပိုင်းမှာ ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့် မရှိခဲ့ဘူး။ လူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲကိုလည်း ကျင်းပဖို့ အခက်အခဲရှိနေတယ်။ ဒီအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးက စုံညီလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တောင်မှ ဒီ အဆိုပြု မူဝါဒ သဘောတူအဆိုပြုမှုတွေကို မတင်ပြနိုင်ဘူးဆိုလို့ရှိရင် ဒီလာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံက အောင်မြင်တဲ့ ညီလာခံ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တဲ့ အနေအထား မရှိတဲ့အတွက်ပေါ့လေ ဒါကို ကျနော်တို့ ကျော်လွားနိုင်ဖို့အတွက် အစိုးရနဲ့ ဆက်လက်ညှိနှိုင်းဖို့ ကျနော်တို့ သဘောတူထားတယ်ခင်ဗျ။"

မကြာခင်ကျင်းပတော့မယ့် ၂၁ရာစုပင်လုံညီလာခံကို မတက်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဖြစ်လာနိုင်မယ့် အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်တဲ့ PNLO ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယကဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလိုသုံးသပ်ပါတယ်။

"၂၁ရာစုပင်လုံလုပ်ချင်ရင်တော့ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲဖြစ်အောင်လုပ်ပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ သဘောမျိုးပေါ့လေ နည်းနည်းလေး သူတင်း၊ ကိုယ်တင်း တဲ့ သဘောမျိုး Condition ပေါ့ အဲလိုမျိုးတောင်းဆိုတဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီ့လိုတောင်းဆိုမှ တဖက်ကလည်း တပ်မတော်နဲ့ အစိုးရ ညှိနှိုင်းပြီးတော့ အမြန်ဆုံးဆောင်ရွက် ပေးတာလည်း ဖြစ်နိုင်တာပေါ့။ အဲဒါကတော့ ကိုယ့်ဘက်ကစုပြီးတော့ Strike ပေါ့လေ ညီညွတ်ရေးအားကိုပြတဲ့အနေနဲ့ တောင်းဆိုတာလည်း ဖြစ်နိုင်တာပေါ့ ။ ယေဘုယျအားဖြင့် အားသာချက်ရှိတယ် အားနည်းချက်ရှိတယ်ဆိုတာပဲ ကျနော်မှတ်ချက်ပေးချင်ပါတယ်။"

အခုလို ၂၁ရာစုပင်လုံညီလာခံကျင်းပခါနီးအချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်မှုမှာ တစ်ဆို့မှုတွေနဲ့ အခက်အခဲေတွေ ဖြစ်လာတဲ့အပေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ ဒုဥက္ကဋ္ဌ ဦးသုဝေကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ဆိုရင် ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်ဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ ပြောပါတယ်။

"ငြိမ်းချမ်းရေးအဖွဲ့ထဲမှာတောင်မှ တယောက်နဲ့ တယောက် ယုံကြည်မှုတွေက နည်းနည်း ကွာဟလာတယ် ထင်တယ်ခင်ဗျ နော့် ။ ဘာဖြစ်လို့လဲဆိုတော့ လုပ်တာကိုင်တာကလေ အမှန်အတိုင်းဆိုရင် ငြိမ်းချမ်းရေးလုပ်တာက တခါတည်း ညီညီညွှတ်ညွတ်နဲ့ လုပ်ချလိုက်ရမှာ ။ အခုကတော့ဖြင့်ရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်နိုင်တဲ့ အခါကျတော့ ဒီညီလာခံကြီးလုပ်မယ်ဆိုရင် လူထုသဘောထားတွေ မပါဘူးဖြစ်နေတယ်လေ။ အခြေအနေက ဘာမှန်းကို မပြောတတ်ဘူး ဖြစ်နေတယ်ခင်ဗျ နော်။"

ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့ (၈)ဖွဲ့ရဲ့ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက် (၄)ချက်ထဲမှာလည်း ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ထိရောက်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ဆောင်ဖို့ ကျန်နေတဲ့လုပ်ငန်းစဉ်တွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ဆွေးနွေးဘက်တွေနဲ့ အလွတ်သဘောဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ပြောဆိုထားသလို လက်ရှိအခြေအနေမှာ NCA ကို အကောင်အထည်ဖော်ဖို့ အခက်အခဲတွေရှိနေတဲ့အတွက် NCA စာချုပ်ချုပ်ဆိုရခြင်းအပေါ် အခြေခံနားလည်မှုကွဲလွဲချက်တွေကို ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမယ်လို့ အရေးပေါ်အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

XS
SM
MD
LG