တရုတ်ကို ရင်ဆိုင်ဖို့ ကန်-အိန္ဒိယ စစ်ရေးအချက်အလက်ဖလှယ်ရေး သဘောတူ

(Zawgyi/Unicode)

အမေရိကန်နဲ့ အိန္ဒိယနှစ်နိုင်ငံအကြား စစ်ရေး သတင်းအချက်အလက် ဖလှယ်ရေး သမိုင်းဝင် သဘောတူစာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်ကြပြီ ဖြစ်ပါတယ်။ ဒေသ ပထဝီဝင် သတင်းအချက်အလက်တွေ ရရှိဖို့ အတူလက်တွဲလုပ်ဆောင်ရေး ပူးပေါင်းဆောင်ရွက် မှုနဲ့ အချက်အလက် ဖလှယ်မှု သဘောတူညီချက်(BECA)ကို အင်္ဂါနေ့က နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ သဘောတူ စာချုပ် ကို လက်မှတ်ရေးထိုးကြသလို နှစ်နိုင်ငံ လုံခြုံရေးနဲ့ မဟာဗျူဟာဆက်ဆံရေး တိုးမြှင့်ဖို့ကြဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

အင်ဒို- ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့ အင်အားသုံးပြုမူမှုတွေအပေါ် တုန့်ပြန်ဖို့အရေး အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက် ရေး မြှင့်တင် ဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကာကွယ်ရေး ဝန်ကြီးတို့ နှစ်ဦးစလုံးက အလေးထား ဆွေးနွေးခဲ့ကြပါတယ်။

“တရုတ် ကွန်မြူနစ် ပါတီဟာ ဒီမိုကရေစီ စနစ်၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပွင့်လင်းမြင်သာမှုတွေရဲ့ မိတ်ဆွေမဟုတ်သလို လွတ်လပ်စွာ ရေကြောင်းသွားလာရေးနဲ့ ပွင့်လင်းပြီး ကြီးပွားတိုးတက်မယ့် အင်ဒို-ပစိဖိတ် ဒေသအတွက်လည်း မိတ်ဆွေ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေ ပိုပြီး ရှင်းရှင်းလင်းလင်း သဘောပေါက်လာကြပြီ ဖြစ်ကြောင်း” အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီး Mike Pompeo က အင်္ဂါနေ့က နယူးဒေလီမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွား တာ ဖြစ်ပါတယ်။

Pompeoနဲ့ အတူ ရှိနေတဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးMark Esperကလည်း တရုတ်နိုင်ငံရဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း မတည်မငြိမ် ဖြစ်စေ တဲ့ ပြုမူ လှုပ်ရှားမှုတွေအောက်မှာ နိုင်ငံတွေ ပိတ်ဆို့မှုမရှိဘဲ လွတ်လပ်မှုရှိစေရေး အားလုံးနဲ့ ရင်ဘောင်တန်း ရပ်တည် သွား မယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံက အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးPompeoရဲ့ အာရှ လေးနိုင်ငံ ခရီးစဉ်ရဲ့ ပထမ ခရီးတစ်ထောက်ဖြစ်ပါတယ်။ ဒီ ခရီး စဉ်ဟာ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ ရည်ရွယ်လာရောက်တာလည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံ ချုပ်ဆိုခဲ့တဲ့ BECA စာချုပ်အရ ဒုံးကျည်တွေနဲ့ လက်နက်တပ်ဆင်ထားတဲ့dronesယာဉ်တွေကို ပစ်မှတ် ထား ရှာဖွေရာမှာ အရေးပါတဲ့ ပထဝီဝင်နဲ့ လေကြောင်းဆိုင်ရာ အချက်အလက်တွေကို အိန္ဒိယနိုင်ငံက ရယူနိုင်မှာ ဖြစ်ပါတယ်။

ဝန်ကြီးPompeoက အိန္ဒိယကနေ သီရိလင်္ကာ၊ မော်လဒိုက်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တရုတ်ကို ရင်ဆိုင်ဖို့ ကန်-အိန္ဒိယ စစ်ရေးအချက်အလက်ဖလှယ်ရေး သဘောတူ



................


(Unicode)






