ဆင်းရဲတဲ့နိုင်ငံတွေ ကိုဗစ်ကာကွယ်ဆေးရဖို့ WHO ဆောင်ရွက်ပေးမည်

Covid-19 ပျံ့နှံ့ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေတဲ့ ဟွန်ဒူးရပ်စ်က ဈေး တခု မြင်ကွင်း။ ဓာတ်ပုံ -ရိုက်တာ

Covid-19 ပျံ့နှံ့ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေတဲ့ ဟွန်ဒူးရပ်စ်က ဈေး တခု မြင်ကွင်း။ ဓာတ်ပုံ -ရိုက်တာ

(Zawgyi/ Unicode)

ချမ်းသာတဲ့ နိုင်ငံတွေမှာ COVID-19 ကာကွယ်ထိုးဆေးတွေ သန်းနဲ့ချီပြီး ရရှိနေတာကိုတွေ့ရှိနေတဲ့ ဆင်းရဲတဲ့နိုင်ငံတစ်ချို့က ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ရဲ့ အစီအစဉ်ကနေ ရရှိမယ့် ဆေးတွေကိုစောင့်ဆိုင်းမနေတော့ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်ဆေးရဖို့ လုပ်ဆောင်လာနေကြပါတယ်။

အမေရိကအလယ်ပိုင်းက ဆင်းရဲတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဟွန်ဒူးရပ်စ် နိုင်ငံက Honduran ပုဂ္ဂလိကစီးပွါးရေးကောင်စီ ဥက္ကဌ Juan Carlos Sikaffy က COVID-19 ကာကွယ်ဆေးအတွက် ပြည်သူတွေ စိတ်အေးစေဖို့ ဗျူရိုကရေစီဆန်တဲ့ လမ်းစဉ်တွေနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို စောင့်နေလို့ မဖြစ်တော့ဘူးလို့ AP သတင်းကိုပြောပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံ ကာကွယ်ဆေးဝယ်ယူရေး သဘောတူညီချက်ရရှိဖို့ Honduran ပုဂ္ဂလိက စီးပွါးရေးကောင်စီ က ဘဏ်ငွေကြေးဆိုင်ရာ ထောက်ပံ့ကူညီပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။

Serbia နိုင်ငံကလည်း WHO ရဲ့ COVAX ကာကွယ်ဆေး ထောက်ပံ့ရေး အစီအစဉ်ထဲ ပါဝင်ပြီး ယူရိုငွေ ၄ သန်းပေးသွင်းပြီးဖြစ်ပေမယ့် ကိုယ့်နည်းကိုယ်ဟန်နဲ့ ကာကွယ်ဆေး ဝယ်ယူရေး ဈေးကွက်ထဲကိုလည်း ပါဝင်လာပါတယ်။

ချမ်းသာတဲ့ နိုင်ငံတွေကာကွယ်ဆေးရနေတာကို မြင့်တွေ့နေရ ပြီးတဲ့နောက် အချိန်ထပ် စောင့်ဆိုင်း မနေနိုင်တော့ဘူးလို့ Serbia သမ္မတ Aleksandar Vucic ကတော့ ပြောပါတယ်။

ကာကွယ်ဆေးတွေ နိုင်ငံအားလုံးရရှိရေးအတွက် WHO ညွှန်ကြားရေးမှုးချုပ် Tedros Adhanom Ghebreyesus ကလည်း ကာကွယ်ဆေးတိုးမြှင့် ထုတ်လုပ် နိုင်ရေး လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို မျှဝေလုပ်ကိုင်ခွင့်ပေးဖို့ ဆေးကုမ္ပဏီတွေကို သောကြာနေ့က တောင်းဆိုခဲ့ပါတယ်။

ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက်အရွယ်ကြီးသူတွေကို ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးပြီးရင် ဆင်းရဲတဲ့ နိုင်ငံတွေကို ဆေး မျှဝေပေးဖို့လည်း သူက တိုက်တွန်းပြောကြားခဲ့ပါတယ်။

တကမ္ဘာလုံးမှာရှိတဲ့ COVID-19 ကာကွယ်ဆေးတွေရဲ့ ၇၅ ရာခိုင်နှုန်းကို ချမ်းသာတဲ့ နိုင်ငံ ၁၀ နိုင်ငံမှာသာ ထိုးနှံသုံးစွဲ ပြီးချိန်မှာ နိုင်ငံ ၁၃၀ နီးပါးမှာ ကာကွယ်ဆေး တလုံးမှ မရသေးဘူးလို့လည်း Tedros ကပြောပါတယ်။

Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် သုတေသန စာရင်းတွေအရ အခုထိ တကမ္ဘာလုံး COVID-19 ကူးစက်သူ ၁၀၅ သန်းနဲ့ သေဆုံးသူ ၂ ဒသမ ၃ သန်းရှိနေပြီဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဆင်းရဲတဲ့နိုင်ငံတွေ ကိုဗစ်ကာကွယ်ဆေးရဖို့ WHO ဆောင်ရွက်ပေးမည်

(Unicode)









