မြန်မာနိုင်ငံကို ၄ ရက်ကြာခရီးနဲ့ ကြွရောက်နေတဲ့ ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီးဟာ ရန်ကုန်မြို့ ကျိုက္ကစံကွင်းမှာ ဒီကနေ့ မနက်ပိုင်း ဝတ်ပြုပူဇော်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ ကက်သလစ်ခရစ်ယာန် ဘာသာဝင်တွေ သာမကပဲ တခြားနိုင်ငံတွေက ကက်သလစ်ဘာသာဝင်တွေပါ လာရောက် ဆုတောင်းဝတ်ပြုကြမှာပါ။ ဒီပွဲကို လုထု မစ္ဆားတရားတော်လို့ခေါ်ပါတယ်။ ဒီအခမ်းအနားရဲ့ သဘာဝကိုသိနိုင်အောင် အမေရိကန်ပြည်ထောင်စု ကင်တာကီပြည်နယ်ရောက် Father Timothy Khui Shing Lingကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကက်သလစ်ခရစ်ယာန် ဘာသာဝင်တွေရဲ့ ယုံကြည်မှုအရ ပုပ်ရဟန်းမင်းကြီးဟာ ဘုရားသခင်ရဲ့ တဦးထဲသော ကိုယ်စားလှယ်ပါ။ အဲဒါကြောင့် ပုရဟန်းမင်းကြီးနဲ့ တွေ့ဆုံခွင့်ရတာက ဘုရားသခင်နဲ့ တွေ့ဆုံရသလိုပဲလို့ ကက်သလစ်ဘာသာဝင်တွေက ယုံကြည်ခံစားကြပါတယ်။ ပုပ်ရဟန်းမင်းကြီးက ဦးဆောင်ကျင်းပမယ့် လုထု မစ္ဆားတရားပွဲကိုကြုံရတာက အင်မတန်မှ ထူးခြားတဲ့အတွေ့အကြုံ တရပ်ပဲဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ကင်တာကီပြည်နယ် Holy Spirit ကက်သလစ် ဘုရားကျောင်းက ဆရာတော်တပါးဖြစ်တဲ့ Father Timothy Khui Shing Lingက ရှင်းပြပါတယ်။
“ ပုပ်ရဟန်းမင်းကြီးရဲ့ ကျနော်တို့ရဲ့ ကယ်တင်ရှင် ခရစ်တော် ဘုရားရဲ့ကိုယ်စားလှယ်တော်မြတ် ဖြစ်တယ်။ ခရစ်တော် သခင် ကိုယ်တိုင်က ငြိမ်းချမ်းခြင်းရဲ့ အရှင်ပေါ့ဗျာ။ ငြိမ်းချမ်းခြင်း ဖြစ်တဲ့ ဘုရားရဲ့ ကိုယ်စားလှယ်တော်မြတ်က လူတို့အလယ်မှာ ရှိနေခြင်း အားဖြင့် ဒီငြိမ်းချမ်းခြင်းကို ပြန်ပြီးတော့မှ ကျနော်တို့က အကောင်အထည်ဖော်စေတယ်။ ချစ်ခြင်းမေတ္တာ ဖြစ်တဲ့ ဘုရားကိုယ်တိုင်ရဲ့ ကိုယ်စားလှယ်တော်မြတ်က ကျနော်တို့အလယ်မှာ ရှိခြင်းအားဖြင့် ချစ်ခြင်း မေတ္တာကို ပိုပြီးတော့မှ ရောင်ပြန်ဟပ်စေတယ်။ မစ္ဆားတရားဆိုတဲ့ ဒီ ချစ်ခြင်းစားပွဲတော်မှာ ပြန်လည်ပါဝင်ခြင်းအားဖြင့် ကျနော်တို့ တတွေလည်း ပြန်ပြီးတော့မှ ခွန်အားတိုးစေတယ်။ ”
Father Timothy ဟာ ချင်းပြည်နယ် မင်းတပ်ဒေသက လာတဲ့သူဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး သတင်းသုံးတဲ့ ဗာတီကန် ကျောင်းတော်မှာ ၅ နှစ် ပညာသင်ကြားခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ဒီကနေ့ ကျိုက္ကစံကွင်းမှာ ကျင်းပမယ့် လုထု မစ္ဆားတရား ပွဲကို ဘယ်လို အစီအစဉ်မျိုးတွေနဲ့ ကျင်းပလေ့ရှိသလဲ ဆိုတာကိုလည်း Father Timothy ကရှင်းပြပါတယ်။
“ မစ္ဆားတရား ချစ်ခြင်းစားပွဲတော်ကြီးလို့ဘဲ ဗမာလို လှလှပပ ပြောလို့ ရပါတယ်။ အဓိက လေးပိုင်းရှိပါတယ်။ နံပတ် ၁ ကတော့ ကျနော်တို့ ဝတ်ပြုပွဲကြီးကို အစပြုတဲ့ အခါမှာ ဘုရားရှင်ရဲ့ ကောင်းချီးမင်္ဂလာ ခံယူပြီးတော့ ဘုရားရှင်ရဲ့ ခွင့်လွှတ်ခြင်းကို တောင်းခံရတယ်။ ဒုတိယ အပိုင်းက ကျနော်တို့ နှုတ်ကပါတ်တော်လို့ ခေါ်တယ်။ ပုပ်ရဟန်းမင်းကြီးက တဆင့် ဘုရားရဲ့ ကောင်းမြတ်သော အရာတွေကို မိန့်ကြား သြဝါဒ ပေးတဲ့ အခါမှာ အဲဒါကို ကြားလာတဲ့သူတွေက စိတ်နှလုံး ပြောင်းလဲခြင်းကို အများကြီး ရကြတယ်။ တတိယပိုင်းက ကျနော်တို့က ပူဇော်သက္ကာရလို့ ခေါ်တယ်။ ခရစ်တော်ရဲ့ အသွေးတော် အသားတော်ကို စပြစ်ရည်ရဲ့ အဆင်းသဏ္ဍာန်နဲ့ ကျနော်တို့က ပူဇော်ပသခြင်း ဖြစ်တယ်။ ပြီးတော့ စတုတ္ထပိုင်းမှာကျတော့ ပုပ်ရဟန်းမင်းကြီးက နေပြီးတော့မှ ကျနော်တို့ အားလုံး ပါဝင်ပြီးတော့မှ ကက်သလစ်ဘဲ ဖြစ်ဖြစ် ကျနော်တို့ရဲ့ ဓမ္မမိတ်ဆွေ ဗုဒ္ဓ၊ မူစလင်၊ ဟိန္ဒူ ပုဂ္ဂိုလ်တွေ အားလုံးကိုပါ သူက ကောင်းချီး မင်္ဂလာ ပေးတယ်ဗျာ။ ”
ခရစ်ယာန်ဘာသာဝင် အနည်းစုပဲရှိတဲ့ မြန်မာနိုင်ငံကို အထူးသဖြင့် ကက်သလစ် ခရစ်ယာန်ဘာသာဝင် အနည်းစုပဲရှိတဲ့နိုင်ငံ ကို သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ကြွလာတယ်ဆိုတ ဲ့ကိစ္စက ကမ္ဘာ့သတင်းလောကမှာ အလေးထားပြီး ဖေါ်ပြနေကြတဲ့ ကိစ္စပါ။ အထူးသဖြင့် အခုကာလက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မူဆလင်တွေ ၆ သိန်းကျော် ဘင်္ဂလားဒေ့ချ်နိုင်ငံဘက် ထွက်ပြေး နေကြတဲ့အချိန်၊ ခရစ်ယာန်ဘာသာဝင်တွေ တော်တော်များများ နေထိုင်ကြတဲ့ ကချင်ပြည်နယ်မှာ စစ်မီးမငြိမ်းနိုင်တဲ့အချိန်တွေနဲ့ တိုက်ဆိုင်နေပြီး မြန်မာနိုင်ငံကတဆင့် ဘင်္ဂလားဒေ့ချ်နိုင်ငံကို ခရီးတန်းဆက်မယ်၊ အဲဒီမှာ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေနဲ့လည်း ပုပ်ရဟန်းမင်းကြီး တွေ့ဆုံဖို့ရှိတယ်ဆိုတာကြောင့် ပုပ်ရဟန်းမင်းကြီးရဲ့ အခု ခရီးစဉ်ကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့် နေကြတာပါ။ မနေ့က နေပြည်တော်မှာ ပြောကြားခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းထဲမှာတော့ ရိုဟင်ဂျာအကြောင်း တလုံးမှ မပါခဲ့ပါဘူး။ ငြိမ်းချမ်းခြင်းနဲ့ ချစ်ကြည်ရင်းနှီးမှု အကြောင်းတွေကိုပဲ ဦးစားပေးပြောခဲ့တာပါ။ Father Timothy ကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကြောင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းခြင်းနဲ့ မေတ္တာတရားတွေ ပိုပြီး ထွန်းကားလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“ ကက်သလစ်ဘာသာ ယုံကြည်သူများသာ မကဘဲ တခြားသော ကျနော်တို့ ဓမ္မမိတ်ဆွေ ညီအကိုတွေလည်း သူတို့မှာလည်း ပြောင်းလဲမှုတွေ အများကြီး ရှိသွားမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ပုပ်ရဟန်းမင်းကြီးကို ဖူးမြော်ရခြင်းကိုက Father တို့က ဝမ်းသာ မျက်ရည်ကျတယ်ဗျာ။ အခု Father ပြောရဲတယ် ကက်သလစ် မဟုတ်တဲ့သူ၊ ခရစ်ယာန် မဟုတ်တဲ့သူ မူဆလင် ဗုဒ္ဓ ဟိန္ဒူလည်း ပုပ်ရဟန်းမင်းကြီးကို ကိုယ်တိုင်ကိုယ်ကျ နဖူးတွေ့ ဒူးတွေ့ ဖူးမြော်ရခြင်းအားဖြင့် ဝမ်းသာ မျက်ရည်တော့ ကျမယ်လို့ Father ပြောရဲတယ်။ Father ကိုယ်တိုင်လည်း အဲသလို ခံစားခဲ့ရတယ်။ ခွင့်လွှတ်ခြင်း အားဖြင့် ကျနော်တို့က ဒီ ဗမာပြည်က ငြိမ်းချမ်းမယ်၊ ကမ္ဘာကြီးက ငြိမ်းချမ်းမယ်။ အဲဒါကြောင့်မို့လို့ ပုပ်ရဟန်းမင်းကြီးကနေပြီးတော့မှ သူ့ရဲ့ Love နဲ့ Peace and Love နဲ့ မြန်မာပြည်ကို ကြွမြန်းတာ ဖြစ်ပါတယ် ခင်ဗျ။ ဒီ ချစ်ခြင်းတရား အားဖြင့် ဒီ မြန်မာပြည်ရဲ့လူသားတိုင်းမှာ ပြောင်းလဲခြင်းက ပိုပြီးမှ ကောင်းမွန်တဲ့ ငြိမ်သက်ခြင်းကို ဖြစ်စေမယ်။ ကောင်းမွန်တဲ့ ချစ်ခြင်း မေတ္တာ အားဖြင့် ခွင့်လွှတ်ခြင်းကို ဖြစ်စေမယ်ဆိုတာ သေချာတယ်ဗျ။
”အခုမနက်ပိုင်းကျင်းပမယ့် ရန်ကုန်မြို့ ကျိုက္ကစံကွင်းက လူထုမစ္ဆားတရားပွဲမှာ ရှေ့ဆုံးတန်းမှာ အထူးပုဂ္ဂိုလ်တွေအဖြစ် ဦးစားပေးနေရာချထားဖို့ စီစဉ်တဲ့အခါ သာသနာအတွင်း ဆင်းရဲချို့တဲ့သူတွေနဲ့ ကာယလုပ်အားနဲ့ အမြဲတန်း ဒါနပြုနေသူတွေကို ဦးစားရမယ့်အကြောင်း၊ လုပ်ငန်းရှင်တွေနဲ့ ငွေကြေးချမ်းသာသူတွေကို အထူးနေရာပေးမှာ မဟုတ်တဲ့ အကြောင်း မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ တနင်္လာနေ့က ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။ မနက်ဖြန်ကြရင်တော့ ပုရဟန်းမင်းကြီးရဲ့ မြန်မာပြည်ခရီးစဉ်အဆုံးသတ်မှာဖြစ်ပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။
Your browser doesn’t support HTML5