အင်္ဂါနေ့မှာ သမ္မတထရမ့်ပ် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောမည်

World Economic Forum အတွင်းတွေ့ရသည့် သမ္မတထရမ့်ပ်။ ဇန်နဝါရီ ၂၆၊ ၂၀၁၈။

လာမယ့် အင်္ဂါနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အမေရိကန်သမ္မတ Donald Trump က နိုင်ငံတော်အခြေပြ မိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ ဒီမိန့်ခွန်းမှာ အမေရိကန်ရဲ့ မိတ်ဆွေတွေ၊ ရန်သူတွေနဲ့ပတ်သက်ပြီး ရှင်းလင်း ပြောဆိုမှာဖြစ်သလို ကမ္ဘာတဝန်း အကြမ်းဖက်ဝါဒီတွေကို ချေမှုန်းရေးအတွက် သူ့ရဲ့ ကြိုးပမ်းမှုတွေကို တင်ပြဖို့ ရှိတယ်လို့ Trump အစိုးရအဖွဲ့ အကြီးတန်းအရာရှိတဦးကပြောပါတယ်။

အသေးစိတ်ကို သမ္မတအိမ်ဖြူတော်က ထုတ်မပြောပေမယ့် နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည် အမေရိကန် ကုန်းတွင်းပိုင်းထိအရောက် ပစ်ခတ်နိုင်စွမ်းရှိအောင် မြောက်ကိုရီးယားရဲ့ ကြိုးပမ်းနေမှုနဲ့ပတ်သက်ပြီး မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုမယ်လို့ မျှော်လင့်ထားကြောင်း အရာရှိတွေက အတည်ပြုပါတယ်။

လွှတ်တော်နှစ်ရပ်ပါဝင်တဲ့ အထူးအစည်းအဝေးမှာ အမေရိကန်သမ္မတတွေ ပြောကြားလေ့ရှိတဲ့ နှစ်ပတ်လည် မိန့်ခွန်းဟာ ပြည်တွင်းရေးကိစ္စရပ်တွေကို ဇောင်းပေးလေ့ရှိပါတယ်။ သမ္မတ Trump မိန့်ခွန်းကလည်း အလားတူ ဖြစ်ဖို့ များပါတယ်။ ဒါပေမယ့် အမျိုးသားလုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတွေကိုပါ ပြောကြားဖို့ရှိတာမို့ ဒီမိန့်ခွန်းကို နိုင်ငံတကာကလည်း စိတ်ဝင်တစား စောင့်ကြည့်ဖို့ ရှိပါတယ်။

သမ္မတ Trump ဟာ ကုန်သွယ်ရေးမှာ တရားမျှတပြီး အပြန်အလှန်ရှိရမယ့်သဘောကို အလေးအနက်ထား ပြောကြားမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိက သတင်းထောက်တွေကို ပြောပါတယ်။ တရုတ်ရဲ့ ကုန်သွယ်မှုဆိုင်ရာ လုပ်ဆောင်မှုတွေအတွက် Trump အစိုးရအဖွဲ့ရဲ့ မကြာခင်ကမှ အရေးယူမှုတွေနဲ့ ပတ်သက်ပြီးလည်း ပြောကြားနိုင်တယ်လို့ ဆိုပါတယ်။

သမ္မတ Trump မိန့်ခွန်းမပြောခင်မှာမှ ကပ်ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ အငြင်းပွား ဖွယ်ရှိနိုင်တဲ့ အဆိုတွေကို သမ္မတအိမ်ဖြူတော်က ချပြနိုင်ချေရှိသလို လွှတ်တော်အမတ်တွေကြား သိပ် ရေပန်း မစားတဲ့ကြားကပဲ အတည်ပြုပေးဖို့ သမ္မတက သူ့မိန့်ခွန်းထဲမှာ ကွန်ဂရက်ကို ပန်ကြားဖို့လည်း ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒါ့ပြင် အလုပ်အကိုင်နဲ့ စီးပွားရေး၊ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ အပါအဝင် ကိစ္စရပ်တွေကို သမ္မတက သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားဖို့ ရှိပါတယ်။

Your browser doesn’t support HTML5

အင်္ဂါနေ့မှာ သမ္မတထရမ့်ပ် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောမည်