ရွေးကောက်ခံသမ္မတသစ် Donald Trump ကို Obama ချီးကျူး

အမေရိကန်သမ္မတ Barack Obama

အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump ကို ဖုန်းခေါ်ပြီး ရွေးကောက်ပွဲ အနိုင်ရမှုအပေါ် ချီးကျူး ဂုဏ်ပြုခဲ့ကြောင်း သမ္မတ Barack Obama က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ တိုင်းပြည် စည်းလုံး ညီညွတ်ရေး လုပ်ဆောင်မယ့် သမ္မတ Trump အစိုးရကို ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့အတွက်လည်း သမ္မတ Obama က တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နိုဝင်ဘာလ ၈ ရက်၊ အင်္ဂါနေ့မှာ ကျင်းပတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump ကို ချီးကျူး ဂုဏ်ပြုကြောင်း တယ်လီဖုန်းနဲ့ ပြောကြားခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

“မနေ့ညက ၃ နာရီခွဲလောက် ဖြစ်မယ်ထင်ပါတယ်၊ သမ္မတအဖြစ် ရွေးကောက် တင်မြောက်ခံလိုက်ရတဲ့ Donald Trump နဲ့ ကျနော် စကားပြောခွင့် ရခဲ့ပါတယ်။ သူ ရွေးကောက်ပွဲမှာ နိုင်တဲ့အတွက် ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ အောင်မြင်တဲ့ အစိုးရအပြောင်းအလဲ ဖြစ်ရေးအတွက် ဆွေးနွေး တိုင်ပင်ကြဖို့အတွက်လည်း သူ မနက်ဖြန် (ကြာသပတေးနေ့မှာ) အိမ်ဖြူတော်ကို လာခဲ့ဖို့ သူ့ကို ကျနော် ဖိတ်ခေါ်ခဲ့ပါတယ်။”

ရွေးကောက်ပွဲ ကျင်းပပြီး တရက်ခြားအကြာ ကြာသပတေးနေ့မှာ ရွေးကောက်ခံ သမ္မတသစ်ကို လက်ရှိသမ္မက ဖိတ်ခေါ်ပြီး အာဏာလွဲပြောင်းရေး ကိစ္စအတွက် တိုင်ပင် ဆွေးနွေးကြတဲ့ အစဉ်အလာ ရှိပါတယ်။

သူနဲ့ သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခံလိုက်ရတဲ့ Donald Trump အကြား သိသာတဲ့ မတူကွဲပြားမှုတွေ ရှိနေတယ်ဆိုတာဟာ လျှို့ဝှက်ချက် မဟုတ်ကြောင်း၊ ဒါပေမယ့် လွန်ခဲ့တဲ့ ၈ နှစ်တုန်းက သူရွေးကောက်တင်မြောက်ခံရပြီးတဲ့ အချိန်တုန်းက အဲဒီအချိန်မှာ ရာထူးက အနားယူတော့မယ့် သမ္မတ Bush အစိုးရအဖွဲ့က အာဏာလွဲပြောင်းရေး ကိစ္စမှာ အကောင်းဆုံးဖြစ်အောင် ကူညီ လုပ်ဆောင်ပေးခဲ့တဲ့ သာဓက ရှိတာနဲ့အညီ သူ့လူတွေအနေနဲ့လည်း အခု တက်လာမယ့် အစိုးရသစ်အတွက် အတတ်နိုင်ဆုံး ကူညီကြဖို့အတွက် ညွန်ကြားထားကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

“လွန်ခဲ့တဲ့ ၈ နှစ်တုန်းက သမ္မတ Bush အစိုးရအဖွဲ့ လုပ်ပြခဲ့တဲ့ နမူနာကို အတုယူပြီး အောင်မြင်တဲ့ အာဏာလွဲပြောင်းမှု တခု ဖြစ်ရလေအောင် ရွေးကောက်ခံ သမ္မတနဲ့ အဖွဲ့ကို ကူညီ လုပ်ဆောင်ပေးကြဖို့အတွက် ကျနော့်အဖွဲ့ကို ညွန်ကြားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အားလုံးဟာ အခုချိန်မှာ ရွေးကောက်ခံ သမ္မတက လုပ်ဆောင်မယ့် တိုင်းပြည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်တွေ အောင်မြင်အောင် ထောက်ခံ အားပေးနေကြပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အာဏာ လွဲပြောင်းပေးခြင်းဟာ ကျနော်တို့ ဒီမိုကရေစီ စံနစ်ရဲ့ မှတ်ကျောက်တခု ဖြစ်ပါတယ်။ အဲဒီလို ဖြစ်မယ် ဆိုတာကိုလည်း လာမယ့် လအနည်းငယ်အတွင်းမှာ ကျနော်တို့ တကမ္ဘာလုံးကို ပြသကြရပါလိမ့်မယ်။”

သူ့အနေနဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တဲ့ Hillary Clinton ကိုလည်း မနေ့ညက စကားပြောခွင့် ရခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

Hillary Clinton ဟာ သူမ ဘ၀ တလျှောက်လုံး အများပြည်သူ အကျိုးအတွက် လုပ်ဆောင်ပေးခဲ့သူ ဖြစ်ကြောင်း၊ သူမအနေနဲ့ သမ္မတ ကတော်၊ အထက်လွှတ်တော်အမတ်၊ နိုင်ငံခြားရေးဝန်ကြီး စသဖြင့် ကြီးမားတဲ့ တာဝန်တွေကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့တဲ့ အတွက် ဂုဏ်ယူကြောင်းလည်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အခုချိန်မှာ ရွေးကောက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် ဒီမိုကရက်ရယ်၊ ရီပတ်ဘလီကန်ရယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူမနေကြပဲ အမေရိကန်ပြည်ထောင်စုသာ ပထမ ဦးစားပေးဖြစ်တယ်ဆိုတာကို စိတ်နှလုံးသွင်းပြီး တိုင်းပြည်အတွက် အလုပ်လုပ်ကြဖို့ သမ္မတ အိုဘားမားက တိုင်းသူ ပြည်သားတွေကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

မျိုးဆက်သစ် လူငယ်တွေအနေနဲ့လည်း အခု ရွေးကောက်ပွဲမှာ ရှုံးနိမ့်တဲ့အတွက် စိတ်ဓါတ် မကျကြဖို့ သမ္မတ အိုဘားမားက အားပေးစကား ပြောကြားခဲ့ပါတယ်။

“နိုင်ငံရေးလောကထဲကို အခုမှ ပထမဆုံးအကြိမ် ဝင်ရောက်လာတဲ့ လူငယ်တွေအနေနဲ့လည်း ဒီ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် စိတ်ဓါတ် မကျကြဖို့ ကျနော် အားပေးလိုပါတယ်၊ ကိုယ့်ကိုယ်ကိုယ် အားပေးနေကြဖို့ လိုပါတယ်။ အဆိုးမြင်ဝါဒမျိုး မရှိကြစေချင်ပါဘူး။ နောက်ပြီးတော့ ပြောင်းလဲမှု အတွက် မလုပ်ပေးနိုင်ဘူးဆိုတဲ့ အတွေးအခေါ်မျိုးလည်း မဝင်ကြစေချင်ပါဘူး။ မနက်တုန်းက နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ပြောခဲ့သလိုပဲ - အမှန်တရားအတွက် တိုက်ပွဲဝင်ရတာဟာ တန်ဖိုးရှိပါတယ်။”

ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့ ရီပတ်ဘလီကန် သမ္မတလောင်း Donald Trump ကလည်း တိုင်းပြည် စည်းလုံး ညီညွတ်ရေးအတွက် အလုပ်လုပ်ကြဖို့ အောင်ပွဲခံ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“သဘောထား အယူအဆတွေ ကွဲပြားနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ရာတွေကို ကုစားဖို့ အချိန်ရောက်ပါပြီ။ ကျနော်တို့ စည်းလုံး ညီညွတ်ကြဖို့ လိုအပ်ပါတယ်။ တိုင်းပြည်အတွင်းမှာရှိတဲ့ ရီပတ်ဘလီကန်တွေ၊ ဒီမိုကရက်တွေ၊ တသီးပုဂ္ဂလတွေ အားလုံးဟာ တစုတစည်းထဲအဖြစ် ညီညွတ်ကြဖို့ အချိန်တန်ပြီလို့ ကျနော် ပြောချင်ပါတယ်။”

သမ္မတအဖြစ် ရွေးချယ်ခံရဖို့ Electoral College လို့ ခေါ်တဲ့ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ကိုယ်စားလှယ်တွေက ထဲ့လိုက်တဲ့ Electoral Vote ဆိုတဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ရရှိဖို့ လိုအပ်တာမှာ အင်္ဂါနေ့ညက ကျင်းပတဲ့ ရွေးကောက်ပွဲမှာ Donald Trump က အခုချိန်ထိ ကိုယ်စားလှယ်မဲ ၂၉၀ ကို အနိုင်ရသွားပြီ ဖြစ်တဲ့အတွက် Hillary Clinton အနေနဲ့ အနိုင်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တာကြောင့် Donald Trump ကို ရွေးကောက်ပွဲ အောင်နိုင်သူအဖြစ် သတ်မှတ်လိုက်ကြတာ ဖြစ်ပါတယ်။

ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ ညနေပိုင်းအထိ Michigan နဲ့ New Hampshire ပြည်နယ်တွေမှာ မဲတွေကို ရေတွက်နေဆဲ ဖြစ်ပေမယ့် အဲဒီ ထွက်လာမယ့် ရလဒ်တွေဟာ ရွေးကောက်ပွဲ အနိုင်အရှုံး အတွက် ပြောင်းလဲမှု ဖြစ်ပေါ်စေမယ့် အနေအထား မရှိပါဘူး။

သမ္မတသစ် Donald Trump ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုတော့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ မြို့တော် ဝါရှင်တန် ဒီစီမှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရွေးကောက်ခံသမ္မတသစ် Donald Trump ကို Obama ချီးကျူး