ယူကရိန်းကိုထောက်ပံ့ရေး သမ္မတဘိုင်ဒန်နဲ့ လွှတ်တော်ခေါင်းဆောင်တွေ ဆွေးနွေး

ယူကရိန်းထောက်ပံ့ရေးအပါအဝင် အစိုးရအသုံးစရိတ်ကိစ္စ ဆွေးနွေးဖို့ သမ္မတဘိုင်ဒန်ဖိတ်ကြားချက်နဲ့ အိမ်ဖြူတော်ကိုရောက်လာကြတဲ့ လွှတ်တော်ခေါင်းဆောင်များ။ (ဇန်နဝါရီ ၁၇၊ ၂၀၂၄)

ယူကရိန်းစစ်ပွဲအတွက် ထောက်ပံ့ရေးအပါအဝင် အမျိုးသားလုံခြုံရေးဆိုင်ရာ အသုံးစရိတ် သဘောတူညီချက်ရအောင် ညှိနှိုင်းဖို့ ထိပ်တန်း လွှတ်တော်ခေါင်းဆောင်လေးဦးအပါအဝင် တခြားလွှတ်တော်အမတ်တွေကို အမေရိကန်သမ္မတ Joe Biden က အိမ်ဖြူတော်ကိုလာဖို့ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဖိတ်ကြားလိုက်ပါတယ်။

ယူကရိန်းကို စစ်ရေးအကူအညီ ဆက်ပေးရေးမှာ နယ်ခြားဒေသလုံခြုံရေးအတွက်ပါ အသုံးစရိတ်အတည်ပြုဖို့ ရီပတ်ဘလစ်ကန်အမတ်တွေက တောင်းဆိုနေတာကြောင့် ညှိနှိုင်းမရဘဲ သဘောထားကွဲလွဲချက်တွေရှိနေသလို သီတင်းပတ်နဲ့ချီ ဆွေးနွေးပွဲတွေ ကြန့်ကြာနှောင့်နှေးနေပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson ၊ အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Hakeem Jeffries ၊ အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer နဲ့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ခေါင်းဆောင် Mitch McConnell တို့ကို လုံခြုံရေးဆိုင်ရာ ဦးစားပေး အစီအစဉ်တွေ ဆွေးနွေးဖို့ သမ္မတ Biden က ဖိတ်ကြားထားတာပါ။

ယူကရိန်းနဲ့အစ္စရေးကိုထောက်ပံ့ရေးအပါအဝင် ဒေါ်လာဘီလျံ ၁၁၀ သုံးရေး သမ္မတ Joe Biden က တောင်းဆိုထားပါတယ်။ ရီပတ်ဘလစ်ကန်ပါတီဘက်က အသုံးစရိတ်ကို နယ်ခြားလုံခြုံရေးဆိုင်ရာ အပြောင်းအလဲတွေအတွက်လည်း တွဲသုံးရမယ်ဆိုပြီး ကန့်ကွက်ထားပါတယ်။