အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်ရဲ့၁၂ ရက်ကြာ အာရှ ၅ နိုင်ငံ ခရီးစဉ်ဟာ အောင်မြင်တဲ့ ခရီးစဉ်ဖြစ်ပြီး လုံခြုံရေးနဲ့ ကုန်သွယ်ရေး ကိစ္စတွေအတွက် တိုးတက်မှုတွေ အများအပြားရှိခဲ့တဲ့ ခရီးစဉ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယား ပြဿနာကတော့ တကမ္ဘာလုံးအတွက် အဓိက ခြိမ်းခြောက်နေတဲ့ ကိစ္စ ဖြစ်နေတုန်းပဲလို့လည်း သမ္မတထရမ့်က ပြောပါ တယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Steve Herman သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။
အာရှ ၅ နိုင်ငံကို ခရီးနှင်ခဲ့တဲ့ သမ္မတ ဒေါ်နလ်ထရမ့်က သူ့ခရီးစဉ်ဟာ သိပ်ပြီး ဂုဏ်ယူစရာကောင်းတဲ့ ခရီးစဉ်လို့ ဆိုပါတယ်။ အာရှနိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စု အကြား ပိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ထူထောင်နိုင်ခဲ့တဲ့ ခရီးစဉ်ဖြစ်ပြီး တနိုင်ငံနဲ့ တနိုင်ငံအကြား အသာစီးရဖို့ မဟုတ်တော့ဘဲ မျှမျှတတ ဆက်ဆံသွားမယ်လို့အာရှက ပြန်ပြီး မထွက်ခွာခင် သမ္မတစီးနင်းတဲ့ လေယာဉ်ပျံအတွင်းမှာ သူ့ခရီးစဉ်ရဲ့ အကျိုးဖြစ်ထွန်းမှုတွေနဲ့ ပတ်သက်လို့သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ သိပ်ပြီးဂုဏ်ယူပါတယ်။ လုံခြုံရေး၊ စစ်ရေးနဲ့ ကုန်သွယ်ရေး ရှုဒေါင့်တွေက ကြည့်မယ်ဆိုရင် သိပ်ပြီး ဂုဏ်ယူဖို့ ကောင်းပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကနဲ့ မတူတဲ့ ဆက်ဆံရေးမျိုးတွေနဲ့ မတူတဲ့ ပုံစံမျိုးနဲ့ကျနော်တို့ကို ဆက်ဆံကြပါလိမ့်မယ်။ တနိုင်ငံတခုက တခုအပေါ် အသာရဖို့ဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံတဲ့ခေတ်က ကုန်သွားခဲ့ပါပြီ။ ကျနော်တို့တွေ မျှမျှတတ၊ အပြန်အလှန် အကျိုးရှိအောင် လုပ်ဆောင်သွားကြမှာပါ။”
မြောက်ကိုရီးယား အရေးဟာ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကိစ္စဖြစ်နေတုန်းပဲမို့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား လုံးဝကင်းစင်ရအောင် နိုင်ငံတွေအားလုံးက အမေရိကန် ပြည်ထောင်စုနဲ့အတူပူးပေါင်းပြီး အသေအချာလုပ်ဆောင် ကြဖို့ကိုလည်း သမ္မတထရမ့်က အာရှခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။
“ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား အပါအဝင် အားလုံးအတူတကွ လုပ်ဆောင်ကြမယ့် ကိစ္စက သိပ်ကောင်းပါတယ်။ ဒီကိစ္စက ကျနော့်ရဲ့ အခုခရီးစဉ်မှာ သိပ်အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါ။ ကုန်သွယ် ရေးနဲ့ ဆက်ဆံရေး ကိစ္စတွေကလည်း ကျနော့်အတွက် အရေးကြီးတဲ့ ကိစ္စတွေပါပဲ။ ဖိလစ်ပိုင်နိုင်ငံဟာ စစ်ရေးအရရော မဟာဗျူဟာအရပါ သိပ်ပြီး အရေးကြီးတဲ့ နေရာတခုပါ။ ဖိလစ်ပိုင်နဲ့ ကျနော်တို့ဆက်ဆံရေး မရှိတာ အတော်ကြာခဲ့ပါပြီ။ အခုတော့ ကျနော်တို့ ဖိလစ်ပိုင်နဲ့ ပြန်ပြီး သိပ်ကောင်းတဲ့ ဆက်ဆံရေး ပြန်ရပါပြီ။”
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း စစ်စခန်းတွေဆောက်ဖို့ ကြိုးပမ်းနေတဲ့ ကိစ္စကိုလည်း သမ္မတထရမ့်က စိုးရိမ်နေတုန်းပါပဲ။ ဒါပေမဲ့လည်း ရေပြင်ပိုင်နက် အငြင်းပွါးမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်ကတော့ ငြိမ်းချမ်းတဲ့နည်း တွေနဲ့ ဖြေရှင်းစေချင်တယ်လို့ ဆိုပါတယ်။ အရှေ့တောင်အာရှမှာ IS စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုတွေ တိုးလာကို အမေရိကန်က အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း သမ္မတထရမ့်က ပြောပါတယ်။
ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အာရှခရီးစဉ်အတွင်း အနည်းဆုံး ဒေါ်လာ ဘီလီယံ ၃၀၀ ဖိုးလောက် သဘောတူညီမှုတွေ ရခဲ့ ပြီး မကြာခင် ကာလအတွင်း ၃ ဆလောက် တိုးလာလိမ့်မယ်လို့လည်း သူထင်တဲ့အကြောင်း သမ္မတထရမ့်က ဆိုပါတယ်။ အခု ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံက ဒေါ်လာ ၁၂ ဘီလီယံဖိုး အမေရိကန်ပိုင် ဘိုးအင်လေယာဉ်တွေကို မှာယူထားပါတယ်။ဒါပေမဲ့လည်း ဒီမှာယူမှုဟာ သမ္မတထရမ့် ခရီးစဉ်အတွင်း အသစ်မှာယူမှုလား အရင်သမ္မတ အိုဘားမားလက်ထက်တုန်းက၁၁.၅ ဘီလီယံဖိုး မှာယူဖို့ သဘောတူထားတာကို ပြောတာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ၂၀၁၆ ခုနှစ်တုန်းက သမ္မတဟောင်း ဘရက်အိုဘားမား ဗီယက်နမ်ကို သွားခဲ့တုန်းက ဗီယက်နမ် လေကြောင်းနဲ့ ဘိုးအင်းကုမ္ပဏီ တို့အကြား သဘောတူ လက်မှတ်ရေးထိုးထားကြတာ ရှိပါတယ်။
သမ္မတထရမ့်ရဲ့ အာရှခရီးစဉ်နဲ့ ပတ်သက်ပြီး သူအမေရိကန်ပြည်ထောင်စုကို ရောက်ပြီး မကြာခင်မှာဘဲ အရေးကြီးတဲ့ ကြေ ညာချက် တစောင် ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း သမ္မတထရမ့်က ပြောထားပါတယ်။ အဲဒီ ကြေညာချက်က ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် ထွက်လာမယ့်သဘောပါ။ ဘာအကြောင်းအရာတွေလဲ ဆိုတာကိုတော့ အသေးစိတ်မပြောပါဘူး။ ဒါပေမဲ့လည်း မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေး ကိစ္စတွေ အဓိက ပါဝင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Your browser doesn’t support HTML5