နိုဝင်ဘာ ၅ ရက်နေ့ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် အရေးပါတဲ့ မဲဆွယ်စည်းရုံးလို့ သတ်မှတ်ထားကြတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump တို့ ၂ ဦးဟာ ဒေသစံတော်ချိန် ဒီကနေ့ စက်တင်ဘာ ၁၀ ရက်ညမှာ စကားစစ်ထိုးကြတော့မှာပါ။
သူတို့ ၂ ဦးဟာ တဦးနဲ့တဦး လူချင်းမတွေ့ဖူးကြသလို၊ ဖုန်းနဲ့တောင် စကားမပြောဖူးကြပေမယ့် ဒီကနေ့ညမှာတော့ Pennsylvania ပြည်နယ်၊ Philadelphia မြို့က Constitution Center မှာ တဦးနဲ့ တဦး မလှမ်းမကမ်းမှာရပ်ပြီး စကားစစ်ထိုးကြမှာ ဖြစ်ပါတယ်။ မိနစ် ၉၀ ကြာမယ့် ဒီ စကားစစ်ထိုးပွဲမှာ ABC ရုပ်သံသတင်းဌာနက David Muir နဲ့ Linsey Davis တို့ ၂ ဦးရဲ့ မေးခွန်းတွေကို ဖြေကြားရင်း ကိုယ်စားလှယ်လောင်း ၂ ဦးဟာ တဦးကိုတဦး အပြန်အလှန် ထိုးနှက် တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်း ၂ ဦး ရဲ့ တခုတည်းသော စကားစစ်ထိုးပွဲဖြစ်မယ့် ဒီအစီအစဉ်ကို အမေရိကန်ပြည်သူ အများအပြားကလည်း ရုပ်သံကနေ စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။ ဒီစကားစစ်ထိုးပွဲဟာ ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ် ၈ ပတ်အလိုမှာ ပြုလုပ်တာဖြစ်ပေမဲ့ ကြိုတင်မဲပေးမှုတွေကတော့ ပြည်နယ်တချို့မှာ မကြာခင် ရက်ပိုင်းအတွင်း စတင်တော့မှာပါ။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူထားတဲ့ လူထုစစ်တမ်းတွေအရ ကိုယ်စားလှယ်လောင်း ၂ ဦးအကြား တဦးနဲ့ တဦး အသာစီးရမနေတဲ့အတွက် ဘယ်သူ့ကို မဲပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်ဖို့ ဒီစကားစစ်ထိုးပွဲဟာ အရေးပါပါတယ်။
မဲဆန္ဒရှင်တွေအနေနဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတ Joe Biden ကို ရှုံးနိမ့်ခဲ့တဲ့ သမ္မတဟောင်း Trump ကို အိမ်ဖြူတော် ပြန်ပို့မလား၊ ဒါမှမဟုတ် လက်ရှိ ဒုသမ္မတ Harris ကို သမ္မတအဖြစ် ရာထူးတိုး ရွေးကောက်တင်မြှောက်မလားဆိုတာကို စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတလောင်း ၂ ဦး ဒီကနေ့ည စကားစစ်ထိုးမည်
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump