ရန်ကုန်၊ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားငါးရာခန့်ကို နိုဝင်ဘာ ၃၀ ရက် မနက်အစောပိုင်းက ပဲခူးတိုင်း၊ သာယာဝတီထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ကပြောပါတယ်။ အကျဉ်းထောင်တွေထဲမှာနိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တာတွေ ဆက်ရှိနေသလို ရိုက်နှက်နှိပ်စက်ခံနေရတာတွေလည်း ရှိနေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွင်း ရင်ဆိုင်နေရတဲ့အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
စစ်အာဏာသိမ်းကာလ စစ်ကောင်စီလက်ထက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တာတွေ တိုးလာတယ်လို့ ဝေဖန်မှုတွေ ရှိနေချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့မှုတွေ လုပ်လာတာပါ။ ဒီတခေါက်မှာတော့ အင်းစိန်ထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေကို ညှင်းပမ်းနှိပ်စက်မှုနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သာယာဝတီထောင်ကို နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ငါးရာခန့်ကို ပြောင်းရွှေ့ခံခဲ့ရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကတော့ နိုင်ငံရေးအကျဉ်းသား တွေကို ဖိနှိပ်တာမှာနာမည်ကြီးတဲ့ သာယာဝတီထောင်ကို နိုင်ငံရေးအကျဉ်းသားတွေ ပြောင်းရွှေ့မှု နဲ့ပတ်သတ်လို့သူကခုလိုပြောပြပါတယ်။
"နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူအပါအဝင် စုစုပေါင်း ၅၀၀ ဝန်းကျင်လောက်ထောင်ပြောင်းမယ်လို့ သိထားပါတယ်။ အနည်းဆုံးနိုင်ငံရေးအကျဉ်းသား ထက်ဝက်ပါတယ်လို့သိထားပါတယ်။ ဒီနှစ်ထဲ အင်းစိန်ထောင်ကနေ သုံဂကြိမ်ပြောင်းရွှေ့ခဲ့တယ်။ ဒါလေးကြိမ်မြောက်ပြောင်းရွှေ့တာပါ။ အခုလိုထပ်ပို့တာဟာရည်ရွယ်ချက်ရှိတယ်။ သာယာဝတီထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့နေရာမှာ စံပြဖြစ်တယ်။ ဖိနှိပ်ဖို့အတွက်ရည်ရွယ်ပြီးမှ ပြောင်းရွှေ့တယ်လို့ပြောချင်ပါတယ်။"
SEE ALSO: သာယာဝတီထောင်မှာ ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုရှိသာယာဝတီ အကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်နဲ့ အမျိုးသား၊ အမျိုးသမီး အရေအတွက်ကိုတော့ အတိအကျသိနိုင်ဖို့ စုံစမ်းနေဆဲပါ။ အခုနှစ်အတွင်း အင်းစိန် အကျဉ်းထောင်ကနေ သာယာဝတီ အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား တထောင်ကျော်ရှိတယ်လို့ နိုင်ကျဉ်းတွေကိုကူညီပေးသူတွေက ပြောပါတယ်။ သာယာဝတီအကျဉ်းထောင် ထောင်ပိုင်ဟာ နိုင်ကျဉ်းတွေကိုဖိနှိပ်တာမှာ နာမည်ကြီးသူတယောက် ဖြစ်တာမို့ အင်းစိန်ထောင်တွင်းက ထောင်အာဏာပိုင်တွေကို ထောက်ပြဝေဖန်သူ၊ နိုင်ငံရေး လှုပ်ရှားမှုအတွင်းမှာ ပါဝင်သူတွေ ကို သာယာဝတီထောင်ဘက်ကို အများဆုံးပို့တာခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။
အင်းစိန် ထောင်တွင်းမှာလည်း ဖိနှိပ်မှုအမျိုးမျိုးရှိနေဆဲပါ။ ပြီးခဲ့တဲ့လက နိုင်ငံရေးအကျဉ်းသားတဦးကို ထောင်တွင်း အခြေအနေ အချက်အလက်မေးမြန်းမှုနဲ့ ရိုက်နှက်ခံခဲ့ရတာရှိခဲ့တယ်လို့ နီးစပ်သူတဦးကပြောပြပါတယ်။ ထပ်ပြီးရိုက်နှက် အငြိုးထားခံရမှာကြောက်တာမို့ ဒဏ်ရာတွေ အတော်သက်သာလာမှမိသားစုကိုပြောပြတယ်လို့ လက်ရှိထောင်ကျနေတဲ့ မိသားစုဝင်အခြေအနေကိုသိတဲ့ နီးစပ်သူတဦးက ဗွီအိုအေကိုပြောပြ ပါတယ်။
"ဟိုတလောကတောင်မှ မိဘတွေမသိဘူးလေ။ သူအထိုးအနှက်ခံရတယ်။ ဘယ်သူမှတော့မပြောနဲ့ပေါ့နော် တခြားမီဒီယာ တွေမှာ ပေါက်ရင်အထဲမှာ အနေအစားပြန်ကျပ်သွားမယ် ထိုးခံရတယ် ရင်ဘတ်အောင့်တော့ကျနော်ဆေးတွေဘာတွေမှာတယ်"
နောက်ပြီး မကြာသေးခင်ကလည်း ဟင်္သာတအကျဉ်းထောင်မှာ နိုင်ကျဉ်းတဦးကို ထောင်အာဏာပိုင်တဦးက အရက်မူး ကာ အကြောင်းမဲ့ ရိုက်နှက်တာ မျိုးလုပ်ခဲ့လို့ ခံရတာရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က ပြောပါတယ်။
အကျဉ်းထောင်တွေမှာ အကျဉ်းကျနေသူတွေထောင်ထဲမှာ ဝယ်ယူစားသောက်နိုင်ဖို့ အကျဉ်းဦးစီးဝန်ထမ်းတွေကနေတဆင့် မိသားစုတွေက ငွေကြေးပေးပို့ကြရပါတယ်။ အဲဒီငွေကြေးနဲ့ အကျဉ်းဦးစီးဌာနကဝန်ထမ်းတွေရောင်းချတဲ့ အစားအသောက်တွေကိုဝယ်ယူရတာပါ။ ဒီဖြစ်စဉ်မှာ နိုင်ကျဉ်းမိသားစုဝင်တွေက ထောင်အာဏာပိုင်တဦးကနေတဆင့် ငွေပို့နေရာကနေ မပို့ဖြစ်တော့တာကို အငြိုးထားရိုက်နှက်ခဲ့တယ်လို့ ခံရသူပြောဆိုချက်ကို ကိုသိုက်ထွန်းဦး ကခုလိုပြောပြပါတယ်။
"ဟင်္သာတထောင်မှာနိုင်ငံရေးအကျဉ်းသားကိုရိုက်တာပေါ့နော်။ အဓိကကတော့ အဲဒီဝန်ထမ်းကနေတဆင့် အကျဉ်းသားဆီကို မိသားစုဝင်တွေကနေ ပစ္စည်းတွေသွင်းတာရှိခဲ့တယ်။ နောက်ပိုင်း အကျဉ်းထောင်ရဲ့လမ်းကြောင်းကနေပို့တဲ့အခါ အဲဒီဝန်ထမ်းက မူးလာတဲ့အချိန်တွေမှာ ပြောဆိုပြီးမှ သူ့ကို သီးခြားပေါ့နော် လက်ကိုတန်းအပြင်ကိုထုတ်ခိုင်းပြီးတော့ ရိုက်နှက်ခဲ့တာမျိုးတွေဖြစ်ခဲ့တာပါ။ ဖြစ်ဖြစ်ချင်းမှာ ဆေးကုသခွင့်မရခဲ့ဘူး။ လက်တွေယောင်ကိုင်းမှုဒဏ်ကိုဆိုးဆိုးဝါးဝါးခံခဲ့ရပါတယ် "
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ၊ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ပြန်ဖြေတာမရှိခဲ့ပါဘူး။
စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတဝန်း ဖမ်းဆီးခံရသူ သုံးသောင်းဝန်းကျင် (၂၇,၇၄၁ ဦး) ရှိပြီး အဲဒီအထဲ က လူနှစ်သောင်း ကျော် (၂၁,၁၇၉ ဦး) ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေး အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) စာရင်းအရ ၂၀၂၄ခုနှစ် နှစ်စကနေ နိုဝင်ဘာလကုန်ထိ ဆယ့်တစ်လတာ အတွင်း နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူအနည်းဆုံး အယောက် (၂၀) ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ စာရင်းများအရ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရ လို့ နိုင်ငံရေးအကျဉ်းသား (၁၈)ဦးနဲ့ နိုင်ငံရေး အကျဉ်း သူ (၂)ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ ဒီစာရင်းတွေဟာ ချဲ့ကားထားတဲ့ စာရင်းတွေ ဖြစ်တယ် လက်ခံနိုင်ဖွယ်မရှိကြောင်း တုံ့ပြန်ထားပါတယ်။
Your browser doesn’t support HTML5