သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာယာဝတီထောင်မှာ ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုရှိ


ပဲခူးတိုင်း သာယာဝတီမြို့ရှိ သာယာဝတီအကျဉ်းထောင်ကို Google မြေပုံမှတွေ့မြင်ရစဉ်
ပဲခူးတိုင်း သာယာဝတီမြို့ရှိ သာယာဝတီအကျဉ်းထောင်ကို Google မြေပုံမှတွေ့မြင်ရစဉ်

သာယာဝတီအကျဉ်းထောင်ထဲမှာ အစားအသောက်နဲ့သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွါးနေပြီး မကြာသေးခင်ကပဲ လူသေဆုံးတဲ့အထိ ဖြစ်လာတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသွားသူဟာ နိုင်ငံရေးအကျဉ်းသားတဦးလို့ သတင်းတွေ ထွက်နေပေမယ့် ထောင်အာဏာပိုင်တွေကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး အလိမ္မာက ပြောပြပေးမှာပါ။

သာယာဝတီ အကျဉ်းထောင်ထဲမှာ အစားအသောက်နဲ့သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း လုံလုံလောက်လောက် မရနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့မိသားစုဝင်တွေကို ထောင်ဝင်စာ တွေ့ဆုံနိုင်ဖို့ အကူညီ ပေးနေသူ တဦးက ဗွီအိုအေကို ပြော ပါတယ်။ ဒါ့အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွါးပြီး နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးသွားတယ်လို့လည်း ပြောပါတယ်။

"သာယာဝတီထောင်ထဲ ခုဖြစ်နေတာက မီးလာမှ ရေသန့်သောက်ရတာ။ အဲရေသန့်ကလည်း ထောင်သားတွေပဲ စုလှူထားတာ။ အကျဉ်းထောင်ဘက်က လုပ်ပေးထားတာ မဟုတ်ဘူး။ မီးမလာတော့ ရှိတဲ့ရေ သောက်ရတာ။ အဓိက ထောင်ထဲမှာ ရေသန့်သန့်ရှင်းရှင်း မသောက်ရဘူး။ အစားအသောက်တွေက မိလ္လာလောင်းတဲ့ အရွက်တွေကိုဘဲ ပြန်ချက်ကျွေးတာ။ ခုက ရာသီက ပူလာတယ်။ အဲတော့ ဝမ်းပျက်ရောဂါဖြစ်တယ်။ ဝမ်းပျက်တာက အပြင်မှာလဲ ပျက်တာဘဲ။ ဆေးဝါးကုသတာ လုံလုံလောက်လောက်ရရင် ဒီလို ဆုံးရှုံးစရာ မရှိဘူးလို့ ယူဆတာပေါ့။ ကျနော်တို့ ခုသိတာက ၁၂ ရက်နေ့က ဆုံးတယ်။ ၂ အဆောင် ၁ အခန်းက တယောက်ဆုံး တယ်။ ဒီ မနက်ကြားတာ ၂ ယောက်ဖြစ်တယ်လို့ကြားတယ်။ ဒါပေမယ့် ကျနော်တို့ ကွန်ဖမ်းလုပ်လို့ရတာ ၁ ယောက်ပဲ လုပ်ရသေးတယ်။ နိုင်ငံရေးအကျဉ်းသားပဲလို့သိရတယ်။ ထောင်ကလည်း တင်းတင်းကြပ်ကြပ် ဖြစ်နေတော့ ဘယ်သူဘယ်ဝါ ဆိုတာ စုံစမ်းရခက်ခဲနေတယ်။ ကျနော်တို့ သိသလောက် အလောင်းပြန်မထုတ်ပေးသေးဘူးလို့ပြောတယ်။"

သေဆုံးသူဟာ စစ်ကောင်စီ အာဏာသိမ်းမှုကို လက်မခံပဲ ဆန္ဒပြရာကနေ အဖမ်းဆီးခံ ခဲ့ရတာပါ။ ဒါပေမယ့် ဘယ်ပုဒ်မနဲ့ ထောင်အချခံနေရတယ် ဆိုတာကိုတော့ ဗွီအိုအေက စုံစမ်းနေဆဲပါ။ သူသေဆုံးသွားကြောင်း မိသားစုကို အကြောင်း ကြားခဲ့ပေမယ့် လက်ရှိအချိန်ထိ အလောင်းကို ပြန်မရသေးဘူးလို့ လည်း အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။ ဒါ့အပြင် ထောင်တွင်းမှာ ဆေးဝါးလည်း မလုံမလောက် ပဲ ဖြစ်နေတယ်လို့ သူကပြောပါတယ်။

"သာယာဝတီထောင်မှာက ဗိုက်အောင့်လဲ ပါရာစီတမော၊ စီဗစ်၊ ဖျားလဲ ပါရာစီတမော စီဗစ်၊ ဖင်နာလည်း ပါရာစီတမော စီဗစ်၊ ကိုယ့်ဘာသာ သွင်းနိုင်ရင်သွင်း မသွင်းနိုင်လို့ကတော့ ထောင်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုက တော်တော် မပေးနိုင်တဲ့သဘောရှိတယ်။ တတ်နိုင်လို့ သွင်းရင်တောင် သက်ဆိုင်ရာ ထောင်ဆရာဝန် ခွင့်ပြုချက်နဲ့မှ သွင်းဆိုတာ ရှိတယ်။ တချို့ဟာတွေမှာ တော်တော်ခက်တယ်။ သူတို့ သုံးဖူးတာဆို ဥပမာ မာစတာဂရစ်ဆို သူတို့ သုံးဖူးရင် ခွင့်ပြုတယ်။ သူတို့မမြင်ဘူး မသုံးဘူးရင် ခွင့်မပြုဘူး။ တချို့ ကျောက်ကပ်ဆေး၊ နှလုံးဆေး ဆို အင်္ဂလိပ်လို ရေးထားတာ သူတို့ ဘယ်လိုမှ နားမလည်နိုင်ဘူး။ ပါဆယ်ဌာန ထောင်ဆေး လက်ခံတာမှာ အကျဉ်းထောင်က ထောင်ဆရာဝန်ဘက်က နားလည်တဲ့သူပါ ပါစေချင်တယ်။ ဒါမှ ဒါကသွင်းရတယ်။ ဒါက တရားမဝင်သွင်းမရဘူး ပေါ့။ ဒါမှ အထဲမှာရှိတဲ့သူတွေ အတွက် အဆင်ပြေမယ်လို့ ကျနော်တို့က ယူဆတယ်။"

ဒီကိစ္စနဲ့ပတ်သက်လို့ သာယာဝတီ အကျဉ်းထောင်ကို ဖုန်းဆက်သွယ် မေးမြန်းရာမှာတော့ ထောင်အနေနဲ့ ဖြေပေးစရာမရှိကြာင်းနဲ့ နေပြည်တော် အကျဉ်းဦးစီးကိုသာ ဆက်သွယ်မေးမြန်းဖို့ ပြောကြားတာပါ။ ဒါ့ကြောင့် ဗွီအိုအေက နေပြည်တော် အကျဉ်းဦးစီးဌာနကို အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းခဲ့ပေမယ့်လည်း ခုအချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ လက်ရှိအကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေအနေနဲ့ အနေအစား ဆင်းရဲနေတဲ့အပြင် ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမရှိပဲ အဆိုးဝါးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။

"သောက်ရေဆိုလဲ အရင်လို သောက်ရေသန့် မဟုတ်တော့ဘူး။ ဘားအံ့ထောင်ဆို ဘယ်လောက်ဆိုးလဲ ဆိုရင် သောက်ရေသန့်ကို အပြင်က ဝယ်နေရတဲ့ အနေအထားတွေပေါ့။ ထောင်အသီးသီးမှာ အတိမ်အနက်ပဲ ကွာမယ်။ နေရေးထိုင်ရေး စားရေးသောက်ရေး ကိစ္စတွေမှာတော့ ကျန်းမာရေးနဲ့ညီတယ်ဆိုတာက တော်တော် ရှားတယ်။ လူကလည်း များတယ်။ မန္တလေး အိုးဘိုထောင်မှာ ဆိုရင် ကျန်းမာရေး ချို့တဲ့သူတွေ တော်တော်များ လာတယ်။ ထောင်ကလည်း ဆေးဝါး မပေးနိုင်ဘူး။ အပြင်က ဆေးသွင်းတာမှာလည်း အမျိုးမျိုးအဖုံဖုံ သွင်းတာမှာလည်း ကာယကံရှင်တွေဆီ မရောက်တာတို့ ဆေးဝါးတွေကို ဖြတ်စား လာဘ်စား လုပ်တာတို့ ထောင်ဝင်စာ ဖြတ်စားလာဘ်စား လုပ်တာတို့ ။ အပြည့်အဝ မရောက်ဘူး။ တချို့တဝက်ပဲ ရောက်တယ်။ တချို့ ဆို ၃ ပုံ၁ ပုံပဲ ရောက်တယ်။ အဲလို ဖြတ်စားလာဘ်စား လုပ်တာတွေက တရားဝင်လိုင်စင် ပေးထားသလို လုပ်နေတာ။"

ခုလို ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာဘက်ကပါ အလေးပေး စောင့်ကြည့်တာတွေ လုပ်စေချင်သလို၊ ထောင်တွင်း အခြေအနေတွေကို လေ့လာစောင့်ကြည့် ပေးဖို့လည်း နိုင်ငံရေး အကျဉ်းသားတွေကို ကူညီစောင့်ရှောက် ပေးနေသူတွေက တောင်းဆိုနေတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ စလို့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အတွင်း သေဆုံးခဲ့ရသူ ဦးရေဟာ ၄၂၀၀ ကျော်နဲ့ ဖမ်းဆီး အထိန်းသိမ်း ခံရသူ ၂၅ ၀၀၀ ကျော်ရှိ နေပြီး ဒီအထဲက အများစုဟာ ဆက်ပြီး အဖမ်းခံနေရဆဲပဲလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ AAPP က ထုတ်ပြန်တဲ့ စာရင်းတွေဟာ ချဲ့ကား ဖော်ပြထားတာ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုလေ့ရှိပါတယ်။ ခုချိန်ထိ စစ်ကောင်စီဘက်က အာဏာသိမ်း ကာလ အတွင်း လူပေါင်းဘယ်နှစ်ဦးကို ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ တကြိမ်မှ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG