“ရခိုင်နဲ့ ချင်းပြည်နယ်ကပဋိပက္ခ စစ်ရာဇဝတ်မှုမြောက်နိုင်” - ကုလလူ့အခွင့်အရေးအကြီးအကဲ

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet

[Zawgyi/Unicode]

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက ရခိုင်၊ ချင်း၊ မြို၊ ဒိုင်းနက်နဲ့ ရခိုင် လူမှုအသိုင်းအဝိုင်းတွေဟာ စစ်ပွဲတွေအတွင်း တရားလက်လွတ်သတ်ဖြတ်ခံရတာတွေ ဖမ်းဆီးခံရတာတွေ ပျောက်ဆုံးသွားတာတွေ ညှဉ်းပန်းနှိပ်စက်ခံရတာတွေနဲ့ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့နေထိုင်ရတာတွေ ရှိနေပြီး ဒါဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ မြောက်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက ပြောလိုက်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet

ရိုဟင်ဂျာဒုက္ခသည်တွေ အစုအပြုံလိုက်ထွက်ပြေးခဲ့ရတဲ့ စစ်ဆင်ရေးတွေလုပ်ခဲ့တာ သုံးနှစ်ကျော်ကြာလာပေမဲ့လည်း၊ ကုလသမဂ္ဂဘက်က တောင်းဆိုထားသလို တာဝန်ရှိသူတွေကို အရေးယူဖော်ထုတ်တာမျိုး ခိုင်ခိုင်မာမာ မလုပ်နိုင်ခဲ့ဘူးလို့ မြန်မာအစိုးရကို ဝေဖန်ထားပါတယ်။ အခု ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၃ ကြိမ်မြောက်အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေနဲ့ အခွင့်အရေး၊ လူ့အခွင့်အရေးဆိုင်ရာအခြေအနေတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာတင်သွင်းပြီး ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံတွင်းမှာ စွပ်စွဲခံနေရတဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး အခြေအနေတွေကို ကိုင်တွယ်ဖို့ နိုင်ငံတကာတရားရေးလမ်းကြောင်းအရ ဆောင်ရွက်နေတာကိုလည်း မြန်မာအစိုးရဖက်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ လူ့အခွင့်အရေး မဟာမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။ အခုလာမယ့် နိုဝင်ဘာရွေးကောက်ပွဲ ကျင်းပရာမှာလည်း ရခိုင် ရှမ်း ချင်း ဒေသတွေမှာပါ ကျင်းပနိုင်ဖို့ မျှော်လင့်ပြီး ရိုဟင်ဂျာတွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ တားဆီးခံရတဲ့အပေါ်မှာလည်း ကုလလူ့အခွင့်အရေးအကြီးအကဲက ထောက်ပြဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးဖော်ဆောင်ရာမှာ အဟန့်အတားဖြစ်မှုတွေကို ဖယ်ရှားသွားဖို့လည်း တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ မြန်မာနိုင်ငံအနေနဲ့ ရှုပ်ထွေးတဲ့စိန်ခေါ်မှုတွေကို ဘက်ပေါင်းစုံ ရင်ဆိုင်နေရပြီး၊ ဒါတွေကို ဖြေရှင်းရာမှာ တစုံတခုတည်း မဟုတ်ဘဲ အလုံးစုံခြုံငုံမယ့် ဆက်နွယ်ဖြေရှင်းမှုမျိုး လုပ်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ပြဿနာတွေကို ဖြေရှင်းရာမှာ တနေ့တည်း တညတည်းဖြေရှင်းနိုင်မှာ မဟုတ်ဘဲ အချိန်ယူဖြေရှင်းသွားရမှာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ ရခိုင်ပြည်မှာ လတ်တလောရင်ဆိုင်နေရတဲ့ ပဋိပက္ခကတော့ မြန်မာနိုင်ငံရဲ့အချုပ်အချာအာဏာကိုပါ ထိခိုက်တဲ့ကိစ္စဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

“ရခိုင်နဲ့ ချင်းပြည်နယ်ကပဋိပက္ခ စစ်ရာဇဝတ်မှုမြောက်နိုင်” - ကုလလူ့အခွင့်အရေးအကြီးအကဲ

[Unicode Version]




SEE ALSO: ရခိုင်နဲ့ ချင်းမှာ တိုက်ပွဲတွေရပ်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အများစု တောင်းဆို

