ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ လူသေကြေထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာကရွာသားတွေဟာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ ရွာသားတဝက်လောက် နေအိမ်ကနေစွန့်ခွါ စစ်ဘေး ရှောင်နေရပြီး စာသင်ကျောင်း ဆေးရုံတွေပိတ်ထားရတဲ့ အခြေအနေ ရှိနေတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ် တွေက ပြောပါတယ်။ ပြီးခဲ့တဲ့စနေနေ့က လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့်ကလေး သုံး ဦးသေဆုံးပြီး ဒဏ်ရာရသူသုံးဦးကို တော့ ဆေးရုံတင်ထားဆဲလို့ ဒေသခံတွေကပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းသတင်းပို့ထားပါတယ်။
မင်းပြားမြို့နယ် ပန်းမြောင်းရွာမှာ လက်နက်ကြီးကျည် ကျရောက်ခဲ့အပြီး ရွာရဲ့ လူဦးရေထက်ဝက်လောက် နေရပ်စွန့်ခွါ ထွက်ပြေးနေရတယ်လို့ ကိုယ်တိုင် ကွင်းဆင်းကြည့်ရှုခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။
“အဲဒီပန်းမြောင်းရွာဆိုတာ အိမ်ခြေ တထောင်ကျော်လောက်တောင် ရှိတယ်။ အဲဒီဘက်က တဝက်နီးပါးလောက်က ဘေးလွတ်ရာကို သူတို့က အဲဒီအန္တရာယ်တာကိုစိုးတဲ့အတွက် ရှောင်ပြေးသွားတာတွေတော့ အများရှိရှိတယ်။ တချို့ဆိုပေါက် တောမြို့နယ်အထိ ရောက်သွားကြတဲ့ သူတွေ ရှိတယ်။ ကျနော်တို့ မနေ့ကသွားတဲ့အချိန်မှာတော့ ရွာရဲ့ ထက်ဝက်လောက်တောင် ရှောင်ထွက်သွားတယ်ကြတယ်ဆိုပြီးတော့ ပြောတယ်။”
ပန်းမြောင်းရွာသားထောင်ချီဟာ မင်းပြား၊ မြောက်ဦးနဲ့ ပေါက်တောမြို့တွေမှာ စစ်ရှောင်တိမ်း နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိပန်းမြောင်းရွာမှာ စာသင်ကျောင်းနဲ့ ဆေးရုံကအစ ပိတ်ထားတယ်လို့ ဦးလှသိန်းအောင်က ဆက်ပြောပါတယ်။
“ကျောင်းတွေလည်း ပိတ်ထားတယ်။ ဆေးခန်းလည်း တိုက်နယ်ဆေးရုံလည်း ပိတ်ထားတယ်လို့ ပြောတယ်။ အဲဒီက ဆရာ၊ နပ်စ်မတွေလည်း အကုန်ခေါ်ပြီးတော့ ထွက်သွားကြတယ်ဆိုပြီးတော့ ပြောတယ်။”
ပန်းမြောင်းရွာဟာ တိုက်နယ်အဆင့် ရွာကြီးဖြစ်ပြီး အိမ်ခြေ ၁၅၀၀ ကျော်ရှိပြီးတော့ လူဦးရေ ၇၀၀၀ ကျော်လောက် နေထိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့စနေနေ့တုန်းက ပန်းမြောင်းကျေးရွာအပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းနေအရွယ် ကလေး သုံး ဦး သေဆုံးခဲ့သလို လူကြီး လေး ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိသူအထဲက သုံး ဦးဟာ ဆေးရုံတင်ထားရတယ်လို့ ဒေသခံရွာသား တဦးက ပြောပါတယ်။
“လက်နက်ကြီး ထိမှန်တဲ့လူနာရဲ့ အခြေအနေက သက်သာနေပါတယ်။ နှစ်ယောက်က မြောက်ဦးမှာ။ တယောက်က စစ်တွေမှာ။ စစ်တွေမှာ တယောက်က ဒီနေ့ အော်ပရေးရှင်း လုပ်ပါတယ်။”
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဟာ မြန်မာစစ်တပ်ကနေ ပစ်ခတ်တာလို့ ဒေသခံရွာသားတွေကပြောဆိုနေပေမဲ့ မြန်မာစစ်တပ်ဖက်ကတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေ ရွာတွင်းကို ပစ်ခတ်တာလို့ စွပ်စွဲထားပါတယ်။ ဒါကို ရခိုင် လက်နက်ကိုင်အဖွဲ့က ငြင်းဆိုထားပါတယ်။
မင်းပြားမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ ဒီလအတွင်းတိုက်ပွဲတွေ ဖြစ်ပွါးနေမှု များပြားနေသလို ထောင်ချီတဲ့ စစ်ဘေးရှောင်ရွာသားတွေဟာ ဒုက္ခသည်စခန်း ကိုး ခုမှာ ရှိနေတယ်လို့ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်း သားကြီးက ပြောပါတယ်။
“စစ်ရှောင်တွေက တချို့အိမ်ပြန်သွားတယ်။ ပြန်လို့မရတဲ့ သူတွေကကျတော့ မပြန်ဘူး။ ဒီစစ်ရှောင်တွေက မင်းပြားမြို့ပေါ်ရယ် မင်းပြားနယ်ရယ်အငု်လုံး စခန်း ကိုး ခု ရှိပါတယ်။ အရင်ကတော့ ၂,၀၀၀ ကျော်ရှိတယ်။ အခုကတော့ အကုန်လုံး ပေါင်းတော့ ၁,၀၀၀ ပတ်ဝန်းကျင်လောက်ပဲ ကျန်တော့တယ်။ စားသောက်နေထိုင်ရေး အခြေအနေကတော့ ဒုက္ခသည် ဆိုတဲ့အဆောင်ယောင်မှာ နေရတဲ့အတွက် ပြည်တွင်းပြည်ပအလှူရှင်တွေက ထောက်ပံ့မှုနည်း လာတဲ့အတွက် စားရေး သောက်ရေးကလည်း သိပ်အဆင်မပြေတော့ဘူး။ ပရဟိတအဖွဲ့တွေက ထောက်ပံ့ပေးနေပါတယ်ဗျ။ အစိုးရက ထောက်ပံ့မှုမရှိဘူးခင်ဗျ။”
ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဘူးသီးတောင် ရသေ့တောင် ကျောက်တော် မြောက်ဦး မင်းပြားမြို့နယ်တွေဘက်မှာ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။
ဒီလိုစစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း ဒေသခံရွာသား ၆၁,၀၀၀ လောက် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရခိုင်လူမှု အဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။
Your browser doesn’t support HTML5