ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက် ကာကွယ်ရေးဝန်ကြီးပယ်ချ

တပ်မတော် အနေနဲ့ရခိုင်ဒေသအတွင်း အကြမ်းဖက်သမားတွေကို စစ်ဆင်ရေးလုပ် ဆောင်တာမှာ နိုင်ငံတကာက စွပ်စွဲတဲ့အတိုင်း ဒေသခံတွေအပါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေကို လုံခြုံရေး တပ်ဖွဲ့တွေရဲ့ တုံ့ပြန်မှုတွေအပေါ် နိုင်ငံတကာက အမြင်လွဲမှား နေတယ်လို့လည်း ဒီကနေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းနဲ့ ဆက်နွယ်ပြီး ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ကပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ နေပြည်တော်မှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်မှုတွေအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ဒီကနေ့နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားတဲ့ အခမ်းအနားမှာ ကာကွယ်ရေး ဝန်ကြီးက တုံ့ပြန်ပြောဆိုလိုက်တာပါ။ ARSA အစွန်းရောက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဆောင်ရွက်နေတဲ့ စစ်ဆင်ရေးတွေအတွင်း ဥပဒေနဲ့အညီ ဆောင်ရွက်နေကြောင်းလည်း ပြောဆိုခဲ့တာပါ။

“လုံးဝချိုးဖောက်တာမရှိပါဘူး ကျနော်တို့ အင်အားသုံးပြီးတော့ မလုပ်ပါဘူး။ ကျနော်တို့ အင်အားကို လိုသလောက်ပဲပေါ့နော် ၊ လိုသလောက်လေးပဲ ထိန်းထိန်းသိမ်းသိမ်း သုံးစွဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တရားဥပဒေနဲ့ ညီတဲ့လူတွေကိုပဲ စောင့်ရှောက်ဖို့ပဲရှိပါတယ်။ တရားဥပဒေနဲ့ မညီတဲ့ အပြစ်ရှိတဲ့လူတွေကိုပဲ ကျနော်တို့က ဥပဒေနဲ့အညီ အရေးယူရမှာ ပဲဖြစ်ပါတယ်။ ကျနေ်ာတို့ အဲဒီမှာ မွတ်ဆလင်ရွာတွေလည်း အများကြီးကျန်ပါတယ်။ သူတို့ကိုလည်း ကျနော်တို့ ကောင်းကောင်း မွန်မွန်စောင့်ရှောက်ပေးနေ ပါတယ်။”

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးနောက်၊ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရသူ ၄ သိန်းကျော်အထိ ရှိနေပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကိုင်တွယ်မှုတွေအပေါ်မှာလည်း ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကတော့ နိုင်ငံတကာမီဒီယာတွေမှာ လွဲမှားတဲ့ တင်ပြမှုတွေဟာလည်း အထင်အမြင်လွဲစရာတွေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

“အဲဒီတော့ ကျနော်တို့ပြောရရင်တော့ ARSA က ဇာတ်လမ်းဆင်တာပေါ့၊ ဇာတ်လမ်းဆင်ပြီးတော့ သူတို့ကလည်းစလည်းလုပ်တယ်။ ပြီးတဲ့အခါကျတော့ သူတို့ကထွက်ပြေးတယ်။ သူတို့ စကားပေါက်တဲ့အခါကျတော့ ကမ္ဘာက ဘယ်လိုထင်သလဲဆိုတော့ သူတို့အပေါ်မှာ သနားတယ်။ အမှန်မှန် သူတို့ သတ်ဖြတ်သွားတဲ့ မြိုတွေ ၊ဒိုင်းနက်တွေ၊ ရခိုင်တွေ သူတို့ တကယ်အသတ်ခံရတဲ့လူတွေကျတော့ မသိဘူးပေါ့။ Ethnic Cleansing လုပ်ခံရတာ ကျနော်တို့ တိုင်းရင်းသားတွေဖြစ်ပါတယ်။ အဲဒါကို သူတို့ကပြောင်းပြန်ပြောတဲ့အခါကျတော့ ကမ္ဘာကပြောင်းပြန်မြင်တယ်။”

ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပြောတဲ့ မိန့်ခွန်းမှာ လည်း နိုင်ငံတကာဘက်က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သတ် လို့ ပြောဆိုချက်တွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တရားဥပဒေအရမညီညွှတ်မှုတွေကိုရှုံ့ချသလို စစ်ဆင်ရေး လုပ်တာမှာ တရားဥပဒေအတိုင်းဆောင်ရွက်ဖို့နဲ့ အပြစ်မဲ့ အရပ်သားတွေအပေါ်ကာကွယ်ဖို့ လုံခြုံရေးတာဝန်ယူသူတွေ ကို မှာကြားထားကြောင်းလည်းပြောဆိုခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်သူတွေကိုလည်း အရေးယူမှာဖြစ်ကြောင်း ကတိပြုခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအပေါ်မှာတော့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂရုံး ပြောခွင့်ရသူ အင်ဒရူး ကဒ်ဝုဒ် ကကြိုဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ ကုလသမဂ္ဂရဲ့ အစိတ်အပိုင်း တခု အနေနဲ့ရော၊ နိုင်ငံ တကာ အသိုင်းအဝိုင်း အနေနဲ့ပါ၊ ဒီကနေ့ မှန်ကန်တဲ့ မိန့်ခွန်းတရပ်ကို ကြားခဲ့ရတာပါ။ ကျွန်တော်တို့ ဆက်ပြီး ဘာတွေလုပ်နိုင်မယ် ဆိုတာကို ကြည့်ရမှာပါ။ တကယ့်ကို အပြုသဘောဆောင်တဲ့ ပြောကြားချက် တခုကတော့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လက်တွဲ ဆောင်ရွက်နိုင်တယ်၊ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင် နိုင်တယ် ဆိုတာပါပဲ။ ကျွန်တော်တို့ကလည်း အပြုသဘောနဲ့ ပါဝင်ဖို့ ဘာလုပ်နိုင်တယ် ဆိုတာ ကြည့်ပါ့မယ်။ရခိုင်ပြည်နယ်မှာ တကယ့်ကို ခက်ခဲတဲ့ လက်ရှိ အခြေအနေက မြေပြင်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို ဘယ်သူမှ တိတိကျကျ မသိရတာပါ။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကနေ ကျွန်တော်တို့ကို ဖိတ်ခေါ်ပြီး အဲဒီနေရာတွေကို ကိုယ်တိုင် သွားပြီး ကြည့်ကြဖို့ - လုံခြုံရေး အခြေနေ ပေးရင် ပေးသလောက် သွားနိုင်တယ်လို့ ပြောတာမို့ ဒါဟာ အပြုသဘော ဆောင်တဲ့ ကြေညာချက် နောက်တခုပါ။”

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းနဲ့ ပတ်သတ်လို့ အခု လိုသုံးသပ်ပါတယ်

“ဒီနေ့ပြောတာကို အချုပ်ကြည့်လိုက်ရင်တော့ သူက အလယ်က ရပ်ပြီးပြောသွားတာ။ တဖက်ဖက်က ဘက်လိုက်ပြီးတော့ ပြောတာမရှိဘူး။ တဖက်ဖက်ကရပ်ပြောတာလည်းမရှိဘူး။ နောက် တဖက်ဖက်ကိုအပြစ်တင်တာလည်းမရှိဘူး။ သူလုပ်နိုင်တဲ့အတိုင်းအတာကို ချပြလိုက်တာ။ တဖက်ဖက်ကလည်း ဘင်္ဂလီတွေက မတရားခံနေရပါတယ် ဆိုတဲ့လူတွေဘက်ကလည်း ကျေနပ်မှာမဟုတ်ဘူး၊ တဖက်က ASAR အကြမ်းဖက်သမားတွေကို ဘယ်လိုခြေမှုန်းမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ဇောင်းပေးချင်တဲ့ လူတွေလည်း ကျေနပ်လောက်မယ်တော့ မရှိဘူး။ ဒါပေမယ့် သူမအနေအထားနဲ့ သူမလုပ်နိုင်တဲ့ဟာတွေကို ချပြတဲ့အတွက်ကြောင့်မို့လို့ ဒေါ်စု စကားပြောရတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံတကာ အစိုးရတွေ သူမကိုထောက်ခံအောင်တော့ စည်းရုံးသိမ်းသွင်းနိုင်မယ်လို့ ယူဆပါတယ်။”

ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပြည်တွင်းလုံခြုံရေး အခြေအနေတွေကြောင့် ဒီနှစ်ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မယ့် အစီအစဉ်ကိုတော့ ဒေါ်အောင်ဆန်းစုကြည် ကပယ်ဖျက်ထားပါတယ်။ အထွေထွေ ညီလာခံကိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဒုတိယသမ္မတ ဟန်နရီ ဗင်ထီယူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေပြီး၊ မနက်ဖြန် ဗုဒ္ဓဟူးနေ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက် ကာကွယ်ရေးဝန်ကြီးပယ်ချ