(Zawgyi / Unicode)
၆ လကြာ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ် မြို့နယ် ၄ ခုကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးဖို့အတွက် လူမှုအဖွဲ့အစည်းတွေကနေ ဆန္ဒပြ လှုပ်ရှားမှုတခုကို ရန်ကုန်မြို့မှာ ပြုလုပ်သွားမယ့်အကြောင်း ဦးဆောင်သူတွေက ပြောပါတယ်။ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသမှာ အမုန်းစကား မပြန့်ပွားအောင် အင်တာနက် ဖြတ်တောက်တယ်ဆိုပေမယ့် ဒီလိုလုပ်ဆောင်ချက်ဟာ မမှန်ကန်ဘူးလို့လည်း ထောက်ပြထားပါတယ်။ ဒါ့အပြင် ပြည်နယ်အတွင်း သတင်းမှန်တွေကို တင်ပြခွင့် ခက်ခဲနေသလို အင်တာနက်ကို အခြေခံပြီး လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေ ထိခိုက်မှု ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်တချို့မှာ အင်တာနက်လိုင်း ဖြတ်တောက်ထားတဲ့အတွက် လူထုနစ်နာမှုတွေ ရှိနေလို့ ပြန်ဖွင့်ပေးဖို့ တောင်းဆိုတာ ဖြစ်တဲ့အကြောင်း ဆန္ဒပြပွဲ ဦးဆောင်ပြုလုပ်မယ့် အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကဗျာဆရာ မောင်ဆောင်းခက အခုလိုပြောပါတယ်။
“အဓိကကတော့ ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှုကို ပထမဦးဆုံး သူတို့ ၉ မြို့နယ်ကို လုပ်ခဲ့တယ်။ ပြီးတော့ ၅ မြို့နယ်ကို ပြန်ပြီးတော့ အင်တာနက် ပြန်ဖွင့်ပေးခဲ့တယ်။ ဒါပေမယ့် ၄ မြို့နယ်ကို ဆက်ချန်ထားတာကိုတော့ ကျနော်တို့ တွေ့ရတယ်။ အဲဒီ ၄ မြို့နယ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က အင်တာနက် ပြန်ပေးဖို့။ အင်တာနက်ရရှိမှုဟာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတဲ့ အကြောင်းရယ် အထူးသဖြင့် ဒီလိုမျိုး ပဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသမှာ အင်တာနက် မရရှိခြင်းဟာ၊ အင်တာနက် ဖြတ်တောက်ထားခြင်းဟာ လူထုရဲ့ ထိခိုက်နစ်နာမှု ဘယ်လောက်ကြီးမားတယ် ဆိုတဲ့အကြောင်းကို ကမ်ပိန်းလုပ်ရင်းနဲ့ အစိုးရကိုလည်း အင်တာနက် အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ တောင်းဆိုရင်းနဲ့ ဒီလှုပ်ရှားမှုကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။”
အစိုးရအနေနဲ့ နိုင်ငံတော်လုံခြုံရေးအတွက်နဲ့ အမုန်းတရားစကား မပြန့်ပွားအောင် အင်တာနက် ဖြတ်တောက်မှုကို လုပ်ဆောင်တာလို့ ဆိုပေမယ့် ဒီလိုလုပ်ဆောင်ချက်ဟာ မမှန်ကန်ဘူးလို့ မောင်ဆောင်းခက ဆက်ပြောပါတယ်။
“အင်တာနက် ဖြတ်တောက်မှုဟာ အမုန်းစကားတွေကြောင့်လို့ ပြောခြင်းဟာ အဲဒီ ရခိုင်ပြည်နယ်က ၄ မြို့နယ်က လူတွေဟာ အမုန်းစကား ဖြန့်ဝေနေတဲ့လူတွေလို့ တိုက်ရိုက်စွပ်စွဲလိုက်သလို ဖြစ်နေတယ်။ အမှန်က အမုန်းစကားတွေရဲ့ လားရာကို ကြည့်တဲ့အခါမှာ ရခိုင်တပြည်နယ်တည်း မဟုတ်ဘဲ မြန်မာတပြည်လုံးမှာရှိတဲ့ ဒီ အကောင့်အတု အကောင့်ပုန်းများစွာ အခြားနိုင်ငံက ဆာဗာတွေနဲ့ ဖွင့်ထားပြီးတော့ ပြောနေတဲ့ အမုန်းစကား အကောင့်တု အများကြီးရှိနေတာ တွေ့ရတယ်။ ဒီအကြောင်းပြချက်ဟာ မှန်ကန်နေတယ်လို့ ကျနော်တို့ မမြင်ဘူး။ အမုန်းစကားတွေ ကျနော်တို့ ပြောတဲ့အခါမှာ ဘယ်တော့မှ ကျနော်တို့ တဖက်တည်းကြည့်လို့ မရဘူး။ ဆိုတော့ ဒီဘက်ကလူတွေ ပြောနေတာ အများကြီးရှိတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်က လူထုအပေါ်မှာ ထိုးစစ်တွေဆင်ဖို့ နောက်တခုက အပြတ်ချေမှုန်းဖို့ စသည်ဖြင့် ဒါက အမုန်းစကားထက်တောင် ပိုပါတယ်။”
ဒီလူထုလှုပ်ရှားမှုကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ လူ့အခွင့်အရေး လှုပ်ရှားသူ လူငယ်တွေကနေ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး အင်တာနက် ဖြတ်တောက်ခြင်းကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲ ဆိုးကျိုးတွေကို ဟောပြောသွားမယ်လို့ သူကဆိုပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် (AA) တို့ တနှစ်တင်းတင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တို့ကို ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်း အသုံးပြုမှု ဖြတ်တောက်ခဲ့ပါတယ်။
ဒီအထဲက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တို့မှာ စက်တင်ဘာလ ၁ ရက်နေ့က အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးခဲ့ပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ လက်ရှိအချိန်ထိ အင်တာနက်လိုင်း ဖြတ်တောက်ခြင်း ခံထားရဆဲ ဖြစ်ပါတယ်။
ပဋိပက္ခဖြစ်စဉ်အတွင်း အင်တာနက်လိုင်း အသုံးပြုမှု ဖြတ်တောက်ခံထားရတဲ့အတွက် ပြည်သူထံ သတင်းမှန်ဖြန့်ဝေမှုအခွင့် ဆုံးရှုံးခဲ့သလို ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုခံနေရတယ်လို့ ကျောက်တော်မြို့ အမှန်တရားနဲ့ ရှုထောင့်မှုခင်းသတင်းဌာနက သတင်းထောက် ကိုကျော်လှမြင့်က ပြောပါတယ်။
“ကျနော်တို့နေရာမှာ ဒီလို အင်တာနက် ဖြတ်တောက်လိုက်ခြင်းအားဖြင့် ဒီတရားဥပဒေစိုးမိုးမှု အားနည်းသွားတယ်။ အမှန်တကယ် ပြည်သူလူထုရဲ့ ဥပဒေမဲ့လုပ်ရပ် ညှဉ်းပန်းနှိပ်စက်မှုတွေက ပိုလို့ တိုးများ တိုးပွားလာတယ်ပေါ့။ ကျနော်တို့ လက်ရှိ မြေပြင်အခြေအနေက ဖြစ်ပျက်နေတဲ့ဟာကို အချိန်နဲ့တပြေးညီ တင်ခွင့်မရတဲ့အတွက် ပြဿနာတွေက ပိုပြီးတော့ ကြီးထွားလာတာ တွေ့တယ်။ ပြီးတော့ နိုင်ငံသားတဦးရဲ့ အခွင့်အရေး ဆုံးရှုံးမှု များနေပြီ။”
ဒါ့အပြင် အင်တာနက်ကို အခြေခံပြီး လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေ ထိခိုက်မှုရှိနေတယ်လို့ မြောက်ဦးမြို့ အသေးစား ငွေလွှဲလုပ်ငန်းရှင်တဦးက ဆိုပါတယ်။
“အင်တာနက်လိုင်း ဖြတ်ထားတဲ့မြို့တွေက အဓိကက Wave Money လုပ်တဲ့လူတွေပေါ့။ အွန်လိုင်းရှိုးလုပ်တဲ့လူတွေ အွန်လိုင်းကနေ ဈေးရောင်းတဲ့လူတွေ တချို့ဆို ပစ္စည်းမှာတဲ့ လူတွေကျတော့ တအားကို ဒုက္ခရောက်တာပေါ့။ တချို့ ယန္တရားပစ္စည်း ရောင်းတဲ့လူကျတော့ ဓာတ်ပုံတွေပို့ပြီးမှ အလုပ်လုပ်ရတာကိုး။ အဲဒီလူတွေ တော်တော် အခက်အခဲ ရောက်တာပေါ့နော်။”
ရခိုင်မြို့နယ် လေးခုကို အင်တာနက်လိုင်းနဲ့ ဆက်သွယ်ရေးလိုင်းတွေ ကောင်းမွန်အောင် အမြန်ဆုံး ဆောင်ရွက်ပေးဖို့အတွက် လူ့အခွင့်အရေးလှုပ်ရှားသူ လူငယ်အဖွဲ့အစည်း ၁၉ ဖွဲ့က လက်မှတ်ရေးထိုးပြီး မနေ့က ထုတ်ပြန်တောင်းဆိုခဲ့သလို ကုလသမဂ္ဂအဖွဲ့ အပါအဝင် နိုင်ငံတကာတွေကနေ ဝေဖန်ရှုတ်ချမှုတွေ ရှိနေပေမယ့် မြန်မာအစိုးရအနေနဲ့ ယနေ့အချိန်ထိ အဲဒီမြို့နယ်တွေမှာ မိုဘိုင်းအင်တာနက် ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးမှု မရှိသေးတာကို တွေ့ရတယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးပြင်းထန်စွာ ဖြစ်ပွားနေတာ တနှစ်ပြည့်ပြီးဖြစ်သလို ဒီစစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု၊ အဖမ်းဆီးခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေပေမယ့် အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် သတင်းဖြစ်စဉ်တွေကို အချိန်နဲ့တပြေးညီ မတင်ပြနိုင်တဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့လည်း ရခိုင်သတင်းအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
-----------------------------------
(Unicode)
Your browser doesn’t support HTML5