ဒေသမတည်ငြိမ်မှုကြောင့် ရခိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ လုံခြုံရေး စိုးရိမ်

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခအရှိန်မြင့်နေတဲ့ အခြေအနေကြောင့် တာဝန်က နုတ်ထွက်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအရေအတွက် ပိုတိုးလာနေပါတယ်။ အဓိကအားဖြင့် လုံခြုံရေးပိုင်း စိုးရိမ်မှုတွေ ကြောင့်ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာပဲ အရပ်သားတဦး လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သံသယဝင် ထင်မြင်ချက်တွေလည်း ရှိနေပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ရခိုင် လက်နက်ကိုင် AA အဖွဲ့တို့တိုက်ပွဲဖြစ်စဉ်တွေကြောင့် အရပ်သားတွေကြားမှာသာမက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ကြားမှာလည်း လုံခြုံရေးအရ စိုးရိမ်စရာလာကြတာပါ။

လက်ရှိပဋိပက္ခကာလအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့လုံခြုံရေးအတွက် အုပ်ချုပ်ရေး ယန္တရားကနေ အကာအကွယ်မပေး နိုင်ရင် နုတ်ထွက်သွားဖို့ စီစဉ်နေတယ်လို့ကျောက်တော်မြို့နယ် ပြောင်းဆိပ်ရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှက ဗွီအိုအေကို ပြောပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာတော့ ကျွန်တော်တို့ကျောက်တော်မြို့နယ်ကနေ တောင်မင်းကျေးရွာ အုပ်ချုပ်ရေးမှူး တယောက်တော့ (၁၉) ရက်နေ့ စနေနေ့ညနေ (၇) နာရီခွဲလောက်တော့ ပျောက်နေတယ်လို့သိရတယ်ခင်ဗျ။ ကျွန်တော်တို့ အုပ်ချုပ်ရေးမှူး တွေကို ပြီးခဲ့တဲ့ဟိုအပတ်ကလဲ ကျွန်တော်တို့ရခိုင်ပြည်နယ်အတွင်းမှာဟိုဖက်က မြို့နယ်မှာအုပ်ချုပ်ရေးမှူးတွေကို အဖမ်းဆီး ခံနေတာရှိနေတယ်။ ကျွန်တော်တို့ဖက်ကလဲ အခုလိုဖြစ်လာပြီဆိုတော့ စိုးရိမ်ကြတာပေါ့နော်။ ကျွန်တော်တို့က နိုင်ငံရေးသမား လည်းမဟုတ်ဘူး။ ကျွန်တော်တို့လုပ်တဲ့အလုပ်က နိုင်ငံရေးနဲ့ ဆက်နွယ်နေရင်လဲ ကျွန်တော်တို့အဲဟာကို အပြောင်းအလဲ ကာလတခုမှာ ကိုယ့်ရပ်ကိုယ့်ရွာကိုယ့်ဒေသတခုအ တွက် ဘယ်လိုအကျိုးပြုနိုင်မလဲဆိုပြီးတော့ တဦးချင်း တယောက်ချင်း အနေနဲ့တက်လာတာ။ အခုလိုအုပ်ချုပ်ရေးမှူးတွေ အဖမ်းဆီးခံရတာတို့ အကြောင်းအမျိုးမျိုးခံလာကြတော့စိုးရိမ်လာကြတာပေါ့။ ကျွန်တော်တို့အချင်းချင်း ဆွေးနွေးကြတာပေါ့။ ကျွန်တော်တို့ဒီအုပ်ချုပ်ရေးယန္တရားကနေ ဘယ်သူမှအာမခံချက်မပေးရင် ကျွန်တော်တို့နှုတ် ထွက်ပြီးတော့ ကိုယ့်ဟာကိုဘဲပြန်ပြီးတော့ အေးအေးဆေးဆေးနေ ကြမလား ဆိုပြီးတော့ ဆွေးနွေးဖြစ် ကြတယ်။ ဒီနေ့တွေ့ဖြစ်တဲ့အုပ်ချုပ်ရေးမှူးအယောက်သုံး လေးဆယ်လောက်က ဘယ်လိုအကြောင်းဘဲဖြစ်ဖြစ်ပေါ့ဗျာ ကျွန် တော်တို့ကို တာဝန်ယူမှု တာဝန်ခံမှုအစိုးရတရပ်ကနေပြီးတော့ မလုပ်ပေးရင်တော့ကျွန်တော်တို့ အုပ်ချုပ်ရေးမှူး ကိုဆက်မလုပ်တော့ဘဲ ကျွန်တော်တို့နှုတ်ထွက်စာတင်ကြမယ်ဆိုပြီးတော့ ကျွန်တော်တို့တယောက်နဲ့ တယောက်တော့ပြောခဲ့တာတွေရှိပါတယ်။”

မနေ့ကကျောက်တော်မြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူး(၃၀)ကျော် ညှိနှိုင်းတွေ့ဆုံခဲ့အပြီး အဲဒီလို ဆုံးဖြတ်ခဲ့ကြတာပါ။

ဒီအတောအတွင်းမှာပဲ ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့တိုက်ပွဲဖြစ်ပွါးရာ ကြိမ်သာကျေးရွာအနီးက ခြံသမားနှစ်ဦးဖြစ်တဲ့ ဦးစိန်ဦးနှင့် ဦးစိန်သာကျော်တို့နှစ်ဦးကိုမတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ တရားစွဲထားတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေကပြောပါတယ်။

“ရသေ့တောင်မြို့နယ်ရဲစခမ်းကိုရောက်ရှိပါတယ်။ အဲဒီနှစ်ယောက်ကပေါ့နော်။ မြို့နယ်တရားရုံးကိုတင်ပါတယ်။ ကျွန်မတို့ သွားတွေ့ပါတယ်။ အမှုကတော့ဥပဒေပုဒ်မ၁၇/၁ပေါ့နော်။ အဲတာနဲ့စွဲထားပါတယ်လောလောဆယ်မှာ။ အခုတရားသူကြီးကတော့ရမန်ကို ဇန္နဝါရီ(၃၁)ရက်ကိုချိန်းလိုက်ပါတယ်ရှင့်။”

ရသေ့တောင်မြို့နယ်အတွင်းမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူး(၃၀)ခန့် နုတ်ထွက်စာ တင်ထားတယ်လို့ သူက ဆိုပါတယ်။

နှစ်ဖက်စစ်တပ်လှုပ်ရှားရာနယ်မြေဒေသမှာ AA တပ်နဲ့ ဆက်သွယ်တယ် ဆိုပြီး ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် နှစ်ဦးကို တပ်မတော်ကနေ ဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ တရားစွဲဆိုထားပါတယ်။

မနေ့က အင်္ဂါနေ့ညပိုင်းမှာတော့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာသားတဦးကို အမည်မသိ သေနတ်သမားတဦးက လုပ်ကြံ သတ်ဖြတ်သွားတယ်လို့ မင်းပြားမြို့ ကျန်းရိပ်ကရုဏာဖောင်ဒေးရှင်းတာဝန်ခံဦးသိန်းထွန်းက ပြောပါ တယ်။

“ပန်းမြောင်းရွာမှာပေါ့နော်။ အဲဒီမှာပစ်သတ်ခံရတဲ့သူက ဦးမောင်အေးသိန်း။ ပစ်သတ်ခြင်းဟာက သေနတ်နဲ့(၅) ချက်။ သူက လာပစ်သွားတယ်။ ပစ်ပြီးထွက်ပြေးသွားတယ်။ ကျည်ဆံတွေကတော့ကျန်ခဲ့တယ်လို့ပြောပြောတယ်။ ပစ်သတ်ခံရတဲ့ အကြောင်း အရင်းကတော့ ဘာကြောင့်ရယ်ဆိုတာကိုမသိသေးဘူး။ သတင်းတွေကတော့ သူတမျိုး ကိုယ်တမျိုး ထွက်နေကြတာပေါ့နော်။”

ပစ်ခတ်သွားတဲ့ကျည်ဆံအမျိုးအစားမှာ ၉ မမ ပစ္စတို ကျည်ဆံအမျိုးအစားဖြစ်ပြီး သေဆုံးသူ ဦးမောင်အေးသိန်း အလောင်းက ပန်းမြောင်းဆေးရုံမှာရောက်ရှိနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

ဒီလုပ်ကြံသတ်ဖြတ်ခံရမှုမှာ ဒီနှစ်သစ်ကူးရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ယာဉ်တန်း မိုင်းခွဲခံရတဲ့ ဖြစ်စဉ် နဲ့ ဆက်စပ်နေတယ်လို့သံသယရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့နဲ့နီးစပ်သူ ဒေသခံတဦးကပြောပါတယ်။

“အဲဒီဟာက နှုတ်ပိတ်လိုက်တာကိုဗျ။ မကြာသေးခင်က မင်းပြား မြောက်ဦးကြားမှာ ဝန်ကြီးချုပ်ယာဉ်တန်းမိုင်းဆွဲ ခံရတယ်မဟုတ်လား။ အဲဒီကိစ္စနဲ့ နုတ်ပိတ်လိုက်တာလို့ပြောတယ်။ အဲဒီတုန်းကမိုင်းထောင်သူကို နွားကျောင်းသားနှစ်ဦး က မြင်လိုက်တယ်လို့ အဲဒီနွားကျောင်းသားနှစ်ဦး ကရွာမှာပြောတယ်။ အဲဒီက တဆင့်အစိုးရဆီမှာ သူတို့ကိုယ်တိုင် သက်သေ ထွက်ဆိုပေးမယ်ဆိုပြီးလေ။ အဲတာကြောင့် တရားရုံးမှာ ထွက်ဆိုချက်တွေမပေးခင် နှုတ်ပိတ်လိုက်တာ။”

ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ မင်းပြားမြို့နယ် ရဲတပ်ဖွဲ့မှူး ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ဇန်ဝါရီလ (၁) ရက်နေ့တုန်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဒေသဖွံ့ဖြိုးရေး ခရီးစဉ် ကားတန်းဟာ မင်းပြား နဲ့ မြောက်ဦးမြို့နယ်အစပ် လောင်းကြက် နဲ့ နန်းကျကျေးရွာ အကြား မြောင်းဘွေတံတားအနီး ဖြတ်သွားချိန် မိုင်း(၃)လုံး ပေါက် ကွဲခဲ့တာပါ။ အဲဒီဖြစ်စဉ်မှာ ထိခိုက် ဒဏ်ရာရ သေဆုံးသူ တဦးမှ မရှိခဲ့ပါဘူး။

AA အဖွဲ့အနေနဲ့ ကျေးရွာတွေအတွင်း ပုံဖျက်စိမ့်ဝင် လှုပ်ရှား မှုတွေ မရှိစေရေးအတွက် နယ်မြေလုံခြုံရေး လုပ်ငန်းတွေကို တပ်မတော်က ဆက်လက် ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

AA အဖွဲ့အတွက် ဆက်ကြေးကောက်ခံပေးတာ၊ လုံခြုံရေး တပ်ဖွဲ့ ဝင်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်သတင်း ပေးပို့တာတွေ စစ်ဆေးမေးမြန်း ဖော်ထုတ် သိရှိရလို့ တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် လုပ်ထုံးလုပ် နည်းနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်နေတယ်လို့ ဇန်နဝါရီလ (၁၆) ရက်နေ့မှာ တပ်မတော်ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ဒေသမတည်ငြိမ်မှုကြောင့် ရခိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ လုံခြုံရေး စိုးရိမ်