ရခိုင်ဒုက္ခသည်တွေလုံခြုံရေးအာမခံချက်ရှိရေး လွှတ်တော်မှာဆွေးနွေးဖို့ တင်ပြမည်

ရခိုင်မြောက်ပိုင်းလုံခြုံရေးတပ်များ တာဝန်ယူနေစဉ်

ရခိုင်မြောက်ပိုင်းဘက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တကျော့ပြန်ဖြစ်မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး အတော်လေး စိုးရိမ်နေကြတဲ့အတွက် ရခိုင်ပြည်နယ် လုံခြုံရေးအစီအမံတွေ စနစ်တကျဆောင်ရွက်ပေးဖို့ ဒီသီတင်းပတ်ထဲ လွှတ်တော်မှာ အဆိုတင်သွင်း ဆွေးနွေးကြဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် ရသေ့တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ အဓိကက ဒေသခံပြည်သူတွေအတွက် အသက်အန္တရာယ်လုံခြုံရေးနဲ့ နေ့စဉ်လုပ်ကိုင်နေရတဲ့ အသက်မွေးလုပ်ငန်းတွေဖြစ်တဲ့ ငါးဖမ်းလုပ်ငန်း နဲ့ လယ်ယာလုပ်ငန်းခွင်တွေအတွက်လည်း လုံခြုံမှုရှိအောင်ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသုူတွေ၊ ရခိုင်ပြည်နယ် အစိုးရနဲ့ ပြည်ထောင်စုအစိုးရကို ဒေသခံတွေက တောင်းဆိုပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဘက်မှာ ဆူပူအကြမ်းဖက်မှုတွေ ပြန်ဖြစ်နိုင်ခြေရှိတဲ့အတွက် လုံခြုံရေးအစီမံတွေကို ကြိုတင်ပြင်ဆင်နေကြရတယ်ဆိုတာကို ဒေသခံအာဏာပိုင်တွေဘက်က သိခဲ့တဲ့အကြောင်း အဲ့ဒီ့ဒေသတွေဆီကို သတင်းသွားရောက်ယူခဲ့တဲ့ မြန်မာသတင်းမီဒီယာကောင်စီက ဇန်နဝါရီ ၁၁ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားတာပါ။

ရခိုင်မြောက်ပိုင်းဘက်မှာ အကြမ်းဖက်တိုက်ခိုက်မှု တကျော့ပြန်ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းစကားတွေ ပျံ့နှံ့နေတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်နေကြတဲ့ အကြောင်း ရခိုင်ပြည်နယ်တွင်း လူထုနဲ့ထိတွေ့ပြီး လိုအပ်တာတွေ ကွင်းဆင်းဆောင်ရွက်နေတဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပြပါတယ်။

" ချောင်းတွေ တောတွေ တောင်တွေကို ငါးရှာထွက်ရတယ် ကိုယ့်ရဲ့ ဝမ်းစာအတွက်ပေါ့နော်။ အဲ့ဒီ့အချိန်မှာ အကြမ်းဖက်တွေကလည်း အချိန်မရွေး ဝင်ရောက်ပြီးတော့ သူတို့အကြမ်းဖက်မှုတွေ လုပ်မယ်ဆိုပြီးတော့ သတင်းထွက်တာတွေလည်း ရှိပါတယ်။ အဲ့ဒီ့အတွက်ကြောင့် အခုဆိုလို့ရှိရင် ဒေသခံတိုင်းရင်းသားတွေက စိုးရိမ်ထိတ်လန့်စွာနဲ့ နေထိုင်နေရတယ်ပေါ့။ နောက်ပြီး ပြဿနာတွေက အရင်တုန်းကလိုပဲ မဖြစ်လာနိုင်ဘူးလို့လည်း မပြောနိုင်ဘူး အဲ့ဒီ့အတွက်ကြောင့် အခုလက်ရှိနေထိုင်တဲ့တိုင်းရင်းသားတွေကို လုံခြုံမှုတွေ ပေးဖို့ အထူးလိုအပ်တယ်။ သူတို့အတွက် လုံခြုံမှု လိုအပ်ရင်လည်း အန်တီတို့အနေနဲ့ တိုးပြီးတော့ တောင်းပေးဖို့တွေလည်းရှိပါတယ်။"

ဒါကြောင့် မကြာခင်ရက်ပိုင်းမှာ စတင်မယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း စနစ်ကျပြီး ခိုင်မာတဲ့ လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ပေးနိုင်ရေး တင်သွင်းထားတဲ့အဆိုကို အဓိက ဆွေးနွေးကြဖို့ရှိတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောပါတယ်။

" အခုဒီလွှတ်တော်က ၁၅ရက်နေ့ ခေါ်ထားပါပြီ။ အဲ့ဒီ့အတွက်ကြောင့် လွှတ်တော်မှာ အဲ့ဒီ့အဆိုတက်လာဖို့ရှိပါတယ်။ အဓိက က ရခိုင်တိုင်းရင်းသားများ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု အတွက် အင်မတန်အရေးကြီးပါတယ်။ အဲ့ဒီ့အတွက်ကြောင့် ဒီလုံခြုံရေးကိုလည်း အထူးအရေးထား ကြည့်ပေးဖို့ကိုလည်း တောင်းဆိုဖို့ အဲ့ဒီ့လွှတ်တော်မှာ ဆွေးနွေးခွင့်ရတဲ့အခါလည်း ကိုယ်စားလှယ်တွေ နောက် ရခိုင်ပြည်နယ်က ပြည်သူ့ကိုယ်စားလှယ်တွေ ဝင်ရောက်ဆွေးနွေးဖို့ စီစဉ်ထားမှုတွေ ရှိပါတယ်။"

အလားတူပဲ ရခိုင်ပြည်နယ်လွှတ်တော်မှာလည်း ရခိုင်ပြည်နယ် လုံခြုံရေး အပါအဝင် ဒုက္ခသည်တွေ ပြန်လည်လက်ခံနေရာချထားရေးနဲ့ ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ရှိနေပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးက ANP ပါတီ ဒုဥက္ကဋ္ဌ ဦးထွန်းသာစိန်ကလည်း ရခိုင်ပြည်နယ်တွင်း အထူးသဖြင့် လယ်ယာလုပ်ငန်းခွင်တွေ ငါးဖမ်းလုပ်ငန်းခွင်တွေနဲ့ နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့ ဒေသခံတွေအတွက် စိုးရိမ်မှုကင်းတဲ့ လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ပေးဖို့ ရခိုင်ပြည်နယ်အစိုးရနဲ့ ရခိုင်လွှတ်တော် နောက် ပြည်ထောင်စုအစိုးရကို တောင်းဆိုလိုပါတယ်လို့ ပြောပါတယ်။

"ဒေသခံတွေအတွက်တော့ လုပ်ငန်းခွင်လုံခြုံရေး က တော်တော်လေးတော့ ခက်ခဲတယ်ပေါ့နော် ဖားရှာ ငါးရှာ လိပ်ရှာ မျှစ်ချိုး အဲ့လိုမျိုးအတွက် လုံခြုံရေး လိုက်ပေးရမယ်ဆိုရင်တော့ တော်တော်ဆိုးဝါးတယ်ပေါ့ မဖြစ်နိုင်ဘူးပေါ့။ ဌာနေတိုင်းရင်းသားတွေအတွက် ပြည်သူ့စစ်သဘောမျိုး ထားပေးထားသင့်တယ်လို့ ကျနော့်ကတော့မြင်ပါတယ်။"

ဘူးသီးတောင် မောင်တောဒေသတွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရသလို ဆရာ ဆရာမအခက်ခဲတွေရှိနေသလို အခုချိန်ထိလည်း လုံခြုံမှုစိုးရိမ်နေကြဆဲအခြေအနေအပေါ် အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ နဲ့ ပညာရေးမှူးတွေ ကျောင်းအုပ်တွေ ဆရာ၊ ဆရာမတွေနဲ့တွေ့ဆုံပြီးလည်း စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိအောင် လုံခြုံရေးတာဝန်ရှိသူတွေ စီစဉ်ဆောင်ရွက်ပေးဖို့ဆွေးနွေးနေကြပါတယ်။

မကြာခင်သီတင်းပတ်အတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေအတွက် ပြန်လည်လက်ခံရေးပြင်ဆင်နေသလိုပဲ ပြန်လည်စိစစ်လက်ခံရေးစခန်း ၃ခုဖြစ်တဲ့ တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင် ကြားစခန်း ၃ ခု ဖွင့်လှစ်ပြီးလည်း တိုင်းရင်းသား များ၊ ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များအား ပြန်လည် နေရာ ချထားနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စု စီမံကိန်း (UEHRD) က သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ရခိုင်ဒုက္ခသည်တွေလုံခြုံရေးအာမခံချက်ရှိရေး လွှတ်တော်မှာဆွေးနွေးဖို့ တင်ပြမည်