အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ အစိုးရ အဖွဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့မှာ အရေးကြီးဆုံး နေရာတခု ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးနေရာကို အထက်လွှတ်တော် အမတ် အဖြစ် နိုင်ငံခြားရေးရာနဲ့ ထောက်လှမ်းရေး လွှတ်တော် ကော်မတီတွေ မှာ တာဝန်ယူခဲ့ဖူးတဲ့ အတွေ့အကြုံရှိသူ မာကိုရူဘီယို (Marcho Rubio) ကို ရွေးချယ်လိုက်ပါတယ်။ တရုတ်နိုင်ငံ အပေါ် သဘောတင်းမာသူ China Hawk အဖြစ် ထင်ရှားသူ ရူဘီယိုဟာ မြန်မာ့အရေးကိုလည်း သိသူ ဖြစ်လို့ မြန်မာအရေး လှုံဆော်နေကြတဲ့ အမေရိကန်-မြန်မာ အသိုက်အဝန်းကတော့ ဒီ ရွေးချယ်မှုကို ကြိုဆိုလိုက်ပေမယ့် ထရမ့် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒါကိုတော့ မေးခွန်းထုတ်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
မာကိုရူဘီယိုဟာ အမေရိကန်ရဲ့ ရန်ဘက်တွေကို အလျှော့မပေးတမ်း အကြောက်တရားကင်းမဲ့ ဆက်ဆံလေ့ရှိတဲ့သူ ဆိုပြီး ရွေးကောက်ခံ သမ္မတ ထရမ့်က ညွှန်းဆိုခဲ့တာပါ။ သူဟာ အမေရိကန်ရဲ့ ပထဝီဝင်နိုင်ငံရေး အရ ပြိုင်ဘက် နိုင်ငံတွေကို ခိုင်မာ ပြင်းထန်တဲ့ နိုင်ငံခြားရေး မူဝါဒါနဲ့ ချဥ်းကပ်ဖို့ အရင်က လှုံဆော်ခဲ့သူပါ။ နောက်ပိုင်းမှာတော့ ထရမ့်ရဲ့ “အမေရိကန်သာ ပထမဦးစားပေး” ဆိုတဲ့ မူဝါဒဘက် ပြောင်းလဲလာသူ အဖြစ် လေ့လာသူတွေက ရှုမြင်ထားကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းစကတည်းက ပါတီနှစ်ရပ်လုံးက လွှတ်တော် အမတ်တွေနဲ့ အတူ မြန်မာ့အရေး စာ ၄ စောင် ထုတ်ပြန်တာမှာ သူ ပါဖူးသလို ၂၀၂၀ ခုနှစ် ကတည်းက မြန်မာ့ ရွေးကောက်ပွဲ မှန်မှန်ကန်ကန် ထောက်ပံ့ဖို့ အရေးလည်း စာထုတ်ပြန်တာမှာ ပါဖူးသူ ဖြစ်လို့ မာကိုရူဘီယို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမှာက ကြိုဆိုသင့်တယ်လို့ အမေရိကန် အစိုးရအဖွဲ့ လွှတ်တော်ကို မြန်မာ့အရေး လှုံ့ဆော်နေတဲ့ ဂျိမ်းရွှေက ဗွီအိုအေကို ပြောပါတယ်။
“သူက ထရမ့်ရဲ့ ဝန်ကြီး အဖွဲ့ ကက်ဘိနက် ထဲမှာ ဗမာပြည် အကြောင်းအသိဆုံးလောက် ဖြစ်မယ်ထင်တယ်။ ဗမာပြည် အကြောင်း ရင်းနှီးတဲ့ သူ တယောက်ပါတယ် ဆိုတော့ သူ့ကို ဒို့တတွေ သဘောကျရမှာပေါ့နော်။ သူ့စာတွေ အရ မြန်မာပြည်မှာ ဒီမိုကရေစီ ပြန်ရအောင် ဘယ်လို လုပ်သင့်လဲ ဆိုတာ အကြံပေးတဲ့ ဥစ္စတွေဘာတွေပါတယ်လေ။ ပြီးတော့ မှ အထောက်အပံ့ ပေးတဲ့ ဥစ္စာကိုလည်း ပိုထိရောက်အောင် လုပ်ဖို့တို့ဘာတို့။ အဲ့ဒါတွေတော့ အကုန်လုံးတော့ သဘောကျပါတယ်။ ရိုဟင်ဂျာ အရေးကိုလည်း Genocide [လူမျိုးတုံးသတ်ဖြတ်မှု] အဖြစ် သတ်မှတ်ဖို့လည်း ထောက်ခံစာ ရေးဖူးတယ်။”
သူ့ရဲ့ ရုံး အဖွဲ့အနေနဲ့လည်း constituent meeting လို့ခေါ်တဲ့ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံမှုအနေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေကို လက်ခံတွေ့ဆုံတာတွေ လုပ်ဖူးတယ်လို့ ဂျိမ်းရွှေက ပြောပါတယ်။
ABSDF ကျောင်းသားတပ်မတော် အဖွဲ့ဝင်လည်း ဖြစ်၊ လက်ရှိ မြန်မာ့အရေး ဆောင်ရွက်နေသူလည်း ဖြစ်တဲ့ ဦးကိုကိုလေးကလည်း ဒီခန့်အပ်မှုအပေါ် ကြိုဆိုတဲ့ အမြင် ရှိပါတယ်။
“ကျနော်ကတော့ အကောင်းပဲ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆီးနိတ်တာက ဗမာပြည် အကြောင်းကို သေသေချာချာ ထဲထဲဝင်ဝင် လေ့လာထားတဲ့ သူလည်း ဖြစ်တယ်။ သူက နိုင်ငံခြားရေး မူဝါဒ အဖြစ် ဗမာပြည်ငြိမ်းချမ်းစွာနဲ့ ကြွယ်ဝ ချမ်းသာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာဖို့ အတွက်ကို အဲဓိကကတော့ သူက ငြိမ်းချမ်းရေးကိုလိုလားတယ်။ သူက အခုမှ ဗမာပြည် အကြောင်း ပြောတာ မဟုတ်ဘူး။ ၂၀၁၁ ခုနှစ်ကတည်း ဗမာပြည်မှာ ချင်းတို့၊ ကချင်တို့နဲ့ ရိုဟင်ဂျာ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အပစ်အခတ်တွေ ရပ်စဲဖို့ တိုက်တွန်းခဲ့သူ ဖြစ်တယ်။ သူက ငြိမ်းချမ်းရေးကို ဦးတည်တယ်။ စာတွေ ရေးပြီးတော့ အိုဘားမား အစိုးရအဖွဲ့ကို ဖိအားတွေ ပေးခဲ့တယ်။ အဲဒီ အပြင် ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်မှာလည်း အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။”
SEE ALSO: Marco Rubio ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထရမ့်ရွေးချယ်တဘက်မှာလည်း ရူဘီယိုဟာ တချိန်က ပြိုင်ဘက် ဖြစ်ခဲ့တဲ့ သမ္မတ ထရမ့်ရဲ့ အစိုးရ အဖွဲ့ဝင် အဖြစ် လှုပ်ရှား ဆောင်ရွက်ရမှာ ဖြစ်လို့ အခက်အခဲတွေ ရှိနိုင်တယ်လို့ စိုးရိမ်ချက်သူတွေလည်း ရှိပါတယ်။ အဲ့ထဲမှာ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက်ပြီး မြန်မာ-အမေရိကန်တွေ အတွက် မြန်မာသတင်းစာ ထုတ်ဝေနေသူ သခင်ခိုင်ဘွားလည်း ပါပါတယ်။
“အထက်လွှတ်တော် အမတ် ဆိုတာက သူ့ဘာသာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပေမယ့် အခုလိုမျိုး ကက်ဘိနက် [အစိုးရ အဖွဲ့] ထဲ ရောက်ပြီဆိုရင်တော့ သမ္မတရဲ့ မူဝါဒကို အကောင်အထည်ဖော်ရတာ ဆိုတော့ သမ္မတရဲ့ မူဝါဒကို ပြန်ကြည့်ရင် နေတိုး အဖွဲ့မှာတောင်မှ နေတိုးရဲ့ ကာကွယ်ရေး အသုံးစရိတ်တွေ တန်ရာတန်ကြေး ကိုယ့်ကိုယ်တာကို ပေးပါ၊ မပေးရင် မကာကွယ်ပေးနိုင်ဘူးလို့ သမ္မတ ထရမ့်က ပြောဖူးပါတယ်။ အဲ့လို ပြောလို့လည်း တောင်ကိုရီးယားဆိုရင် နောက်ဆုံး ဘတ်ဂျက် ၂၀၂၅ မှာ ဆိုရင် ကာကွယ်စရိတ်ကို တိုးပြီးတော့ အမေရိကန်ကို ပေးဖို့ လုပ်ရပါတယ်။ အဲ့အတိုင်းပဲ ထိုင်ဝမ်လည်း လုပ်ရပါတယ်။ ဂျပန်လည်း လုပ်ရပါတယ်။ သူတို့ကို အကာအကွယ်ပေးဖို့ ဆိုရင် တန်ရာတန်ကြေးပေးမှာ ကာကွယ်ပေးဖို့လို့ နားလည်ထားလို့ သူတို့ ပြင်ဆင်တာပေါ့နော်။ ဗမာပြည် အနေနဲ့ကြည့်ရင် ဗမာပြည်က ဘာပေးနိုင်လဲ။ ဘာမှလဲ မပေးနိုင်ဘဲနဲ့ ကျနော်တို့က မျှော်လင့်နေလို့တော့ မရပါဘူး။”
ထရမ့်ဟာ အရင် ၂၀၁၆ ခုနှစ် သူ့ရဲ့ ပထမ သမ္မတ သက်တမ်းမှာ သူမလိုလားတဲ့ သူတွေကို ရာထူးကနေ ထုတ်ပယ်တာတွေ လုပ်လေ့ရှိလို့ အခု နိုင်ငံခြားရေးဝန်ကြီး ရာထူး နေရာကလည်း နောက်ပိုင်းမှာ အပြောင်းအလဲ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
ဂျိမ်းရွှေကတော့ ရူဘီယိုဟာ ထရမ့်ရဲ့ ဦးဆောင်မှုကို ခံရမှာ ဖြစ်ပေမယ့် ထရမ့်ကို အကြံပြုတာတွေလည်း ရှိနိုင်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ထရမ့်ခေတ်မှာ မြန်မာအရေး အကူအညီတွေ လျော့သွားနိုင်တာကိုတော့ သူက သဘောတူပါတယ်။
“ဘားမားအက်ကတော့ ကွန်ဂရက်ကနေပြီးတော့ NDAA [အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာ ဥပဒေ] ထဲမှာ ထည့်ထားတဲ့ ဥပဒေ ဖြစ်တော့ နားလည်သလောက် ဆိုရင် သမ္မတရဲ့ Executive Order [လုပ်ပိုင်ခွင့် အခွင့်အာဏာ] နဲ့ ဖျက်လို့ မရဘူး။ အဲ့တော့ ဆက်ရှိနေမှာပဲ။ ကွန်ဂရက်က ဖျက်မှ ရတယ်။ ထရမ့်ကလည်း သူ့စိတ်ထဲမှာ ဒီလောက် အရေးတကြီး ကိစ္စလို့ မယူဆတော့ ဒါကို ဖျက်ဖို့ သူ ကွန်ဂရက်နဲ့ ရန်ဖြစ်မှာ မဟုတ်ဘူး။ အဲ့တော့ ဆက်ရှိနေမယ်။ ဒါပေမယ့် အကောင်အထည်ဖော်ရေးက နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ရမှာ။ အဲ့တော့ မာကိုရူဘီယိုက နိုင်ငံခြားရေးဌာနမှာ အကြီးဆုံးပေါ့။ သူက နဂိုလုပ်ဖူးတယ်။ အဲ့တာမျိုး အကူအညီတွေ ပေးဖို့လည်း တောင်းဆိုဖူးတယ် ဆိုတော့ သူ နိုင်ငံခြားရေးဝန်ကြီး မယူခင် အထက်လွှတ်တော်မှာ ရှိတုန်းမှာ ဆက်သွယ်လို့ ရတာကို၊ သူ့ကို ဗမာတွေ ဝိုင်းပြီးတော့ အရင်က အတိုင်း ဆက်ကူညီပါ ဆိုပြီးတော့ စာရေးထားပါတယ်။ မပို့ရသေးဘူး။ မကြာခင်ပို့ပါမယ်၊"
Your browser doesn’t support HTML5
မြန်မာ့အရေးကို ထရမ့် စိတ်ဝင်စားလာနိုင်ဖို့ အကြောင်းပြချက် ကောင်းကောင်း မပေးနိုင်ရင် မတိုက်တွန်းနိုင်ရင် ရှိပြီးသား ဘားမားအက် ဘတ်ဂျက်တောင် ထိခိုက်နိုင်တယ်လို့ သခင်ခိုင်ဘွားက ယူဆပါတယ်။
“သမ္မတထရမ့်က ဘတ်ဂျက်တွေ ဖြတ်တောက်မယ်ဆိုတာ သေချာတယ်။ အဲ့အတွက်လည်း အီလွတ်မတ်စ်ကို အခုလိုမျိုး အထူး ဌာနတခုလုပ်ပြီးတော့ကို [အစိုးရအဖွဲ့] စွမ်းဆောင်ရည် အတွက် လုပ်ထားတယ် ဆိုတော့ ဘတ်ဂျက် ဖြတ်မယ် ဆိုရင် ဘားမားအက်က ထိပ်ဆုံးက ပါသွားမယ်လို့ ကျနော် မြင်ပါတယ်။ အဲ့အတွက်လည်း ပြင်ဆင်ထားရပါလိမ့်မယ်။ မျှော်လင့်ချက်ကြီး သိပ်ထားပြီးတော့ မာကိုရူဘီယိုက မြန်မာ့အရေးကို နားလည်တယ် ဆိုပြီးတော့ မျှော်လင့်လို့ မရပါဘူး။”
နိုင်ငံခြား အကူအညီတွေနဲ့ ပတ်သက်ပြီး မာကိုရူဘီယိုရဲ့ အရင်က ရပ်တည်ချက်တွေကို မကြည့်ဘဲ လတ်တလော ပြောဆို လုပ်ဆောင်ချက်တွေကို ကြည့်ရင်လည်း ယူကရိန်းနဲ့ အစ္စရေးလို အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေရဲ့ စစ်ရေး အကူအညီမျိုးတွေမှာတောင်မှ အထက်လွှတ်တော်မှာ ကန့်ကွက်မဲ ပေးခဲ့တဲ့ ရီပတ်ဘလင်ကန် ကိုယ်စားလှယ် ၁၅ ယောက်ထဲမှာ ပါဝင်သူ ဖြစ်နေပါတယ်။
ဒါပေမယ့် ထရမ့်ရော၊ ရူဘီယိုရော်မှာ တရုတ်နိုင်ငံအပေါ် သဘောထား တင်းမာတဲ့ အနေအထားက မြန်မာ့အရေး အတွက် တိုက်တွန်းနိုင်စရာလို့ ရှုမြင်ကြသူတွေလည်း ရှိပါတယ်။ ဦးကိုကိုလေးကတော့ မျှော်လင့်ချက် မလျော့ဘဲ ဆက်ပြီး ဖိအား ပေဖို့ လိုတယ်လို့ ပြောပါတယ်။
“ထရမ့်ရဲ့ မူဝါဒကတော့ အမေရိကန် ပထမ၊ အမေရိကန် တဖန်ပြန် ကြီးကျယ်ရေး။ ဒါက သူ့ရဲ့ ဆောင်ပုဒ်ပဲ။ သူက အဲ့ဒါတွေကို အဓိက ထား လုပ်မှာ သေချာတယ်။ ဒါပေမယ့် နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်လို့ ရီပတ်ဘလင်ကန်ရော၊ ဒီမိုကရက်ရော ပါတီနှစ်ခုလုံးပေါင်းပြီးတော့ မြန်မာပြည် အပေါ်မှာ ထားတဲ့ သဘောထားဆိုတာ ရှိပါတယ်။ ပိုပြီးတဲ့ အရေးကြီးတဲ့ အချက်တချက်က ဒေါ်နယ်ထရမ့် ဘာကြောင့် စိတ်ဝင်စားနိုင်သလဲ၊ ဘာကြောင့် ဗမာပြည်ကို အကာအကွယ်ပေးနိုင်လဲ ကူညီနိုင်လဲ ဆိုတော့ စဥ်းစားချက် ရှိတယ်။ အခုလည်း [ဗိုလ်ချုပ်မှူးကြီး] မင်းအောင်လှိုင်က တရုတ်နဲ့ ပူးပေါင်းနေပြီဆိုတာ တကမ္ဘာလုံးသိတယ်။ တရုတ်ကလည်း ပူးပေါင်းပြီးတော့ ကျားကန်ထားတယ် ဆိုတာကို တကမ္ဘာလုံး သိပြီးသား ဖြစ်တယ်။ အဲ့တော့ ယနေ့ မင်းအောင်လှိုင်နဲ့ တရုတ်က ပေါင်းပြီးတော့ နယ်မြေကြီးစိုးရေးတွေ လုပ်နေမယ် ဆိုလိုရှိရင်တော့ အမေရိကန်ပြည်ထောင်စု အတွက် လုံခြုံရေး အတွက်ပါ ထိခိုက်နိုင်တယ်။ ဒါကြောင့် နိုင်ငံခြားရေးမူဝါဒမှာ တရုတ်ပြည်နဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ မူဝါဒ ရှိသလို မြန်မာပြည်ကလည်း တရုတ်နဲ့ ပူးပေါင်းနေတဲ့ အတွက်ကြောင့် မြန်မာပြည် အပေါ်မှာလည်း ပြတ်ပြတ်သားသား မူဝါဒထားပြီးတော့ မြန်မာပြည် ဒီမိုကရေစီသမားတွေကို အမေရိကန် ပါတီနှစ်ရပ်လုံးရဲ့ မူဝါဒဖြစ်တဲ့ မြန်မာပြည် လွတ်မြောက်ရေး၊ ကြီးပွားချမ်းသာရေး၊ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနိုင်ရေးအတွက် ကူညီအောင် ကျနော်တို့ ဘက်က ကြိုးစားလို့ ရတယ်လို့ မျှော်လင့်ရှိတယ်။”
SEE ALSO: ထရမ့်လက်ထက် မြန်မာအပါအဝင် နိုင်ငံခြားရေးမူဝါဒ အလားအလာထရမ့် အစိုးရ ခေတ်မှာ မြန်မာပြည်က ဘာသာရေး ဖိနှိပ်မှုတွေကို မီးမောင်းထိုးပြပြီး စည်းရုံးဖို့ ဦးကိုကိုလေးက အကြံပြုသလို လွှတ်တော် အမတ်တွေကိုလည်း မြန်မာ-အမေရိကန်တွေက ဒီထက်ပို ထိတွေ့ပြီး ဖိအားပေးနေဖို့လိုတယ်လို့ မြင်ပါတယ်။
ထရမ့် အစိုးရ အဖွဲ့ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေး အဖြစ် ခန့်အပ်ခံရတဲ့ Mike Waltz ဟာလည်း တရုတ်နိုင်ငံ ဆန့်ကျင်ရေး အလုပ်တွေ လုပ်ဖူးသူဖြစ်ပါတယ်။ မြန်မာ့အရေးမှာ တရုတ်က စွက်ဖက်မှုတွေ ပိုမြင့်မားလာခဲ့ရင် သူ့ဆီက အကူအညီရဖို့ မျှော်လင့်နိုင်တယ်လို့ ဂျိမ်းရွှေက ထောက်ပြပါတယ်။ တဘက်မှာလည်း အထက်လွှတ်တော်မှာ နှစ်ရှည်လများ မြန်မာ့အရေး ဆောင်ရွက်ခဲ့တဲ့ Mitch Mcconnell က ရီပတ်ဘလင်ကန် အများစု ခေါင်းဆောင်နေရာက ဆင်းပေးလိုက်လို့ အားလျော့သွားပေမယ့် သူ့နေရာကို ဆက်ခံဖို့ ရွေးချယ်ခံရတဲ့ John Thune ကလည်း ဘာသာရေး နှိပ်ကွပ်မှု အရေးတွေမှာ စိတ်ဝင်စားတယ်လို့ ထောက်ပြပါတယ်။ ဒါ့အပြင် အထက်လွှတ်တော်မှာ မြန်မာ အသိုင်းအဝန်းနဲ့ နီးနီးကပ်ကပ် ဆက်ဆံလေ့ရှိတဲ့ လက်ရှိ ကွန်ဂရက် လွှတ်တော် အမတ် ကယ်လီဖိုးနီးယားက Adam Schiff က ရွေးချယ်ခံထားရလို့ မြန်မာ့အရေး ပြောဆိုနိုင်ဖို့ လမ်းကြောင်း ရှိတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ အစိုးရ အဖွဲ့၊ ပါတီနှစ်ခုလုံးနဲ့ လွှတ်တော်နှစ်ရပ်လုံးရဲ့ မူဝါဒတွေမှာ မြန်မာဒီမိုကရေစီ အရေး ဆက်လက် တိုက်တွန်းနေဖို့ လိုအပ်နေကြောင်း မြန်မာ-အမေရိကန် တက်ကြွလှုပ်ရှားသူတွေက တညီတညွတ်တည်း ယူဆထားကြပါတယ်။ အထူးသဖြင့် ဘားမားအက်အောက်က အကူအညီတွေ ပိုပြီး ထိထိရောက်ရောက် ဖြစ်ဖို့နဲ့ လူသတ်လက်နက်မဟုတ်တဲ့ နည်းပညာ အကူအညီတွေ လက်တွေ့ ပေးနိုင်ရေး ဆက်လက် ဖိအားပေးကြဖို့ ရှိနေပါတယ်။
Your browser doesn’t support HTML5