အိမ်ခြံမြေလုပ်ငန်းရှင် Srettha Thavisin ကို ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ် 

Pheu Thai ပါတီကိုယ်စားလှယ် ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ အိမ်ခြံမြေသူဌေးကြီး Srettha Thavisin (သြဂုတ် ၂၂၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်အဖြစ် လွှတ်တော်မှာ ဒီကနေ့ မဲခွဲရာမှာ အိမ်ခြံမြေလုပ်ငန်းရှင်သူဋ္ဌေး Srettha Thavisin အနိုင်ရသွားပါတယ်။ ပြီးခဲ့တဲ့ မေလ ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံး ရခဲ့တဲ့ Pheu Thai ပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုခံခဲ့ရတဲ့ Srettha ကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထက်ဝက်ကျော် ထောက်ခံမှုနဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်တာပါ။ ဝန်ကြီးချုပ်သစ်ကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်နိုင်ခဲ့တာကြောင့် ရွေးကောက်ပွဲအပြီး လနဲ့ချီပြီး အစိုးရမဖွဲ့နိုင်ပဲ ဖြစ်နေတဲ့ အခြေအနေကို ကျော်လွှားနိုင်တော့မှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ်အဖြစ် လွှတ်တော်က ရွေးချယ်လိုက်ပြီးနောက် ညွန့်ပေါင်းအစိုးရကို ဦးဆောင်ဖွဲ့စည်းဖို့ စီစဉ်ရမှာဖြစ်ပြီး စစ်တပ်လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေလည်း ပူးပေါင်းပါဝင်လာလိမ့်မယ်လို့လည်း ခန့်မှန်းနေကြတာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အများစု အနိုင်ရခဲ့တဲ့ Move Forward Party အစိုးရဖွဲ့နိုင်ရေး ကြိုးပမ်းမှုတွေကို စစ်တပ်လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ ဟန့်တားမှုတွေ ကြုံခဲ့ရပြီးနောက် ဒုတိယမဲအများဆုံးရခဲ့တဲ့ Pheu Thai ပါတီက ဦးဆောင်ပြီး အစိုးရသစ် ဖွဲ့ဖို့ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်သစ် တဦးကို လွှတ်တော်မှာ နောက်တကြိမ် မဲခွဲဆုံးဖြတ်တဲ့ နေ့မှာပဲ ပြည်ပမှာ တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) လည်း ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့တာပါ။

အဂတိလိုက်စားမှုစွဲချက်နဲ့ ထောင်ဒဏ်စီရင်ချက်ကို တိမ်းရှောင်ရာက ပြန်ရောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်းကို အာဏာပိုင်တွေ အကျဉ်းထောင်ကို ခေါ်သွားခဲ့ပေမဲ့ လက်တွေ့ဖမ်းဆီးထောင်ချမှာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဒါပေမဲ့လည်း စစ်တပ် လိုလားတဲ့ နိုင်ငံရေး ပါတီတွေနဲ့ ညှိနှိုင်းပြီးမှာ ဝန်ကြီးချုပ်ဟောင်း ထိုင်းနိုင်ငံကို ပြန်လာတာ ဖြစ်နိုင်တယ်လို့လည်း အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။

Your browser doesn’t support HTML5

အိမ်ခြံမြေလုပ်ငန်းရှင် Srettha Thavisin ကို ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်