သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်အကြောင်းစာအုပ် ထုတ်ဝေခွင့်ပိတ်


Thai King Maha Vajiralongkorn ရဲ့ (၇၁) နှစ်မြောက်မွေးနေ့ပွဲအခမ်းအနားကို ဘန်ကောက်မြို့က Grand Palace မှာကျင်းပစဥ်။ (ဇူလိုင် ၂၈၊ ၂၀၂၃)
Thai King Maha Vajiralongkorn ရဲ့ (၇၁) နှစ်မြောက်မွေးနေ့ပွဲအခမ်းအနားကို ဘန်ကောက်မြို့က Grand Palace မှာကျင်းပစဥ်။ (ဇူလိုင် ၂၈၊ ၂၀၂၃)


ထိုင်းဘုရင်အကြောင်းစာအုပ် ထုတ်ဝေခွင့်ပိတ်

မကြာမီထွက်ဖို့ ရှိတဲ့ ထိုင်း နိုင်ငံ ရဲ့ လက်ရှိဘုရင် Maha Vajiralongkorn အကြောင်း စာအုပ်ကို ထိုင်းနိုင်ငံက ပိတ်ပင်လိုက်ပါတယ်။

ဒီစာအုပ်ဟာ ဘုရင်စနစ်ကို လှောင်ပြောင်တာဖြစ်တယ်လို့ဆိုပြီး ခုလို ပိတ်ပင်လိုက်တာပါ။ ထိုင်းဘုရင်စနစ်ဟာ ထိုင်းနိုင်ငံရေးမှာ အငြင်းပွါးစရာ အကြောင်းအရာတရပ် ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံက 'ဘုရင့်အပေါ်အသရေ ပျက်စေမှုဥပဒေ' ဟာ ကမ္ဘာမှာ အတင်းကျပ်ဆုံး ဥပဒေလည်းဖြစ်ပါတယ်။

ခုလို ပိတ်ပင်လိုက်တာဟာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ဖော်ပြခွင့်ကို ကိုင်စွဲထားပါတယ်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ပြောဆိုချက်ကို စော်ကားလိုက်တာဖြစ်တယ်လို့ လူ့အခွင့်အရေးအုပ်စုတွေကတော့ ဝေဖန်လိုက်ကြပါတယ်။

ပိတ်ပင်လိုက်တဲ့စာအုပ်ရဲ့နာမည်က ရာမ ဒဿမ ဖြစ်ပါတယ်။ ခေါင်းစဥ်ငယ် အဖြစ် ဘုရင် Maha Vajiralongkorn လက်အောက်က ဘုရင်စနစ် ဖြစ်ပါတယ်။ ဒီစာအုပ် မှာယူတင်သွင်းခွင့်ကို ပိတ်ပင်လိုက်ကြောင်း တော်ဝင် ပြန်တမ်း မှာ ထိုင်းအစိုးရက ဖော်ပြခဲ့တာပါ။ ပိတ်ပင်တဲ့ကြေညာချက်ကို ထိုင်းရဲချုပ် ဒမ်ရောင်န်ဆက် ကစ်တီပရာပါ့စ် Damrongsak Kittiprapas က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စာအုပ်ရေးသူကို Pavin လို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ စာအုပ်က စာတမ်းပေါင်းချုပ်ဖြစ်ပြီး သူက စာအုပ်ရဲ့အယ်ဒီတာဖြစ်ပါတယ်'လို့ ပါဗင်က ဗွီအိုအေကို ပြောပါတယ်။ သူအပါအဝင် စာတမ်းရှင်များစွာက ဒီ စာအုပ်မှာ ပါဝင် ရေးသားခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေးကောင်စီက ထုတ်ဝေတာပါ။

စာအုပ်က ရွက်ကြွေဆောင်းဦးမှထွက်မှာမို့ ထိုင်းအာဏာပိုင်တွေက စာအုပ်ကို မဖတ်ရသေးဘူးလို့ သူ ယုံကြည်ကြောင်း အယ်ဒီတာပေဗင်က ပြောပါတယ်။ ပေဗင်ဟာ ဂျပန် နိုင်ငံ ကျိုတိုတက္ကသိုလ်က တွဲဖက်ပါမောက္ခလည်း ဖြစ်ပါတယ်။ စာအုပ်က ထိုင်းရေးရာကျွမ်းကျင်သူတွေရဲ့ သုတေသနအပေါ် အခြေခံထားတာပါ။ အကဲဒမစ် စံနှုန်းအမြင့်ဆုံးကိုလိုက်နာခဲ့ပြီး ပညာရှင်အချင်းချင်းက စာတမ်းတွေ ကို သုံးသပ်တဲ့ဖြစ်စဥ်ကိုလည်း လိုက်နာထုတ်ဝေတာဖြစ်တယ်လို့ ယေးလ်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးကောင်စီဥက္ကဋ္ဌ Erik Harms က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG