တရုတ်အထူးကိုယ်စားလှယ် ခရီးစဉ်အပေါ် နိုင်ငံရေးသုံးသပ်သူတွေရဲ့ အမြင်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံစဥ်။ (သြဂုတ်လ ၈၊၂၀၂၄/Crd: Official Publication)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရွီကျွင်း (Deng Xijun) နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဩဂုတ် ၈ ရက် မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့အပေါ် နိုင်ငံရေး အကဲခတ်တွေရဲ့ အမြင်ကိုစုစည်းပြီး ရန်ကုန်က ပေးပို့တဲ့သတင်းကို တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက လာရှိုးမြို့ကို MNDAA ကိုးကန့်တပ်ဖွဲ့တွေက သိမ်းယူပြီး နောက်မှာ တရုတ်နိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားတဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ ဟိုင်ဂင် ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ငြင်းပယ်လိုက်တဲ့နောက်မှာ တရုတ် အထူးကိုယ်စားလှယ် နေပြည်တော်ကို ရောက်လာခဲ့တာပါ။

ဒါဟာ လားရှိုးမှာရှိတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်အဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် တရုတ် အထူးကိုယ်စားလှယ်ရဲ့ ပထမဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။

တရုတ်အထူးကိုယ်စားလှယ် ခရီးစဉ်နဲ့ပတ်သတ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သူ့အမြင်ကို အခုလို သုံးသပ်ပြောဆို လိုက်ပါတယ်။

"တရုတ်ကတော့ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ပြီးတော့ ပြောဆိုချင်တာပေါ့။ ဒါပေမဲ့ မင်းအောင်လှိုင်ကတော့ ဆုံးဖြတ်ပြီးပြီနဲ့တူပါတယ်။ တရုတ်နဲ့မဆက်သွယ်တော့ဘူး မဆက်ဆံတော့ဘူး၊ မဆက်ဆံတော့ဘူးဆိုတာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မဆွေးနွေးတော့ဘူးဆိုတဲ့သဘောပါ။ သူမိန့်ခွန်းပြောတဲ့အခါမှာလည်း ဆောင်းပါးရိပ်ခြေနဲ့ပြောတယ်ဆိုပေမဲ့ လူတိုင်းသိနေတဲ့ လျှို့ဝှက်ချက်ဖြစ်နေတဲ့အခါ အဲဒါကိုထုတ်ပြောလိုက်တဲ့အခါကျတော့ သူက အဲဒါပြောပြီးတဲ့နောက် ဟိုင်ဂင် မတက်တော့ဘူးပေါ့ဗျာ။ ဟိုင်ဂင်မတက်တဲ့အခါကျတော့ တရုတ်အနေနဲ့က သူတို့လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ပြီးတော့ ပုံဖော်နိုင်ဖို့အတွက်ကတော့ ဆက်ကြိုးစားရမှာကြောင့် အဲဒါကြောင့် တရုတ်သံအမတ်ကို လွှတ်လိုက်တယ်လို့ ယူဆပါတယ်။"

စစ်ကောင်စီကတော့ တရုတ်အထူးကိုယ်စားလှယ်နဲ့တွေ့ချိန်မှာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖို့ ရှေ့လုပ်ငန်းစဉ်တွေ၊ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့သလို နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနဲ့ သံတမန်ရေးဆိုင်ရာ ကိစ္စတွေ၊ မြန်မာပြည်တွင်း ငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ် အေးချမ်းရေး၊ အွန်လိုင်းလောင်းကစားတွေ၊ အွန်လိုင်း လိမ်လည်တာတွေ၊ အခြားငွေကြေးလိမ်လည် တာတွေနဲ့ တရားမဝင်လုပ်ငန်းတွေ ပပျောက်အောင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတာတွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

SEE ALSO: တရုတ်ကိုယ်စားလှယ် နေပြည်တော်ရောက်နေချိန် မူဆယ်မှာ တိုက်ပွဲဖြစ်


ရှမ်းပြည်မြောက်ပိုင်းအပါအဝင် နေရာတော်တော်များများမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် အခုလို တွေ့ဆုံမှုအပြီးမှာ မြန်မာ့ နိုင်ငံရေး ဘယ်လောက်ထိ သက်ရောက် ရိုက်ခတ်မှုရှိမလဲ ဆိုတာနဲ့ပတ်သတ်လို့ ဦးသန်းစိုးနိုင်က အခုလို ဆက်ပြောပါတယ်။

"မင်းအောင်လှိုင်ဘက်ကတော့ တရုတ်နဲ့မဆက်ဆံလို့မရတဲ့ ကိစ္စတွေအများကြီးရှိပါတယ်။ ဆီကိစ္စ၊ လက်နက်ကိစ္စ၊ တိုက်ပွဲတွေဆက်ဖြစ်နေရတဲ့ အကြောင်းမှာလည်း အဓိကအားဖြင့် တရုတ်က ဒီတိုက်ပွဲတွေဖျက်ပြီး စစ်ရေးအရ စစ်တပ်ကိုဖိအားပေးဖို့တော့ ညီနောင်သုံးဖော်ကို တဖက်ကလည်း တိုက်တွန်းနေမှာလို့ ယူဆရပါတယ်။ အခုဆိုရင် တိုက်ပွဲတွေကတော့ဖြစ်နေတယ်။ သို့သော် လားရှိုးကိုလည်း ဗုံးမကြဲအောင်လို့ သူတို့က ဝ အဖွဲ့ကို လားရှိုးကိုဝင်ခိုင်းထားတယ်လို့ ယူဆရပါတယ်"

တချိန်တည်းမှာဘဲ စစ်ကောင်စီဘက်က တရုတ်စီစဉ်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေနဲ့ တွေ့ဆုံမယ့် ဟိုင်ဂင်ဆွေးနွေးပွဲ မတက်တာကကော လက်ရှိ ရှမ်းမြောက်မှာဖြစ်နေတဲ့ စစ်ရေးတင်းမာမှုအပေါ် ဘယ်လို သက်ရောက်လာမလဲ ဆိုတာနဲ့ပတ်သတ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက အခုလို သုံးသပ်ပါတယ်။

"တကယ်တော့တရုတ်နဲ့ စစ်ကောင်စီရော မြောက်ပိုင်းအဖွဲ့တွေရောက တရုတ်နဲ့အပြန်အလှန်ကစားနေကြတာလေ။ သူတို့က အကျိုးအမြတ်ကိုယ်စီအတွက်။ အရိပ်အယောင်တွေကြားနေရတာက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးချင်တယ်။ ဆွေးနွေးရမယ်။ ဘာညာဆိုတာမျိုး လေသံတွေလည်း ပစ်နေတယ်လေ။ တဖက်ကလည်း တရုတ်ကိုလိုက်လျောပြီးတော့ တခုခုလုပ်မလားပေါ့။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပေးတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံအနေနဲ့ ပြဿနာဖြေရှင်းတာမျိုး၊ ဒါမှမဟုတ် လက်နက်ကို ထပ်ရှာပြီးတော့ ရှာရတော့ကုန်နေပါပြီ ရှာပြီးတော့များ ပိုပြီးတောများရက်ရက်စက်စက်လုပ်လာမလား၊ လုပ်ကောလုပ်နိုင်ပါ့မလား။ သေချာပေါက်အဲလိုဖြစ်ပါ့မလားဆိုတာတော့ မပြောတတ်သေးဘူး"

တရုတ်အထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း လာရောက်လာခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းကတော့ သူ့ခရီးစဉ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ခွင့် မရဘဲ နိုင်ငံခြား ရေးဝန်ကြီး ဦးသန်းဆွေနဲ့သာ တွေ့ခွင့်ရခဲ့ပါတယ်။

Your browser doesn’t support HTML5

တရုတ်အထူးကိုယ်စားလှယ် ခရီးစဉ်အပေါ် နိုင်ငံရေးသုံးသပ်သူတွေရဲ့ အမြင်