မြန်မာနိုင်ငံဘက်ကို ရွေ့လျားလာနေတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးကြီးနိုင်တဲ့ အန္တရာယ် ရှိနေပေမဲ့ စစ်ဒဏ်သင့် ဒေသမှာတော့ ဒေသခံတွေ ကြိုတင်ပြင်ဆင်နိုင်တဲ့ အခြေအနေ မရှိပဲ ဖြစ်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေရှိရာ ဒေသတွေမှာ စစ်ဘေးနဲ့ သဘာဝဘေး ရင်ဆိုင်ရမယ့် အရေးနဲ့ ပတ်သက်လို့ ရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို အလိမ္မာ ပြောပြပေးမှာ ဖြစ်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ဒီကနေ့ မေလ ၁၁ ရက်ကနေ ၁၅ ရက်နေ့အထိ တိုင်းနဲ့ ပြည်နယ် ၁၅ ခု နေရာကွက်မိုးကြီးနိုင်တဲ့အထဲ ရှမ်းနဲ့ ကယားပြည်နယ်လည်း ပါဝင်နေကြောင်း ဒီကနေ့ မနက်ပိုင်း မိုးဇလရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် တချို့ဒေသက ဒေသခံတွေဟာ လုံခြုံမယ့်နေရာကို ကြိုတင်တိမ်းရှောင်ထားတာတွေ၊ တချို့က အစာခြောက်စုဆောင်းတာတွေ လုပ်နေကြပါတယ်။ ဒါပေမယ့် စစ်ရေးပဋိပက္ခကြောင့် အိုးပစ်အိမ်ပစ် တောတောင်ထဲမှာ ဖြစ်သလို ခိုလှုံနေကြရတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်က စစ်ပြေးဒုက္ခသည်တွေဟာ မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်မှုတွေ မလုပ်နိုင်ဘူးလို့ ပြောပါတယ်။
မိုးလေဝသေ သတင်းအချက်အလက်တွေလည်း သိပ်မရကြဘူးလို့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် စစ်ရှောင်တဦးက ပြောပါတယ်။
“ဒီမုန်တိုင်းနဲ့ ပတ်သက်ပြီး ပြင်ဆင်တဲ့ဟာတော့ သိပ်မရှိဘူးရှင့်၊ သိပ်မရှိကြဘူးပေါ့နော် ပြင်ဆင်တာတော့ အနည်းငယ်နည်းနည်းလောက်ပဲ ရှိတယ်၊ ဟို… ၄၊ ၅ယောက်ပဲ ရှိမယ် ထင်တယ်၊ သိပ်မသိကြဘူး သတင်းတွေ သိပ်မသိကြဘူးနဲ့ တူတယ်ရှင့်ဟုတ်။”
စစ်ရေးတင်းမာနေတဲ့ သူတို့ဒေသတွေမှာ လက်နက်ကြီးတွေ နေ့နေ့ညည ပစ်ခတ်၊ စစ်လေယာဉ်တွေ အမြဲတမ်း လာတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
“ဒီမှာဆိုရင်တော့ လေယာဉ်နဲ့လည်း နေ့နေ့ညည လာတယ်၊ လေယာဉ်လာဆို တခါတလေဆို ဗုံးတွေ လာကျဲကျဲတယ်ပေါ့နော် အဲ့ဒါနဲ့လည်း ကြောက်တယ်၊ ပြီးတော့ ဟိုဘက်နေလည်း လက်နက်ကြီးတွေ ကျတယ်၊ လက်နက်ကြီးတွေလည်း ပစ်တယ်ပေါ့နော်၊ အဲ့ဒါနဲ့ ပြီးတော့ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေလည်း ရှိတယ်၊ အဲ့ကြောင့်မို့လို့ ဒီမိုးလေဝသ သတင်းပိုင်းကြည့်တာမျိုး အဲ့ဒီအာရုံက အဲ့ဖက်မရောက်ဘူးပေါ့နော်။ ကြိုတင်ပြင်ဆင်ထားတာတွေ သိပ်မရှိဘူး ကြိုတင်ပြင်ဆင်ထားတယ်ဆိုလို့ ဒီလက်နက်ကြီးကြောင့် စစ်ရှောင်ဖို့ရယ် ပြီးတော့ စားနပ်ရိက္ခာ အဲ့ဒီစစ်ရှောင်ဖို့အတွက် အဲ့လောက်ပဲပေါ့နော်ရှင့်။”
အလားတူ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေသခံတဦးက မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်လို့ ဘာပြင်ဆင်မှုမှ မလုပ်နိုင်ဘဲ ပစ်ခတ်သံတွေကြားရရင် ဘေးလွတ်ရာကို ရှောင်နိုင်ဖို့ သတိထားနေရတဲ့အကြောင်း ခုလို ပြောပါတယ်။
“လောလောဆယ် ဘာမှတော့ မရှိဘူး ဒီနားပတ်ဝန်းကျင်မှာလည်း မကြားမိဘူးပဲ ဟို…ပြင်ဆင်တာ မုန်တိုင်းကြောင့်ပေ့ါနော် ပြင်ဆင်ထားတာတွေ ဘာတွေ ဘာမှတော့ မကြားမိဘူးရှင့်။ အခုဆိုရင် လေယာဉ်လည်း အမြဲတမ်းလာတယ် မနေ့ကဆိုရင် လေယာဉ်က သုံး လေး ခေါက်တောင်မှ သွားသွားလာလာ အဲ့လိုမျိုးရှိတယ်၊ သတိနဲ့ အမြဲတမ်းနေရ တချက်ကြားပြီးဆိုရင် ကိုယ်က အမြဲတမ်း ဗုံးခိုထဲမှာတော့ ပြေးရတာပေါ့နော်။”
တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတာကြောင့် တချို့ က သတင်းအချက်အလက် ရရှိနိုင်ဖို့ အားနည်းနေပြီး တစ်ယောက်နဲ့ တစ်ယောက် သတင်းစကားပေးတာလောက်ပဲ လုပ်နိုင်ကြပါတယ်။ ပြီးတော့ ပစ်ခတ်သံကြားထဲ ပြေးလွှားနေရတာလို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ဖို့ ခက်ခဲကြတယ်လို့ ဆိုပါတယ်။
မနေ့က လွိုင်ကော်မြို့မှာ မိုးရွာပြီး လေပြင်းအနည်းငယ် တိုက်ခတ်တယ်လို့ မြို့ပေါ်မှာ ခိုလှုံနေတဲ့ စစ်ရှောင်တဦးက ခုလို ပြောပါတယ်။
“ဒီပစ်ခတ်တာက ပိုပြီးတော့ စိုးရိမ်ရတဲ့ အခြေအနေပေါ့ မုန်တိုင်းဘက်က အဲ့လောက်ထိ သူတို့စိတ်ထဲမှာတော့ မရှိဘူးလို့ ပြောလို့ရတယ်ပေါ့နော် အဲ့လောက်ထိ စိုးရိမ်တာမျိုးမရှိဘူး။ လူတစ်ယောက်နဲ့တစ်ယောက်တော့ ဒီလိုပဲ သတိပေးကြတယ်၊ မိုးလာမယ် မုန်တိုင်းလာမယ်ပေ့ါ၊ အဲ့လိုမျိုးပဲ တစ်ယောက်နဲ့ တစ်ယောက်အသိပေးကြတယ် အဲ့လိုမျိုး။ မနေ့ကပဲ ကျနော်တို့ ဒီမှာ မိုးတအားရွာသွားတယ်လေ ကျနော်တို့ ဒီမြို့ပေါ်မှာပေါ့ လေလည်း တော်တော်တိုက်တယ် မိုးလည်း တော်တော်ရွာတယ်၊ တချို့ သစ်ပင်တွေဆိုလည်း လဲတာ အကိုင်းတွေ ကျိုးကျတာတွေ မြို့ပေါ်မှာတော့ ကြိုကြားကြိုကြားတော့ တွေ့ရတာပေါ့နော်။”
မိုးတွင်းကာလ လေပြင်းတိုက်မှုတွေကြောင့် ယာယီစစ်ရှောင်စခန်းတွေ မိုးကာတဲတွေ ပျက်စီးတာ၊ မြေပြိုလို့ လမ်းပျက်စီးတာတွေ မနှစ်က ကြုံခဲ့ရတယ်လို့ ပြောပါတယ်။
Your browser doesn’t support HTML5