(Zawgyi / Unicode)
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရတာ ၇၄ နှစ်ပြည့်ချိန်၊ လွတ်လပ်ရေး ဆုံးရှုံးနေသလို ခံစားနေရတယ်လို့ ပြည်သူတချို့က ပြောပါတယ်။
စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေချိန်ဖြစ်လို့ ကိုယ်ပိုင်ဘဝ လွတ်လပ်ခွင့်တွေ ပျောက်ဆုံးနေသလို၊ အများပြည်သူအရေး ပရဟိတအလုပ်တွေ လုပ်တဲ့နေရာမှာလည်း ကန့်သတ်ချုပ်ချယ်ခံရမှုတွေ ရှိလာတယ်လို့ ကာယကံရှင်တွေက သူတို့ရဲ့အတွေ့အကြုံတွေကို ပြောပါတယ်။
လွတ်လပ်ရေးရထားတဲ့ မြန်မာနိုင်ငံမှာ မလွတ်မလပ်ဖြစ်နေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုရဲမွန်က ပြောပြမှာပါ။
ဇန်နဝါရီလ ၄ရက်နေ့မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ဟာ စစ်အာဏာသိမ်းထားတဲ့ ကာလဖြစ်လို့ ခါတိုင်းနှစ်တွေလို ရပ်ကွက်တွေထဲမှာ ပျော်ပွဲရွှင်ပွဲ အစီအစဉ်တွေ မရှိကြတော့ဘူးလို့ သင်္ကန်းကျွန်းမြို့နယ်နေ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ရပ်ကွက်တွင်းက လမ်းတွေပေါ်မှာ အပြေးပြိုင်ပွဲတွေ၊ ချောတိုင်တက်ပွဲတွေ စသဖြင့် လွတ်လပ်ရေးနေ့ ပွဲတွေကို ပျော်စရာကောင်းအောင် ကျင်းပကြလေ့ရှိခဲ့ပါတယ်။
နှစ်သစ်ကူးရုံးပိတ်ရက်နဲ့ တဆက်တည်း လွတ်လပ်ရေးနေ့ ပိတ်ရက်ရှည်ကာလဖြစ်လို့ တချို့ကလည်း အထင်ကရနေရာတွေဆီ သွားလည်တာ၊ ခရီးထွက်တာမျိုးတွေ လုပ်ကြပါတယ်။ ဒီနှစ်မှာလည်း ပြည်တွင်းခရီးထွက်နေကြသူ တချို့ရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ နိုင်ငံရေး၊ လုံခြုံရေးအခြေအနေကြောင့် ပျော်ချင်စိတ်မရှိကြဘဲ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ပျောက်ဆုံးနေတယ်လို့ ခံစားနေရကြောင်း ရန်ကုန်မှာနေထိုင်တဲ့ မခင်သန္တာကပြောပါတယ်။
"သူတို့ အုပ်ချုပ်မှုအောက်မှာ ရှိနေသ၍ ဘယ်သူမှလည်း ပျော်ပါးဖို့က ဆန္ဒရှိမှာမဟုတ်ဘူး။ သေထားတဲ့လူတွေကလည်း အများကြီးလေ။ ညီမတို့အတွေးနဲ့ဆိုရင်တော့ ဒီကာလမှာ ဘယ်လိုမှမပျော်နိုင်ပါဘူး။ ဒီလွတ်လပ်ရေးနေ့လည်း ဘယ်သူမှလည်း ဖြတ်သန်းမှာမဟုတ်လောက်ဘူး။ သူတို့လက်အောက်မှာ ရှိနေသ၍ကတော့ New Year လည်း ညီမတို့တွေ သာမန်နေ့လိုပဲ ကျော်သွားလိုက်တာပဲ၊ လိပ်ပြာမလုံကြလို့လေ။ လွတ်လပ်ခွင့်တွေ သေဆုံးတာကို၊ ကိုယ်တယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်တွေပါ သေဆုံးတာပေါ့။ အရင်တုန်းကလိုမျိုး ကိုယ့်ဟာကိုယ် သွားချင်တဲ့အချိန်သွား၊ ပြန်ချင်တဲ့အချိန်ပြန် လုပ်လို့မရ၊ စိတ်လွတ်လက်လွတ်လည်း မပျော်ရဲ၊ တော်တော်ကို နေရထိုင်ရကြပ်ပါတယ်၊ ဒီကာလက။"
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မတဦးကလည်း တည်ငြိမ်လုံခြုံမှု မရှိတဲ့အတွက် အရင်လို ဆန္ဒရှိတိုင်း သွားလာလို့မရတော့တာကြောင့် စိတ်ရော ကိုယ်ပါ မလွတ်လပ်သလို ခံစားနေရတယ်လို့ ခုလိုပြောပါတယ်။
"အခုဟာက ဘာမှန်းမသိဘူးပေါ့နော်။ အချိန်မရွေးလည်း ပစ်မှတ်ဖြစ်သွားနိုင်တယ်လေ။ အဲဒါကြောင့်မို့လို့ ဈေးတွေဘာတွေသွားတာတောင် သွားသုတ်သုတ် ပြန်သုတ်သုတ်ပဲ။ ဈေးထဲမှာ ဝယ်တဲ့သူကတော့ ဈေးသွားချိန်ဆိုရှိပါတယ်။ ဟိုတုန်းကလိုမျိုးတော့ တက်ကြွပြီးတော့ လွတ်လပ်မနေဘူး။ စိတ်ရှိတိုင်း သွားလို့မရဘူး။
တခါတလေကျလို့ရှိရင် စိတ်ဖိစီးမှုများတဲ့အခါ စီးတီးမတ်ထဲပတ်တာတို့၊ ဈေးတွေထဲ လျှောက်သွားတာတို့ ဘာတို့ ဈေးမဝယ်ပေမယ့် ရှိတယ်ပေါ့နော်။ အခုချိန်မှာတော့ အဲဒါမျိုးတွေ လုပ်လို့မရဘူး။ တနေ့တာ စားသောက်ဖို့ ဝယ်တာတောင်မှပဲ မြန်မြန်ဆန်ဆန်ပေါ့နော်။ တနေရာမှာ စုစု စုစုဆိုရင် အန်တီတို့ရင်ထိတ်နေရတဲ့ အခြေအနေ၊ ဘာလဲပေါ့နော်၊ အဲလိုမျိုး သတိထားပြီးတော့ သွားလာနေရတဲ့ အခြေအနေမျိုးပါ။"
အခုအခြေအနေမှာ စိတ်လွတ် ကိုယ်လွတ် မနေနိုင်ကြဘူးလို့ ပြောနေကြသလို ပရဟိတဆောင်ရွက်ပေးနေသူတွေကလည်း အာဏာသိမ်းပြီးနောက်ပိုင်း ကူညီဆောင်ရွက်တဲ့နေရာမှာ မလွတ်လပ်တော့ဘူးလို့ ပြောပါတယ်။ ပဲခူးတိုင်းအခြေစိုက် ပရဟိတအဖွဲ့တာဝန်ခံ ကိုဝင်းကဆိုရင် ပရဟိတအကူအညီပေးနေချိန်မှာတောင် လွတ်လပ်ခွင့် ချိုးဖောက်ခံရတဲ့ အခြေအနေကို ခုလိုပြောပါတယ်။
"ကျနော်တို့ ပဲခူးဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို လူနာတယောက်ပို့ဖို့ဆိုရင် လမ်းမှာ စစ်ဆေးရေးဂိတ် ၄၊ ၅ နေရာလောက် ရပ်ပေးရတယ်။ သူတို့ ဓာတ်ပုံတွေရိုက်တယ်။ တခါတလေကျရင် ကျနော်တို့က လူနာတွေကိုတောင် အားနာတယ်။ ဘာလို့ဆို လူနာကို ဒီလိုတည့်တည့်ကြီး ဓာတ်ပုံရိုက်တာကျတော့ လူ့အခွင့်အရေးကို ကျနော်တို့ချိုးဖောက်သလို ဖြစ်တာပေါ့နော်။ ကျနော်တို့ကိုယ်တိုင်လည်း မရိုက်ခဲ့ဘူး။
တားဆီးစစ်ဆေးမှုတွေ လုပ်လိုက်တဲ့အပေါ်မှာကျတော့ အများကြီးအခက်အခဲဖြစ်သွားတာပေါ့။ ကျနော်တို့အတွက်တင် အခက်အခဲမဟုတ်ဘူး။ ပြည်သူလူထုအတွက်ပါ အခက်အခဲဖြစ်သွားတယ်။ တကယ်ဆေးရုံမှာ ဒဏ်ရာရနေလို့ ပြည်သူလူထုကိုလိုလို့ ပို့မယ်ဆိုရင် အရင်တုန်းက ၄၅ မိနစ် သွားရတဲ့ခရီးက အခုဆိုရင် ၁ နာရီကျော်လောက် ကြာတာပေါ့နော်။ အဲလိုမျိုး ကြန့်ကြာမှုတွေ ဖြစ်တာပေါ့။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ပရဟိတအသင်းတွေ လွတ်လပ်ခွင့်ကတော့ လုံးဝမရှိဘူးပေါ့နော်။"
လွတ်လပ်ရေးနေ့မှာ လုပ်လေ့ရှိတဲ့ ပျော်ပွဲ ရွှင်ပွဲပြင်ဆင်မှုတွေလည်း သူတို့နေတဲ့အရပ်မှာ ခုထိ မရှိဘူးလို့ပြောပါတယ်။
"ဒီလွတ်လပ်ရေးနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ရပ်ကွက်တွေ၊ ကျနော်တို့တိုင်းတွေ၊ ကျနော်တို့မြို့နယ်တွေမှာတော့ ပျော်ရွှင်မှုကတော့ ဘာမှမရှိဘူးပေါ့။ ကလေးတွေ အားကစားပွဲတွေ ဘာတွေလည်း အခုချိန်ထိ ဘာမှမရှိဘူး။"
စစ်ကောင်စီကတော့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမရှေ့ရင်ပြင်မှာ ကျင်းပမယ်လို့ ထုတ်ပြန်ထားပါတယ်။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထူးထုတ် ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုးကို ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။ လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲတွေကို စစ်ကောင်စီရဲ့ ဌာနဆိုင်ရာအသီးသီးက ကျင်းပပြုလုပ်ကြမယ်လို့ စစ်ကောင်စီထုတ် သတင်းစာတွေထဲမှာ အသိပေးထားပါတယ်။
Your browser doesn’t support HTML5
(Unicode)