ကရင်နီပြည်နယ် လွိုင်ကော်မြို့ မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ တိုက်ပွဲတွေကြား ထိခိုက်သေကျေမှုတွေကြောင့် ဒေသခံတွေလည်း နေရပ်စွန့်ခွာနေကြရတာပါ။ ကရင်နီဒေသ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး အလိမ္မာ တင်ပြထားပါတယ်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
“စစ်ကောင်စီဘက်က လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းတွေ ပြန့်ပြီးတော့ စစ်ကြောင်းတွေ ထိုးနေတာမျိုးတွေ ရှိတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပါတယ်ပေါ့နော်။ တိုက်ပွဲကတော့ ဒီ တောင်ငူ-လွိုင်ကော်လမ်း မြို့အဝင် မြို့အထွက်ဖြစ်တဲ့ ဒီ မိုင်းလုံရပ်ကွက်ဘက်ကနေ စတယ်ပေါ့နော်၊ မိုင်းလုံရပ်ကွက်ဘက် တောက်လျှောက် တိုက်ပွဲတွေ ဖြစ်ပါတယ်။ တိုက်ပွဲကတော့ ခါတိုင်းလိုပဲပေါ့နော်၊ မြို့ပေါ်ရပ်ကွက်မှာ ဖြစ်တယ်၊ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်တယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ သုံးတယ်။ လက်နက်ကြီးတွေ အဆမတန်သုံးတယ် အိမ်တွေ ထိခိုက်ပျက်စီးတယ်ပေါ့နော် အဲ့ဒီအခြေအနေမျိုးတွေက ရှိပါတယ်။”
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေနဲ့ နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုတွေ ရှိပေမဲ့ အသေးအစိတ် မသိရသေးဘူးလို့လည်း ပြောပါတယ်။ ဒီလဆန်းမှာတုန်းကတော့ လွိုင်ကော်မြို့ လူနေရပ်ကွက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးသူငယ်အပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောထားပါတယ်။ လွိုင်ကော်မြို့ကို ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လဆန်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေ ကြိုးပမ်းနေတာလို့လည်း ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မကြာသေးခင်ကစ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်လာဖို့ တိုက်တွန်းတာ၊ ဈေးဆိုင်တွေဖွင့်လှစ်၊ ယာဉ်လိုင်းတွေ ပြေးဆွဲခိုင်းတာမျိုးတွေ ရှိတယ်လို့လည်း ဆိုတယ်။ တိုင်းရင်းသားသတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်)ကလည်း ရန်ကုန်-လွိုင်ကော် ယာဉ်လိုင်းတွေလည်း ပြန်လည်ပြေးဆွဲမှုတွေ ရှိနေပြီး ဇူလိုင် ၁၆ ရက်နေ့က သတင်းဖော်ပြခဲ့ပါတယ်။ မျိုးဆက်သစ်ယာဉ်လိုင်းကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က စတင်ကာ ရန်ကုန်-တောင်ကြီး ပြေးဆွဲပြီး အဲ့ဒီကနေ တဆင့် တောင်ကြီး-လွိုင်ကော်ကို ပြေးဆွဲမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်က ထိန်းချုပ်လိုက်နိုင်တဲ့အချိန် ယာဉ်လိုင်းတွေ ပြေးဆွဲခိုင်းတာမျိုး လုပ်လာတာလို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုး က ပြောပါတယ်။
“စစ်ကောင်စီကတော့ ဒီဆီဆိုင်-လွိုင်ကော်လမ်းကို ထိန်းချုပ်လိုက်နိုင်တယ်ဖြစ်တဲ့အတွက် ဒီ ယာဉ်လိုင်းပြေးဆွဲမှုတွေကတော့ ရှိနိုင်တယ်ပေါ့နော်။ နောက်ပြီးတော့မှ စစ်ကောင်စီက အတင်းအဓမ္မ သူတို့ရဲ့ဝန်ထမ်းတွေကို ပြန်လည်နေထိုင်စေတာမျိုးတွေ အဓမ္မ သူတို့ကို ထောက်ခံတဲ့လူတွေကို ဆိုင်ဖွင့်ခိုင်းတာမျိုးတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ စစ်ကောင်စီနဲ့ နှီးနွယ်တဲ့လူတွေ နောက်ပြီးတော့ စစ်ကောင်စီအလိုကျလုပ်ပေးတဲ့ လူတွေကတော့ မြို့ကို ပြန်လည်ပြီးတော့မှ နေထိုင်လို့ရတဲ့ ပုံစံမျိုးပေါက်အောင် လုပ်တာမျိုးတွေတော့ ရှိနိုင်တယ်ပေါ့နော်။”
ဒါပေမဲ့လည်း စစ်ရေးတင်းမာမှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ကြရတဲ့ ဒေသခံတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။
“ဆက်သွယ်လို့မရဘူး မြို့ထဲက လူတွေနဲ့ ဆက်သွယ်လို့လည်း မရ၊ သွားလို့လည်း မရဘူး။ အခြေအနေတော့ မကောင်းဘူးလို့ ပြောတာပဲ၊ တိုက်ပွဲပြန်ဖြစ်တယ်ပေါ့။”
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစ တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာမှာ လွိုင်ကော်မြို့ခံအများအများအပြား အိုးအိမ်စွန့်ခွာပြီး ဘေးကင်းတဲ့ တခြားမြို့နယ်တွေဆီ ပြောင်းရွှေ့နေထိုင်ကြပြီး အများစုက ခုချိန်ထိ မပြန်နိုင်သေးပါဘူး။ ကရင်နီဒေသ စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံ အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းလို့ မရသလို စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
Your browser doesn’t support HTML5